Tuesday, November 8, 2011

ဥက္ကာခဲကြီးတစ်ခဲ ကမ္ဘာနှင့် အနီးဆုံးမှ ဖြတ်သန်းမည်


အလွန်ကြီးမားသော ဥက္ကာခဲကြီးတစ်ခဲ ကမ္ဘာ့အနီးသို့ လထက်ပို၍နီးကပ်စွာဖြတ်သန်းသွားမည်ဖြစ်ပြီး သိပ္ပံပညာရှင် များအတွက် သွားရောက်လေ့လာယူရန်အချိန်နှင့် ငွေကြေးမကုန်ကျဘဲ နီးနီးနားနား လေ့လာနိုင်ရန် အခွင့်အခါ ကောင်းလည်းဖြစ်သည်။
ယင်းဥက္ကာခဲကို ၂၀၀၅ ၀ိုင်ယူ ၅၅ ဟုအမည်ပေးထားပြီး အင်္ဂနေ့တွင် ဂရင်းဝစ်စံတော်ချိန် ၂၃း၂၈ နာရီတွင် ကမ္ဘာမှ ၃၂၃,၄၆၉ ကီလိုမီတာအကွာမှ ဖြတ်သန်းသွားမည်ဖြစ်သည်။
`၁၉၇၆ ခုနှစ်ကနေစပြီးတော့ အခုအကြိမ်မှာအထမဦးဆုံးအဖြစ် ဒီလောက်ကြီးမားတဲ့ ဥက္ကာခဲကြီး ကမ္ဘာနဲ့ အနီးကပ်ဆုံးနေရာကနေဖြတ်သန်းတာ ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။ ဒီလိုဥက္ကာခဲကြီးမျိုးကို ကမ္ဘာနဲ့ ဒီလိုအနီး အနားကနေဖြတ်သွားတုန်း လေ့လာခွင့်ရတာ အင်မတန်ရှားပါးပြီး အဖိုးတန်တဲ့ အဖြစ်မျိုးဖြစ်ပါတယ်။´ ဟု အမေရိကန်ပြည်ထောင်စု အမျိုးသားသိပ္ပံဖေါင်ဒေးရှင်းမှ အစီအစဉ်ဒါရိုက်တာနှင့် နက္ခတဗေဒပညာရှင် တစ်ဦးဖြစ်သူ စကော့ဖစ်ရှာက သတင်းထောက်များနှင့် အင်တာနက်ချက်တင်မှ တစ်ဆင့်ပြောကြားခဲ့သည်။

ဥက္ကာခဲ၏ ပမာဏမှာ ၄၀၀ မီတာအချင်းရှိကြောင်း ကာလီဖိုးနီးယား၊ ပါဆာဒီနာရှိ နာဆာဂျက်အင်ဂျင်တွန်းအား လေ့လာရေးဓါတ်ခွဲခန်း အကြီးတန်းသုတေသီတစ်ဦးဖြစ်သူ ဒွန်ယိုမင်းက ပြောသည်။

`ဒီဥက္ကာခဲက လနဲ့ ဒါမှမဟုတ် ကမ္ဘာနဲ့ဝင်တိုက်ဖို့ အလားအလာမရှိပါဘူး။´ ဟု သူကပြောသည်။

ဥက္ကာခဲကို ကမ္ဘာ့မြောက်ခြမ်းမှ တွေ့မြင်ရမည်ဖြစ်ပြီး အပျော်တမ်းနှင့် ပညာရှင်အဆင့်နက္ခတာရာသမားများစွာက လေ့လာနိုင်ရန် အားခဲထားကြသည်။ သာမန်မျက်စိနှင့်တွေ့ကြည့်လျှင် အလွန်မှုန်ဝါးဝါးသာတွေ့မြင်ရမည်ဖြစ်ပြီး အလွန်လျှင်မြန်သော အရှိန်ဖြင့်ဖြတ်သန်းသွားမည်ဖြစ်သောကြောင့်ဟပ်ဘယ်လ်မှန်ပြောင်းနှင့် ကြည့်ရှုနိုင်ရန်လည်း မဖြစ်နိုင်ပေ။
`အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းခြေကနေ ညနေစောစောပိုင်းမှာသွားကြည့်ရင် အကောင်းဆုံး ပါပဲ။´ ဟု ယိုမင်းကဆို၏။
`အနီးကပ်ဆုံးအနေအထားကိုရောက်လာတာတောင် ခပ်မှိန်မှိန်လေးပဲတွေ့ရမှာပါ။ အသင့်အတင့်အားကောင်း တဲ့မှန်ပြောင်းနဲ့ ကြည့်ရင်တော့ မြင်ရနိုင်တယ်။´

