Wednesday, November 16, 2011

ဝေါလ်စထရိတွင် နယူးယောက်ရဲများရှင်းလင်း


အမေရိကန်နိုင်ငံတစ်ဝှမ်း “Occupy” လှုပ်ရှားမှုများစတင်ပေါ်ပေါက်လာစေခဲ့သည့် နယူးယောက်မြို့ အရင်းရှင်စီးပွား ရေး ရပ်ကွက် ဝေါလ်စထရိ လှုပ်ရှားမှုဖြင့် စတင်ခဲ့သော ဆန္ဒပြသူများကို နယူးယောက်မြို့ရဲများက သပိတ်စခန်းဖွင့် လှစ်ထားရာ နယူးယောက်ရင်ပြင်မှ လူစုကွဲသွားအောင် ဆောင်ရွက်နေသည်။

အင်္ဂါနေ့မနက်ပိုင်းက ဇပ်ကိုတီပန်းခြံပိုင်ရှင် ဘရွတ်ဖီးလ်ကုမ္ပဏီမှ ထုတ်ဝေသော ပန်းခြံအတွင်းမှ ဖယ်ရှားပေးရန် သတိပေးစာများကို ဥပဒေစိုးမိုးရေးတာဝန်ရှိသူများကလိုက်လံဝေငှလျက်ရှိသည်။ ပန်းခြံတွင်းညစ်ပတ်ပေရေလျက်ရှိ ပြီး လူစုလူဝေးဖြင့် အန္တရာယ်ဖြစ်နိုင်သောနေရာတစ်ခုဖြစ်ကြောင်း တာဝန်ရှိသူများက ပြောဆိုလျက်ရှိသည်။

ပန်းခြံပြန်လည်ဖွင့်လှစ်ချိန်တွင် ပြန်လာနိုင်ကြကြောင်း၊ သို့သော် ညအိပ်သောပစ္စည်းများ၊ ထောင်ချောက်များ၊ တဲများ ယူဆောင်လာခြင်းမပြုကြရန် ဆန္ဒပြသူများကို ပြောသည်။

ပန်းခြံကို နံနက် ၄း၃၀ ခန့်တွင်စတင်သန့်ရှင်းရေစတင်ပြုလုပ်မည်ဖြစ်ပြီး မိမိတို့ဘာသာသံကြိုးများဖြင့် အတွဲလိုက်ချည် ထားသော အုပ်စုတစ်စုအပါအဝင် လူအယောက် ၇၀ ခန့်ကိုဖမ်းဆီးထားကြောင်း နယူးယောက်ရဲဌာန ပြောရေးဆိုခွင့် ရှိသူ ပေါလ်ဘရောင်းက ပြောသည်။ အသက်ရှူမွန်းကြပ်မှုခံစားနေရသည့် လူတစ်ယောက်ကို ဆေးရုံသို့ခေါ်ဆောင် သွားရကြောင်းလည်း သိရသည်။
လမ်းများပေါ်တွင် လက်နက်ကိရိယာအပြည့်အစုံနှင့် အဓိကရုဏ်းနှိမ်နင်းရေးရဲများရောက်ရှိနေရာယူထားပြီး ကားမီး များထွန်းထားခြင်း၊ အရေးပေါ်ဥသြဆွဲသံများဖွင့်ထားခြင်းများဖြင့် ဆူညံရှုပ်ခတ်နေသည်။

အချို့သောဆန္ဒပြသူများက ပန်းခြံတွင်းမှ ထွက်ခွါရန်ငြင်းဆန်နေကြပြီး အများစုက ငြိမ်းချမ်းစွာပြန်လည်ထွက်ခွါနေ ကြသည်။ ဖမ်းဆီးခြင်းခံထားရသူ အသက် ၂၉ နှစ်ရှိ ဘင်ဟာမင်လ်တန်က “ကျွန်တော် ထွက်သွားဖို့လုပ်နေတုန်းပဲ အဖမ်းခံလိုက်ရတာ” ဟု ဆိုသည်။
ပန်းခြံတွင်းမှ ဆန္ဒပြသူများကိုဖယ်ရှားရန် ရဲအင်အားအဆမတန်ချထားကြောင်း အယ်ဂျာဇီယာသတင်းထောက် ကာ့သ်တာနာက နယူးယောက်မြို့မှသတင်းပေးပို့ခဲ့သည်။
“နယူးယောက်ရဲဌာနကရဲတွေ မနက် ၁း၁၅ လောက်မှာဒီကိုရောက်လာပြီးတော့ ပန်းခြံကိုဝိုင်းထားလိုက် တယ်။ ရဲအရေအတွက် ဆယ်ဂဏန်းကနေ၊ ရာဂဏန်းအထိရှိနိုင်ပါတယ်။ ဆန္ဒပြသူတွေကို တဲထဲကနေလိုက်ပြီး မောင်းထုတ်နေကြတယ်။ တဲထဲကနေဆွဲထုတ်ပြီး ပန်းခြံထဲကနေမောင်းထုတ်နေတယ်။”

