Friday, November 18, 2011

အိုဘားမား၏ သြစတေးလျခရီးစဉ်အပေါ် တရုတ် အမျက်ရှ

အိုဘားမားသြစတေးလျတွင် လွမ်းသူ့ပန်းခွေချစဉ်

အမေရိကန်၏ အာရှနှင့်ပတ်သက်သော မူဝါဒများအထင်အရှားပြောင်းလဲလာမှုကို သမ္မတအိုဘားမားက ထုတ်ဖေါ်ပြ သလိုက်သဖြင့် တရုတ်က ဒေါသတကြီးတုံ့ပြန်လိုက်သည်။
အမေရိကန်သမ္မတက ၎င်း၏အမေရိကန်နိုင်ငံတွင်းစီးပွားရေးအခက်အခဲများကြောင့် အာရှပစိဖိတ်ဒေသတွင်းတွင် အမေရိကန်စစ်တပ်များထားရှိရေးကို ထိခိုက်စေမည်မဟုတ်ကြောင်းထုတ်ဖေါ်ပြောကြားခဲ့သည်။
အမေရိကန်က သြစတေးလျမြောက်ပိုင်းတွင် တပ်သားအင်အား ၂၅,၀၀၀ အထိချထားမည်ဖြစ်ပြီး လေတပ်ပူးပေါင်း ဆောင်ရွက်ရေးများကိုလည်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း တမြန်နေ့က ပြောကြားသွားခဲ့ပြီး အလျင်အမြန်အင် အားကြီးမားလာနေသော တရုတ်အတွက် ဒေါသထွက်စရာဖြစ်စေခဲ့သည်။

“အမေရိကန်ပြည်ထောင်စုအတွင်း ဘဏ္ဍာရေးပြဿနာတွေကို ဖြေရှင်းနေပြီးတော့ အသုံးစားရိတ်များလည်း လျှော့ချနေပါတယ်။” ဟု အိုဘားမားက ဆိုသည်။ အာဖဂန်နှင့် အီရတ်တွင် စစ်ရေးအသုံးစားရိတ်များအလွန်အကျွံ သုံးစွဲခဲ့ရသဖြင့် ခြေကုန်လက်ပန်းကျကာ နောက်ထပ်အသုံးစားရိတ်များလျှော့ချရေး မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ် ကြောင်းအင်္ဂါနေ့က သြစတေးလျပါလီမန်တွင်ပြောကြားခဲ့သည်။
“အခုဒီနယ်မြေအတွက် သိထားရမှာက ကျွန်တော်တို့ ဟိုဘက်က စစ်ပွဲတွေကိုရပ်စဲလိုက်ပြီဖြစ်တဲ့အတွက် အာရှပစိဖိတ်ဒေသကို ထိပ်တန်းဦးစားပေးအနေနဲ့ထားဖို့ ကျွန်တော်တို့ အမေရိကန်အမျိုးသားလုံခြုံရေးအဖွဲ့ကို ညွှန်ကြားထားပါတယ်။”
“ အမေရိကန်ကာကွယ်ရေးအသုံးစားရိတ်လျှော့ချလိုက်တာ အာရှပစိဖိတ်ဒေသအတွက် မထိခိုက်ပါဘူးလို့ ကျွန်တော်ပြောလိုပါတယ်။”

အိုဘားမား၏ ခရီးစဉ်အပေါ်တရုတ်က အပြင်းအထန်ကန့်ကွက်ခဲ့ကြောင်း အယ်ဂျာဇီယာသတင်းထောက် မလီဆာချန်းက ဘေဂျင်းမြို့မှ သတင်းပေးပို့ခဲ့သည်။
“တရုတ်အတွက်တော့ အဝိုင်းခံထားရတယ် ဆိုတဲ့အသိနဲ့ တုံ့ပြန်ပါတယ်။” ဂျပန်-အမေရိကန်စစ်ရေးပူးပေါင်း ဆောင်ရွက်မှုတွေအပေါ်မှာတော့ မည်သို့မျှမှတ်ချက်မပေးကြောင်း သိရပါတယ်။