ဝိုင်ယူ ၅၅ ဥက္ကာခဲသည် လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက ကမ္ဘာသို့ တစ်ကြိမ်ရောက်ဖူးခဲ့ကြောင်း သို့သော် ကမ္ဘာနှင့် အပြန်အလှန်ဆွဲငင်ကြရင်း လမ်းကြောင်းပြောင်းသွားကြောင်း၊ ယခုလက်ရှိပတ်လမ်းအတွင်း အချိန်မည်မျှ ကြာအောင်ပတ်ခဲ့ပြီးပြီဆိုသည့်အချက်ကိုမူ မသိသေးကြောင်း သိပ္ပံပညာရှင်များက ဆိုသည်။
`လွန်ခဲ့တဲ့ နှစ်ပေါင်း ၄.၅ ဘီလီယံလောက်ကတည်းက ကမ္ဘာ့သက်တမ်းတစ်လျှောက်ဒီလိုအဖြစ်မျိုးတွေ အများကြီးဖြစ်ပျက်ခဲ့ဖူးပါပြီ။ ´ ဟု ဖစ်ရှာကပြောသည်။

ကွန်ပြူတာနှင့် တွက်ချက်ပြီး လမ်းကြောင်းဖေါ်ကြည့်ရာတွင် ဥက္ကာခဲပျံသန်းမည့်နောက်ထပ်နှစ်တစ်ရာ လမ်းကြောင်း တွင် ကမ္ဘာနှင့် တိုက်ခိုက်မိနိုင်ချေမရှိကြောင်း ယိုမင်းက ပြောသည်။

`သူ့သွားမယ့် လမ်းကြောင်းရဲ့ နောက်ထပ်နှစ်တစ်ရာအထိ ကျွန်တော်တို့တွက်ချက်ထားပြီးပါပြီ။ အဲဒီမှာ လ နဲ့ ဒါမှမဟုတ်ကမ္ဘာနဲ့ ခတ်မယ့်အနေအထားမျိုးမရှိပါဘူး။´ ဟု သူကပြောသည်။

ယခင်က လေ့လာထားမှုများအရ ၀ိုင်ယူ ၅၅ ဥက္ကာခဲသည် ကျောက်မီးသွေးထက်ပို၍မည်းနက်ပြီး ကာဗွန်အခြေခံ ပစ္စည်းများနှင့် ဆီလီကိတ်ကျောက်တုံးဖြင့် ဖွဲ့စည်းထားသော စီ-အမျိုးအစားဥက္ကာခဲတစ်ခဲဖြစ်ကြောင်းသိရသည်။

ကမ္ဘာမြေအနီးမှ ဖြတ်သန်းသွားချိန်တွင်လေ့လာတွေ့ရှိရမည့်အချက်များနှင့် ရေဒါမှရရှိသော အချက်များကိုအခြေခံ၍ နောက်ထပ်တွေ့ရှိချက်များမှတစ်ဆင့် သူ၏ဖွဲ့စည်းမှုကို အသေးစိတ်သိရှိရမည်ဖြစ်သည်။

`ကျွန်တော်တို့အနေနဲ့ ၁၅ ပေလောက်အရွယ်အစားအထိမြင်ရလိမ့်မယ်လို့ရေးထားတာ ဖတ်ရပါတယ်။´ ဟု ဖစ်ရှာက ဆိုသည်။

၂၀၂၀ တွင် အခြားဥက္ကာခဲတစ်ခဲပေါ်သို့ သွားရောက်ကာ မြေသားနမူနာယူမည့် အစီအစဉ်တစ်ခုကို နာဆာက ပြင်ဆင်လျက်ရှိသည်။ ယင်းဥက္ကာခဲ၏အမည်မှာ ၁၉၉၉ အာရ်ကျူ ၃၆ ဖြစ်၏။

Source: Reuters

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။