Friday, November 4, 2011

ဂါဇာသို့ အကူအညီပေးရေးသင်္ဘောနှစ်စီးသွားရန်ကြိုးပမ်း


ပါလက်စတိုင်းထောက်ခံသူ တက်ကြွလှုပ်ရှားသူများအားသယ်ဆောင်လာသည့် သင်္ဘောနှစ်စင်းကို မိမိတို့ ရေတပ်မှ တားဆီးသွားမည်ဖြစ်ကြောင်း အစ္စရေးလ်ကပြောကြားလိုက်သည်။ အစ္စရေးလ်က ပါလက်စတိုင်းဂါဇာကမ်းမြှောင် ဒေသကို လေးနှစ်ကြာပိတ်ဆို့ထားမှုအပေါ်ဆန့်ကျင်တုံ့ပြန်သည့် အနေနှင့် ဂါဇာသို့အကူအညီပေးရေးသင်္ဘောဖြင့် ၀င်ရောက်ရန်ကြိုးပမ်းသည့်လှုပ်ရှားမှုဖြစ်သည်။

အစ္စရေးလ်ရေတပ်က အဆိုပါသင်္ဘောနှစ်စီးနှင့်ဆက်သွယ်ရန်ပြင်ဆင်ထားပြီး ဂါဇာသို့ရောက်ရှိမလာရေးအတွက် တားဆီးရန်လိုအပ်သောပြင်ဆင်မှုများကိုပြင်ဆင်ထားပြီးဖြစ်ကြောင်း အစ္စရေးလ်စစ်ဘက်ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။

ကနေဒါသင်္ဘော တာရီရာနှင့် အိုင်ယာလန်သင်္ဘော အမ်ဗွီ ဆာအိုအီးရီး တို့သည် တူရကီနိုင်ငံဖက်သီယီဆိပ်ကမ်းမှ နေ၍ ဂရိကျွန်းရိုးဒက်စ်သို့ ခုတ်မောင်းရန် တူရကီအစိုးရက ခွင့်ပြုချက်ပေးလိုက်ပြီးနောက် ဗုဒ္ဓဟူးနေ့က ထွက်ခွါလာ ကြခြင်းဖြစ်သည်။

အမေရိကန်အစိုးရက ဂါဇာအပေါ်အစ္စရေးလ်က ပိတ်ဆို့ထားမှုကို ချိုးဖေါက်ဝင်ရောက်ရန်ကြိုးပမ်းမှုသည်အန္တရာယ် များသည့်လုပ်ရပ်ဖြစ်ပြီး အမေရိကန်နိုင်ငံသားများပါဝင်ခြင်းမပြုကြရန်သတိပေးစကား ကြာသပတေးနေ့က ပြောကြား လိုက်သည်။

ကြသပတေးနေ့မနက်ပိုင်းက သင်္ဘောတစ်စီးပေါ်တွင်လိုက်ပါသွားသော အယ်လ်ဂျာဇီယာသတင်းထောက် ကေစီ ကပ်ဖ်မန်က သတင်းပေးပို့ခဲ့ရာ နာရီ ၅၀ ကြာမျှခုတ်မောင်းရမည့်ခရီးစဉ်ဖြစ်ကြောင်း၊ လောလောဆယ် ခရီးစဉ်ငါးပုံ တစ်ပုံခန့်ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းပေးပို့ခဲ့သည်။

`သင်္ဘောပေါ်မှာပါတဲ့လူတွေအားလုံးက ဂါဇာကိုရောက်ချင်နေကြပါတယ်။´ ဟု သတင်းထောက်ကပြောသည်။ သင်္ဘောပေါ်တွင်လိုက်ပါလာသူများကလည်း အစ္စရေးလ်ရေတပ်မှ လာရောက်နှောက်ယှက်သောအခါ အသင့်ဖြစ်နေ စေရန်လိုအပ်သည်များကို ပြင်ဆင်ထားကြကြောင်းလည်းဆိုသည်။ ယခုကဲ့သို့ကြိုးပမ်းချဉ်းကပ်မှုသည် အချီးနှီးဖြစ် မသွားနိုင်ကြောင်း၊ ဂါဇာတွင်ဖြစ်ပျက်နေသော အချင်းအရာများနှင့် ပိတ်ဆို့ချုပ်နှောင်ထားမှုများအပေါ် ကမ္ဘာမှအာရုံ စိုက် လာနိုင်ကြောင်း ဆိုသည်။

သင်္ဘောများကို အစ္စရေးလ်စစ်တပ်က မည်သို့မည်ပုံတားဆီးမည်ဟု မပြောဆိုဘဲ `သင်္ဘောပေါ်မှာ အကြမ်းဖက်မယ့် ခရီးသည်တွေပါမပါ၊ ကျွန်တော်တို့ကြည့်ရမှာပါ။´ ဟုသာ အစ္စရေးလ်စစ်တပ် ဒုတိယဗိုလ်မှူးကြီး အဗီတယ် လီဗိုဗစ်ခ်ျ ကပြောသည်။ ဤခရီးစဉ်သည် အစ္စရေးလ်ကိုရန်စခြင်းဖြစ်သည်ဟု သူမကစွပ်စွဲပြောဆိုလိုက်ပြီး အကူအညီပေးရေး ပစ္စည်းများကို သင်္ဘောပေါ်မှချကာ အစ္စရေးလ်စစ်တပ်သို့အပ်နှံရမည်။ ထို့နောက် ယင်းပစ္စည်းများကို အစ္စရေးလ် စစ်တပ်မှ ဂါဇာသို့ပို့ဆောင်ပေးမည်ဟု ဆိုသည်။

တာရီရာသင်္ဘောပေါ်တွင် ကိုမိုရိုကျွန်းအလံကို လွှင့်တင်ထားပြီး မာလိန်မှူးတစ်ယောက်နှင့် စာနယ်ဇင်းသမား ၅ ယောက် ပါဝင်သည်။ ဆာအိုအီးရီး သင်္ဘောတွင် အမေရိကန်အလံလွှင့်တင်ထားပြီး အိုင်ယာလန်လူမျိုး ၁၂ ယောက်ပါဝင်သည်။ ယင်းတို့ထဲတွင် စာနယ်ဇင်းသမားမပါဝင်ပေ။

တာရီရာသင်္ဘေပေါ်တွင် လိုက်ပါလာသော ခရီးစဉ်ဖြစ်မြောက်ရေးဦးဆောင်ကော်မီတီဝင်တစ်ဦးဖြစ်သူ ဒေးဗစ်ဟိက အယ်လ်ဂျာဇီယာကိုပြောပြရာတွင် အစ္စရေးလ်နှင့် တူရကီတို့ဆက်ဆံရေးတင်းမာနေမှုကြောင့် တူရကီဆိပ်ကမ်းကို စတင်ထွက်ခွါရာအဖြစ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။
`တူရကီအစိုးရက အစ္စရေးလ်အစိုးရနဲ့ သံတမန်အဆက်အသွယ်ကိုတောင် ဖြတ်တောက်လိုက်ပြီးဖြစ်တဲ့ အတွက် ကျွန်တော်တို့ အခုလုပ်မယ့်အစီအစဉ်ကို တူရကီလူ့အဖွဲ့အစည်းက ၀ိုင်းဝန်းကူညီကြမယ်ဆိုတာ သိလို့ဖြစ်ပါတယ်။´ ဟု ဆိုသည်။
`ကျွန်တော်တို့အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး အများကြီးရုတ်ရုတ်သဲသဲဖြစ်အောင်မလုပ်ဘူးဆိုရင် တူရကီ အစိုးရက ကျွန်တော်တို့ကိုနှောက်ယှက်မှာမဟုတ်ဘူးလို့ တွေးထားတာပါ။´

ဂါဇာရှိ ပါလက်စတိုင်းရေပြင်သို့ရောက်ရန် နှစ်ရက်မျှအချိန်ယူရမည်ဖြစ်ပြီး ရောက်ရှိလျှင် အစ္စရေးလ်ရေတပ်မှ လာရောက်နှောက်ယှက်မည်ဟု မျှော်လင့်ထားကြသည်။
`အစ္စရေးလ်ရေပြင်ပိုင်နက်ကိုရှောင်ရှားပြီးတော့သွားကြမှာဖြစ်ပါတယ်။´ ဟု ဆိုသည်။

သင်္ဘောပေါ်ပါ တက်ကြွလှုပ်ရှားသူများက ဂါဇာကိုပိတ်ဆို့ထားမှုအားထိုးဖေါက်ဝင်ရောက်ရန်ကြိုးစားမှုသည် လွတ်မြောက်မှုလှိုင်း အမည်ရှိပါလက်စတိုင်းအရေးလှုပ်ရှားမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး နောက်ထပ်ဤသို့လှုပ်ရှား မှုအများအပြားဆက်လက်လုပ်ဆောင်ရန်ရှိသည်ဟု ပြောကြားခဲ့သည်။

သင်္ဘောနှစ်စီးသည် ယခုနှစ်ဇူလိုင်လအတွင်းက ဂရိဆိပ်ကမ်းတစ်ခုမှ ဂါဇာသို့ထွက်ခွါရန် ဂရိအစိုးရ၏ ခွင့်ပြုချက်ကို မရသောကြောင့် ထွက်ခွာခွင့်မရခဲ့သော သင်္ဘောအုပ်စုတွင်ပါဝင်ခဲ့သေးသည်။ ထိုစဉ်က တာရီရာသင်္ဘောပေါ်တွင် လှုပ်ရှားသူခရီးသည် ၃၀ ပါရှိပြီး ဂရိကမ်းခြေစောင့်တပ်၏ တားဆီးမှုကို ခံခဲ့ရသည်။
ခရိကျွန်းဆိပ် ကမ်းမှ ထွက်ခွါပြီး ၁၀ မိနစ်ခန့်အကြာမှာပင် တားဆီးခံခဲ့ရပြီး ထိုအထဲမှ တက်ကြွလှုပ်ရှားသူနှစ်ဦးမှာ ဂရိအစိုးရ၏ တားမြစ်မှုကို ဆန့်ကျင်ခဲ့သဖြင့်ဖမ်းဆီးခံခဲ့ရသည်။
အိုင်းယာလန်သင်္ဘောမှာလည်း ဂါဇာသို့သွားမည့် သင်္ဘောအုပ်နှင့်ချိတ်ဆက်ရန် တူရကီတွင်စောင့်ဆိုင်းနေစဉ်မှာပင် ဖျက်ဆီးခြင်းခံရပြီး ထိုစဉ်ကပင် သင်္ဘောကျင်းသို့ပို့ဆောင်ပြင်ဆင်ထားခဲ့ရသည့် သင်္ဘောဖြစ်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။