Monday, November 7, 2011

ဘဂ္ဂဒက်မြို့ဈေးအတွင်း ဗုံးပေါက်ကွဲ မီးလောင်မှုဖြစ်ပွား



အီရတ်မြို့တော် ဘဂ္ဂဒတ်တွင် အစ္စလာမ်ဘာသာရေး အစ် အယ်လ်-အက်ဒဟာပွဲတော်အတွက် ဈေးရောင်း၊ ဈေးဝယ်သူများဖြင့်စည်ကားနေသော ဈေးတစ်ခုအတွင်း ဗုံးသုံးလုံးပေါက်ကွဲခဲ့ရာ အနည်းဆုံး လူရှစ်ဦးသေဆုံးသည့် ဖြစ်ရပ်ဖြစ်ပွားခဲ့သည်။
ဘဂ္ဂဒက်မြို့လည် စီးပွားရေးဇုံဖြစ်သော ရှာဂျာတွင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အီရတ်ရဲကပြောကြားခဲ့သည်။ ယင်းနေရာတွင် ဆိုင်ခန်းများ၊ လမ်းဘေးဈေးသည်များ နှင့် အ၀တ်အထည်များ၊ လျှပ်စစ်ပစ္စည်းများ၊ အစားအစာများ နှင့် အခြားကုန်စည်များကို ရောင်းဝယ်ဖေါက်ကားကြသည်။
`မီးတွေထလောင်ပြီးတော့ မီးခိုးလုံးကြီးတွေ တက်လာပါတယ်။ နောက်တော့ မီးသတ်ကားတွေ၊ ဆေးရုံကား တွေ၊ ရဲတွေ ဈေးအတွင်းအပြေးအလွှားရောက်လာကြပါတယ်။´ ဟု မျက်မြင်သက်သေတစ်ဦးက ရိုက်တာသတင်း ဌာနသို့ပြောကြားခဲ့သည်။
`မီးလောင်မှုကတော့ ရှို့မီးပဲဖြစ်ပါတယ်။ ရှို့တဲ့သူတွေက ဓါတ်ဆီလောင်းပြီးဈေးကို မီးတင်ရှို့ခဲ့တာပါ။´ ဟု ဘဂ္ဂဒက်လုံခြုံရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ကာဆင်အယ်လ်-မောက်ဆာဝီက ပြောသည်။

အမေရိကန်စစ်တပ်များ ယခုနှစ်အကုန်တွင် အီရတ်မှ ဆုတ်ခွာသွားပြီးအီရတ်မှ ပြန်လည်ရုပ်သိမ်းရန် စီစဉ်ထားပြီး အီရတ်စစ်တပ်မှ လုံခြုံရေးကိုတာဝန်ဆက်လက်ယူထား ခြင်းဖြစ်သည်။

နောက်ဆုံးလက်ကျန် အမေရိကန်တပ်သားအင်အား ၃၃,၀၀၀ ကို ပြန်လည်ရုတ်သိမ်းရန်ပြင်ဆင်နေချိန်တွင် လက်နက်ကိုင် အဖွဲ့များကလည်း အကြမ်းဖက်လုပ်ရပ်များအားအရှိန်မြှင့်လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း အီရတ် စစ်တပ်မှ စိုးရိမ်ပူပန်မှုများရှိနေသည်။

၂၀၀၆-၂၀၀၇ ခုနှစ်အတွင်းက နေ့စဉ်နီးပါးဗုံးခွဲ သတ်ဖြတ်မှုများဖြစ်ပွားခဲ့ပြီး ယခုအခါလျော့ကျသွားပြီဖြစ်သော်လည်း အယ်လ်ကေဒါနှင့် အဆက်အသွယ်ရှိသော ဆွန်နီလက်နက်ကိုင်များနှင့် ရှီးအိုက်လက်နက်ကိုင်အုပ်စုများကလည်း အကြမ်းဖက်သတ်ဖြတ်မှုများလုပ်ဆောင်နိုင်စွမ်းရှိနေဆဲပင်ဖြစ်သည်။

အီရတ်တွင် အသေခံဗုံးခွဲမှုများ၊ လမ်းဘေးဗုံးများဖေါက်ခွဲပြီး အကြမ်းဖက်သတ်ဖြတ်မှုများဆက်တိုက်ဖြစ်ပွားခဲ့ပြီး သေဆုံးသူအရပ်သားဦးရေမှာ အောက်တိုဘာလအတွင်းက အလွန်မြင့်မားခဲ့သည်။ အီရတ်စစ်တပ်နှင့် ရဲတပ်ဖွဲ့များ အပေါ်တိုက်ခိုက်မှုများလည်း တိုးပွားလာခဲ့သည်။ အောက်တိုဘာလအတွင်းသေဆုံးသူဦးရေမှာ ယခုနှစ်အတွင်း အမြင့်မားဆုံးနှုန်းဖြစ်သည်။

၂၀၀၈ ခုနှစ်သဘောတူညီချက်အရ ယခုနှစ်အကုန်တွင် အီရတ်မှ အမေရိကန်စစ်သားများကိုပြန်လည်ရုပ်သိမ်းသွား တော့မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက အောက်တိုဘာ ၂၁ ရက်နေ့က ပြောကြားလိုက်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။