“ဇပ်ကိုတီပန်းခြံနားက လမ်းတွေပေါ်မှာလည်း ရဲတွေရှင်းလင်းရေးလုပ်နေတယ်” ဟု ဆန္ဒပြသူတစ်ဦးဖြစ်သော ရာဘီချိုင်းမ်ဂရူဘာက ဆိုသည်။
“ရဲတွေကလူတံတိုင်းလုပ်လိုက်ပြီး အားလုံးကိုမောင်းထုတ်နေတယ်။”

နောက်တစ်ယောက်ဖြစ်သော ဂျိတ်ရိုဇက်က “ရဲတွေက ငရုတ်ကောင်းဖြန်းဆေးတွေ ထုတ်ပြီးသုံးဖို့ အဆင်သင့်ပြင် ထားပြီးပြီ။” ဟု ဆိုသည်။

ဆန္ဒပြသူများက ပန်းခြံသို့ပြန်လာရန်ပြောပြီး အင်္ဂါနေ့တွင် နယူးယောက်မြို့တွင်းသို့ချီတက်ကြရန် လှုံ့ဆော်ထား ကြသည်။
ကာလီဖိုးနီးယားပြည်နယ် ဥက္ကလံဆန္ဒပြပွဲသပိတ်စခန်းရှိ ဆန္ဒပြသူများကို မောင်းထုတ်ခြင်း၊ တဲများကိုဖယ်ရှားခြင်း၊ ဆန္ဒပြသူအယောက် ၂၀ ခန့်ကိုဖမ်းဆီးခြင်းများပြုလုပ်ပြီးနောက် တစ်နေ့တွင် ဇပ်ကိုတီပန်းခြံအတွင်းရှိ သပိတ်စခန်းကို ရဲများက လာရောက်ဖယ်ရှားခြင်းဖြစ်သည်။ အလားတူ အော်ရီဂွန်ပြည်နယ်၊ ပေါ့လန်းသပိတ်စခန်း တွင်လည်း တနင်္ဂနွေနေ့က ရဲများနှင့် ဆန္ဒပြသူများ ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပွားခဲ့သည်။
သို့သော် မြို့တိုင်းတွင် ရဲများဝင်ရောက်စီးနင်းပြီးနောက်နေ့တွင် ဆန္ဒပြသူများပြန်လည်ရောက်ရှိခဲ့ကြသည်။

ပန်းခြံအတွင်းရှိဆန္ဒပြသူများကို ဖယ်ရှားခိုင်းရာတွင် ကျန်းမာရေးနှင့် မညီညွတ်သောအခြေအနေများ၊ မီးဘေးအန္တရာယ်စိုးရိမ်ရသော အခြေအနေများ နှင့် ပတ်ဝန်းကျင်ကိုအနှောင့်အယှက်ဖြစ်စေသော အခြေအနေ များကြောင့် ဖြစ်သည်ဟူသော အကြောင်းပြချက်များဖြင့် ရဲများက ကြိုတင်အကြောင်းကြားသတိပေးခဲ့သည်။
ပန်းခြံအတွင်း ယာယီတဲများ၊ အိပ်ယာများ နှင့် အခြားလူသုံးပစ္စည်းများယူဆောင်ခွင့်မရှိကြောင်း ဆိုသည်။

