Sunday, November 6, 2011

ဘူတိုလုပ်ကြံမှု သံသယရှိသူများကိုပါကစ္စတန်ရုံးတင်


ဘန်နက်ဇီယာဘူတိုကို သတ်မှုဖြင့် ပါကစ္စတန်တရားရုံးက လူခုနှစ်ဦးကို တရားစွဲဆိုထားသည်။ ယင်းတို့ထဲတွင် ရဲအရာရှိဟောင်းနှစ်ဦး၊ တာလီဘန်ဟု ယူဆရသူ ငါးဦးပါဝင်သည်။
ဘင်နက်ဇီယာဘူတိုသည် ၀န်ကြီးချုပ်နှစ်ကြိမ်ဖြစ်ခဲ့ဖူးပြီး ၂၀၀၇ ခုနှစ်အတွင်းကအစ္စလာမ္မာဘတ်မြို့အနီး ရာဝယ်ပင်ဒီ မြို့၌ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး တရားဟောပွဲတစ်ခုကို ပန်းခြံတစ်ခုအတွင်းပြုလုပ်ပြီးအပြန်တွင် ပစ်ခတ် အသေခံလုပ်ကြံခံရမှုကြောင့် သေဆုံးသွားခဲ့ရသည်။
အကြမ်းဖက်မှုဆန့်ကျင်ရေးတရားရုံးမှ တရားသူကြီးက သံသယရှိသူများအား စွဲဆိုချက်ကိုဖတ်ကြားပြခဲ့ကြောင်း၊ သံသယရှိခံရသူများက ငြင်းဆိုခဲ့ကြောင်း ရှေ့နေတစ်ဦးဖြစ်သူ ချောင်ဒရီအက်ဇားက ပြောသည်။ တရားစီရင်စစ် ဆေးမှုများကို လုံခြုံရေးထူထပ်စွာချထားသော ရာဝယ်ပင်ဒီရှိ အကျဉ်းထောင်တစ်ခုတွင် ပြုလုပ်ခဲ့သည်။

စွဲချက်တင်ခံရသောရဲသားနှစ်ဦးမှာ ဘူတိုလုပ်ကြံခံရသည့်နေ့က လုံခြုံရေးတာဝန်ယူထားသည့် ရဲနှစ်ဦးဖြစ်ပြီး တာဝန် ၀တ္တရားပေါ့လျော့မှုဖြင့် စွဲချက်တင်ထားခြင်းဖြစ်သည်။ ကျန်သည့် ငါးဦးမှာ ဘူတိုကိုလုပ်ကြံရေးအတွက် ပူးပေါင်းပါဝင် ကြံစည်ခဲ့သည့် လူများဖြစ်သည်။

ဘူတိုအသတ်ခံရစဉ်က ၀န်ကြီးချုပ်အဖြစ်တာဝန်ယူနေသည့် ဗိုလ်ချုပ်ကြီးဟောင်း ပါဗက်ဇ်မူရှာရက်ဖ်ကိုမူ စွဲချက်တစ် စုံတစ်ရာတင်ထားခြင်းမရှိပေ။ ယခုနှစ်အစောပိုင်းက မူရှာရက်ဖ်အား တရားရုံးမှဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် ရဲက အလိုရှိနေခဲ့သော်လည်း ဖမ်းဆီးချုပ်နှောင်ထားခဲ့ခြင်းမရှိခဲ့ပေ။ ဘူတိုလုပ်ကြံခံရမှုတွင် လုံခြုံရေးအပြည့်အ၀မပေးခဲ့ သည့်အတွက် သူ့ကိုစွဲဆိုပြီး ၀ရမ်းထုတ်ခဲ့သော်လည်း တရားရုံးတော်တွင် လာရောက်ရင်ဆိုင်ခြင်းမရှိခဲ့သည့်အတွက် သူ၏ပိုင်ဆိုင်မှုများကို သြဂုတ်လအတွင်းက တရားရုံးအမိန့်ဖြင့် ချိပ်ပိတ်ခဲ့သည်။