တရုတ်အစိုးရ၏ အာဘော်များကိုထင်ဟပ်ရေးသား အစိုးရထုတ် ပြည်သူ့နေ့စဉ်သတင်းစာက အမေရိကန်နှင့် သြစတေးလျတို့၏ စစ်ရေးပူးပေါင်းလုပ်ဆောင်နေမှုများအပေါ် ဆန့်ကျင်ကြောင်း ရှင်းရှင်းလင်းလင်းရေးသားဖေါ်ပြခဲ့ သည် ဟုသတင်းထောက်က ပြောကြားသည်။

“တရုတ်က သူ့ကိုယ်သူစိတ်ကြီးဝင်ပြီး အာရှပစိဖိတ်ဒေသတွင်းမှာ အမေရိကန်က ပြန်လည်လွှမ်းမိုးဖို့ကြိုးစားလာခြင်း နဲ့ မဟာဗျူဟာ ချဲ့ထွင်လာခြင်းကို မကျေနပ်တာပါပဲ။” ဟု စင်္ကာပူအမျိုးသားတက္ကသိုလ်မှ စစ်ရေးလေ့လာသူ မိုက်ကယ်ရက်စ်ကာက အယ်ဂျာဇီယာနှင့် တွေ့ဆုံခန်းတွင်ပြောသည်။
“တရုတ်ဘေဂျင်းအစိုးရအနေနဲ့ စိတ်ကြီးဝင်လာတာ ကျွန်တော် မအံ့သြပါဘူး။ ဒေသတွင်းမှာ နိုင်ငံရေးအရ သြဇာညောင်းနိုင်လောက်တဲ့ စီးပွားရေးအဟုန်က လွန်ခဲ့တဲ့ဆယ်စုနှစ်တွေလောက်ကနေစပြီး ကြီးမားလာနေခဲ့တယ် လေ။” ဟု ရက်စ်ကာက သူ့အမြင်ကို ပြောသည်။

အမေရိကန်သည်လည်း အမြဲတမ်းမဟာမိတ်များဖြစ်လာခဲ့သည့် သြစတေးလျ၊ ဂျပန်၊ တောင်ကိုရီးယားတို့နှင့် ဆက်ဆံရေးပိုမိုခိုင်မြဲအောင် ကြိုးစားနေမည်ဖြစ်ပြီး နောက်ထပ်တက်လာသည့် အင်ဒိုနီးရှားကဲ့သို့သော နိုင်ငံများနှင့် မဟာမိတ်ပြုကာ ဒေသတွင်းအရှိန်အဝါတစ်ခုကို တည်ထောင်သွားမည်သာဖြစ်ကြောင်း ရက်စ်ကာက ဆက်လက် ပြောကြားခဲ့သည်။
“အဓိက ကတော့ အာရှပစိဖိတ်ဒေသလုံခြုံရေးကိစ္စရပ်တွေမှာ တရုတ်ရဲ့ သြဇာကကြီးနေတယ်။ တရုတ်ရဲ့ ဒေသတွင်းစစ်အင်အားက အမေရိကန်အတွက် အနှောက်အယှက်ဖြစ်စေတယ်လေ။”

အိုဘားမား၏ မိန့်ခွန်းအတွင်း၌ တရုတ်၏ဆတ်ဆတ်ထိမခံနိုင်သော ကိစ္စရပ်များကိုထည့်သွင်းပြောကြားခဲ့သည်။ မြန်မာနှင့် တရုတ်ဆက်နွယ်မှု၊ မြောက်ကိုရီးယား၏ နျူကလီးယားအရေးစသည်များကိုလည်း ပြောကြားခဲ့သည်။
“အမေရိကန်အနေနဲ့ ဘေဂျင်းနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ အစွမ်းကုန်ဆက်လက်လုပ်ဆောင်သွားမှာပါ။” ဟုလည်း ပြောကြားခဲ့ပြီး ဘေဂျင်းနှင့် ဝါရှင်တန်ကြား အကွဲအပြဲကို ဖေါ်ပြခဲ့သည်။
“တရုတ်အနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကြီးပွားတိုးတက်လာတာကို ကျွန်တော်တို့ လှိုက်လှိုက်လှဲလှဲကြိုဆို ပါတယ်။”
“ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် တရုတ်အနေနဲ့ နိုင်ငံတကာစံသတ်မှတ်ချက်များနဲ့ အညီလုပ်ကိုင် ဆောင်ရွက်ဖို့ နