Tuesday, November 1, 2011

အစ္စရေးက ပါလက်စတိုင်းနယ်မြေများမတရားရယူမှု စစ်ရာဇ၀တ်မြောက်


အစ္စရေးလ်က ပါလက်စတိုင်းများကို ဂျေရုစလင်အရှေ့မှရည်ရွယ်ချက်ရှိရှိဖြင့် တဖြည်းဖြည်းချင်းမောင်းထုတ်နေခြင်း မှာ စစ်ရာဇ၀တ်မှုမြောက်ကြောင်း အစိုးရမဟုတ်သော ထင်ရှားသောအစ္စရေးလ်အဖွဲ့အစည်းတစ်ခုမှပြောကြားလိုက်ပြီး ဂျေရုစလင်မြို့တော်ဝန်က ယင်းအဆိုကို ငြင်းဆိုခဲ့သည်။

အစ္စရေးလ်က ပါလက်စတိုင်းတို့၏ အိမ်ယာများကို ဖျက်ဆီးခြင်း၊ ဒေသခံများကိုရန်စခြင်း၊ လူများ၏ဘ၀များကို နိမ့် ပါးအောင်ပြုလုပ်ခြင်း စသည့်ပြုစုတွေ့ရှိထားသည့် အချက်များကို အစ္စရေးအဖွဲ့အစည်းတစ်ခုဖြစ်သော အိမ်ယာဖျက် ဆီးမှုဆန့်ကျင်ရေးကော်မီတီ (ICAHD) က ကုလသမဂ္ဂသို့တင်ပြကာ စုံစမ်းစစ်ဆေးရေးများပြုလုပ်ပေးရန်တောင်းဆို ထားသည်။

`တိုင်းရင်းသားတွေကို ရွှေ့ပြောင်းခိုင်းတာတွေအတွက် သက်သေအထောက်အထားတွေရှိပါတယ်။´ ဟု ၇၃ မျက်နှာပါ အစီရင်ခံစာရေးရာတွင် ပါဝင်ကူညီခဲ့သူ ရှေ့နေတစ်ဦးဖြစ်သူ မိုက်ကယ်ဆဖာ့က ဆိုသည်။
``အစ္စရေးက အစီအစဉ်တကျနဲ့ နိုင်ငံတကာဥပဒေကို အကြီးအကျယ်ချိုးဖေါက်နေတယ်။ ရည်ရွယ်ချက်က တော့ လူဦးရေ၀ါးမြိုဖို့ပါပဲ။ ´´

ဂျေရုစလင်မြို့တော်ဝန်နီရာဘာကက်၏ ပြောရေးဆိုခွင့်ရှိသူ စတက်ဖန်မီလာက အဆိုပါအစီရင်ခံစာကို လက်မခံနိုင် ကြောင်းဆိုသည်။ အစီရင်ခံစာသည် အချက်အလက်အမှားများပေါ်တွင် အခြေခံကာရေးသားထားခြင်းဖြစ်ကြောင်း၊ လုံးဝလိမ်စဉ်သာဖြစ်ပြီး ဂျေရုစလင်နှင့်ပတ်သက်၍ နိုင်ငံရေးအရ ရှုပ်ထွေးအောင်ကြံရွယ်ချက်ဖြင့် ရေးသားထားခြင်း ဖြစ်ပြီး ကုလသမဂ္ဂကလည်းဤ အချက်များကို သိရှိလိမ့်မည်ဖြစ်ကြောင်း ဆိုသည်။

၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်းစစ်ပွဲတွင် အစ္စရေးလ်က မြို့ဟောင်းအပါအ၀င် အရှေ့ဂျေရုစလင်ကို သိမ်းပိုက်ထား သည်။ ထို့နောက်တဖြည်းဖြည်းနှင့် တိုးချဲ့လာကာ အနောက်ဘက်ကမ်းပတ်ဝန်းကျင်တစ်ခွင်ကို ဂျေရုစလင်နယ်မြေ ထဲသို့သွတ်သွင်းခဲ့သည်။ ထို့နောက် တပေါင်းတစည်းတည်းဖြစ်ကြောင်းနှင့် အစ္စရေးလ်၏ ထာဝရမြို့တော်အဖြစ် ကြေငြာခဲ့သည်။
အပြည်ပြည်ဆိုင်ရာဥပဒေအရ ယင်းသို့နယ်ပယ်ချဲ့ထွင်မှုသည် တရားမ၀င်ဘဲ ကမ္ဘာ့အင်အားကြီးနိုင်ငံများကလည်း အသိအမှတ်မပြုခဲ့ပေ။ ထို့ပြင် ပါလက်စတိုင်းတို့က အရှေ့ဂျေရုစလင်ကို ၎င်းတို့၏အနာဂတ်မြို့တော်အဖြစ်ထားလို သည်။ မြို့တွင်းနေထိုင်သူ ၃၀၀,၀၀၀ ခန့် (၃၅%) မှာ ပါလက်စတိုင်းများဖြစ်ကြပြီး အစ္စရေးလ်တို့သိမ်းပိုက်လိုက်ပြီး နောက်ပိုင်း ပါလက်စတိုင်းလူဦးရေတိုးတက်လာခြင်းကို စံနစ်တကျဟန့်တားခဲ့ကြောင်း ICAHD ၏ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ ထို့ပြင် ပါလက်စတိုင်းတို့အတွက်မူ လူဦးရေတိုးပွားလာခြင်းနှင့် အညီအဆောက်အဦဆောက်လုပ် နေထိုင်ခွင့်မရှိကြောင်း ဖေါ်ပြထားသည်။
`သူတို့အတွက်တော့ အရှေ့ဂျေရုစလင်ကနေထွက်ခွါသွားဖို့က လွဲလို့ဘာမှလုပ်လို့မရပါဘူး။ ကျူးကျော်ရပ် ကွက်တွေမှာဆိုးဆိုးရွားရွားစုတ်စုတ်ပြတ်ပြတ်နေနိုင်ရင်နေဖို့ပဲရှိပါတယ်။´ ဟု အစီရင်ခံစာကိုရေးသားသူ အမ္မလီရှချေ ဖာက ရေးသားထားသည်။

ထွက်ခွါသွားသူများအနေနှင့်လည်း ၇ နှစ်ထက်ကျော်လွန်သွားပါက ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပင်မရှိတော့ချေ။ ထို့ကြောင့် ၁၉၆၇ နှင့် ၂၀၁၀ အတွင်းပြန်လည်ဝင်ရောက်ခွင့်ဆုံးရှုံးခဲ့ရသူပါလက်စတိုင်း ၁၅,၀၀၀ ခန့်ရှိကြောင်းဆို သည်။ ယင်းတို့အထဲမှ တစ်ဝက်ခန့်မှာ ၂၀၀၆ နောက်ပိုင်းမှပြန်လည်အခြေချနေထိုင်ခွင့်ရုပ်သိမ်းခံရခြင်းဖြစ်သည်။
နေထိုင်ခွင့်ရသူတစ်ဦးအနေနှင့် အစ္စရေးလ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အမျိုးသားအာမခံအကျိုးကျေးဇူးများ ခံစားခွင့်ရှိသည်။
၁၉၆၇ ခုနှစ်မှစ၍ အစ္စရေးလ်အစိုးရက ပါလက်စတိုင်းအိမ်ယာပေါင်း ၂,၀၀၀ ခန့်ကို အရှေ့ဂျေရုစလင်တွင် ဖျက်သိမ်း ပစ်ခဲ့သည်။ ၂၀၀၀ မှ ၂၀၁၁ အတွင်း အိမ်ခြေ ၇၇၁ လုံးဖျက်သိမ်းခဲ့သည်။ နောက်ထပ်အိမ်ခြေ၁,၅၀၀ ဖျက်ဆီးရန် လည်း ရှိသေးသည်။
`ပါလက်စတိုင်းတို့အနေနှင့် အကာအကွယ်မဲ့စွာဖြင့် အရှေ့ဂျေရုစလင်မှ မောင်းထုတ်ခံနေရတယ်။ သေနတ် တွေ ၊ ထရပ်ကားတွေကို အသုံးပြုပြီးခြိမ်းခြောက်မောင်းထုတ်နေတာ မဟုတ်ပေမယ့် သာမန်လူနေထိုင်မှုဘ၀မျိုး မရှိ တဲ့အတွက် ပြောင်းရွှေ့နေကြရတယ်။´ ဟု ရှေ့နေမိုက်ကယ်ဆဖာ့က ဆိုသည်။

အရှေ့ဂျေရုစလင်ကို နယ်မြေတိုးချဲ့နေခြင်းသည် ဥပဒေနှင့်မညီညွတ်သဖြင့် ယင်းဒေသတွင်နေထိုင်သော ပါလက် စတိုင်းများအနေနှင့် သိမ်းပိုက်ခံဘ၀တွင်ကျရောက်နေသည် ဟု ICAHD ကဆိုသည်။ အစ္စရေးလ်က အနေနှင့် အိမ်ယာဖျက်သိမ်းခြင်းများ၊ နေထိုင်ခွင့်ရုပ်သိမ်းခြင်းများ စသည့်လုပ်ပိုင်ခွင့်များမရှိချေ။
`စစ်ရာဇ၀တ်မှုတစ်ခုကျူးလွန်နေတယ်လို့ သံသယဖြစ်ဖွယ်အနေအထားရှိပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့သင့်ပါတယ်။´ ဟု ဆဖာ့က ဆက်လက်ပြောကြားသွားသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။