လွတ်လပ်စွာစည်းရုံးခွင့်၊ ဟောပြောခွင့်များထက် ကျန်းမာရေးနှင့် လုံခြုံရေးက အဓိကကျကြောင်း နယူးယောက် မြို့တော်ဝန်မိုက်ကယ်ဘလွန်းဘတ်က ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
“နယူးယောက်မြို့တော်ရဲ့ရည်မှန်းချက် နှစ်ခုရှိပါတယ်။ မြို့တော်ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် တာဝန်ယူ ရမှာဖြစ်ပြီးတော့ လွတ်လပ်စွာစုရုံးခွင့်၊ ဟောပြောခွင့်တွေအတွက်လည်း အာမခံချက်ရှိရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ခု ထိပ်တိုက်တွေ့လာတဲ့ အခါကျတော့ မြို့တော်သူ၊ မြို့တော်သားတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးကိစ္စကို ဦးစားပေးရမှာဖြစ်ပါတယ်။” ဟု ဘလွန်းဘတ်၏ ကြေငြာချက်တွင်ဖေါ်ပြထားသည်။
ထို့ပြင် ဆန္ဒပြသူများသည် ပန်းခြံကို သိမ်းပိုက်ထားသည်မှာ နှစ်လရှိသွားပြီဖြစ်ကြောင်း ဆိုသည်။

သို့သော် ဆန္ဒပြသူများနှင့် မျက်မြင်သက်သေများ၏ အဆိုအရ တာဝန်ရှိသူများက ကျန်းမာရေးအကြောင်းပြချက်ဖြင့် သန့်ရှင်းရေးလုပ်ရန်အတွက်ဟုဆိုကာ ပန်းခြံအတွင်းမှ ဖယ်ရှားပေးကြရန် ပြောနေသော်လည်း ရဲများက သပိတ် စခန်းပိတ်ပစ်ရေးအတွက် အာရုံစိုက်လုပ် ဆောင်နေသည်မှာ သိသာလွန်းကြောင်း ဆိုသည်။
“ ပြောတာတော့ ပန်းခြံကို သန့်ရှင်းရေးလုပ်ဖို့အတွက်လို့ပြောပြီး ဟန်ဆောင်ပန်ဆောင်တောင် မနေနိုင်ကြဘူး။ သပိတ်စခန်းပိတ်ပစ်ဖို့အတွက်ကိုပဲ အသဲအသန်လုံးပန်းနေကြတယ်။” ဟု အယ်ဂျာဇီယာ သတင်းထောက်က ပြောသည်။
“သူတို့အသုံးပြုသွားတဲ့ နည်းလမ်းက အင်မတန်ကောင်းမွန်တဲ့နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းကိုသုံးပြီး ဘယ်သပိတ်စခန်းကိုမဆို ဖြိုခွင်းပစ်နိုင်ပါတယ်။ ကျွန်တော်ထင်တာကတော့ ဒီလိုအကြောင်းပြချက်နဲ့ အားလုံးကို ရှင်းလင်းပစ်လိုက်လိမ့်မယ်လို့ ထင်ပါတယ်။ ဘာမှချန်ထားမှာ မဟုတ်ပါဘူး။” ဟု သတင်းထောက်ကပြောသည်။

ဘရွတ်ကလင်းနေ အသက်၂၁ နှစ်ရှိ အဲလက်ဟောလ်က ရဲများသည် ပန်းခြံအတွင်းဝင်ရောက်လာကြပြီး တဲများကို နင်းခြေဖျက်ဆီးပစ်ကြကြောင်းဆိုသည်။

ပန်းခြံအတွင်းရှိ ဆန္ဒပြသူလူအုပ်ကြောင့် အနီးပတ်ဝန်းကျင်နှင့် အသေးစားစီးပွားရေးလုပ်ငန်းများထိခိုက်ကြောင်း လွန်ခဲ့သောရက်သတ္တပတ်အနည်းငယ်က ဒေသခံများနှင့် ကုန်သည်များက မြို့တော်ဝန်ထံတွင် တိုင်ကြားခဲ့သည်။
ဇပ်ကိုတီပန်းခြံအတွင်း ဆန္ဒပြမှုသည် စက်တင်ဘာ ၁၇ ရက်နေ့ကစတင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းများတွင် အရင်းရှင် များက လက်ဝါးကြီးအုပ်ထားပြီး ဘဏ္ဍာရေးအကြပ်အတည်းများတွေ့ကြုံရခြင်းမှာလည်း အရင်းရှင်များ၏ လောဘ ကြောင့် ဖြစ်ရသည်ဟူသော မကျေနပ်ချက်များဖြင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး အလားတူဆန္ဒပြမှုများ နိုင်ငံအဝှမ်း အမြို့ မြို့၊ အနယ်နယ်သို့ပျံ့နှံ့သွားခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။