`ဒီလူတွေကိုတရားရုံးမှာစွဲချက်တင်ခဲ့တဲ့အတွက် ရုံးတော်ကိုရောက်လာတင်ပြခဲ့တဲ့ စုံစမ်းစစ်ဆေးမှုတွေ အပေါ်မှာသာ အခြေခံပြီး အမှုကိုတည်ဆောက်ခဲ့တယ် ဆိုတဲ့ အချက်ကို ကျွန်တော်တို့နားလည်ခဲ့ရပါတယ်။ ဒီလို အမှုအပေါ်စုံစမ်း စစ်ဆေးမှုတွေကိုကြည့်မယ်ဆိုရင် နိုင်ငံရေးရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်ခဲ့တယ်ဆိုတာ တွေ့ရပါတယ်။ ဘယ်သူတွေကလုပ်တာလဲဆိုတော့ ဒီမှာခြေချင်းလိမ်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အစိုးရကလုပ်တာပါ။ ဒါကြောင့် အခြေခံကျတဲ့စုံစမ်းစစ်ဆေးမှုတွေနဲ့ တကယ်အပြစ်ရှိတဲ့လူတွေကို ဖေါ်ထုတ်နိုင် ရေးက အလှမ်းဝေးနေမှာပါ။´ ဟု ပါကစ္စတန် နိုင်ငံရေးလေ့လာဝေဖန်သူ နာဒင်းမ်အစ်ခ်ဘယ်က အစ္စလာမ္မာဘတ်မှ နေ၍ အယ်လ်ဂျာဇီယာသို့ပြောပြခဲ့သည်။
`အခုတော့ အဲဒီရဲသားနှစ်ယောက်ကိုပဲစွပ်စွဲပြီး ကြားထဲမှာ တရားခံရှာပြီး ရုံးတင်လိုက်တယ်။ သူတို့ကို အမိန့်ပေးစေခိုင်းခဲ့ တဲ့ နောက်ကလက်ကြီးဖြစ်တဲ့ အရာရှိကြီးတွေကျတော့ ဘာမှအပြစ်မရှိတော့ဘူးလား။´
`နိုင်ငံရေးအရသာရာစီးပြီး ကိစ္စတိုင်းမှာ အကြီးအကျယ်ခြစားပျက်စီးနေတဲ့နိုင်ငံတစ်နိုင်ငံကနေပြီးတော့ ခင်ဗျားတို့အနေနဲ့ လွတ်လပ်တဲ့၊ တရားမျှတတဲ့ စုံစမ်းစစ်ဆေးမှုတွေကို မျှော်လင့်လို့မရပါဘူး။ လူထုအများစုက လည်း ဒီလိုစုံစမ်းစစ်ဆေးမှုတွေကို မကျေနပ်ကြပါဘူး။ လက်ရှိအာဏာရ ပါကစ္စတန်ပြည်သူ့ပါတီကိုယ်တိုင်၊ နောက် လူဟောင်းကြီးတွေကိုယ်တိုင်၊ နိုင်ငံရေးနယ်ပယ်မှာလှုပ်ရှားနေကြတဲ့လူတွေကိုယ်တိုင်တောင် ဒီစုံစမ်းစစ်ဆေးမှုတွေ ကို မနှစ်မြို့ကြပါဘူး။´

`မူရှာရက်ဖ်ကို ရုံးတော်ကိုတင်နိုင်မှဖြစ်မှာဗျာ။ အဓိကတရားခံဖြစ်တဲ့ မူရှာရက်ဖ်ကို ရုံးမတင်နိုင်မချင်း ပြဿနာတွေက ပြီးဆုံးသွားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ တရားမျှတမှုကိုလိုချင်တယ်ဆိုရင် မူရှာရက်ဟာ တစ်ချိန်က စစ်တပ်အကြီးအကဲဖြစ်ခဲ့တယ်၊ ဘာဖြစ်ခဲ့တယ်၊ ညာဖြစ်ခဲ့တယ်ဆိုတဲ့ အရှိန်အ၀ါတွေကိုမေ့ပစ်လိုက်ပြီး ရုံးတော်ပေါ်ကိုသာ စွဲတင်လိုက်ပါ။´ ဟု ၎င်းပုဂ္ဂိုလ်က ပြောကြားသွားသည်။

ဘူတိုအသတ်ခံရပြီးနောက် သူမ၏ပါကစ္စတန်ပြည်သူ့ပါတီက ၂၀၀၈ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး သူမ၏ ခင်ပွန်းဖြစ်သူ အာဆစ်အလီ ဇာဒါရီ သမ္မတဖြစ်လာခဲ့သည်။

တရားရုံးတွင်စွဲချက်တင်ထားဆဲဖြစ်ပြီး ယခုအချိန်အထိ တစ်စုံတစ်ယောက်ကိုမျှ ပြစ်မှုထင်ရှား ပြစ်ဒဏ်ချမှတ်ခြင်း မရှိသေးပေ။
ဘူတိုသည် ၁၉၈၈ တွင် ၀န်ကြီးချုပ်ဖြစ်လာခဲ့ပြီး မွတ်စလင်ကမ္ဘာတွင် ပထမဦးဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်ခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။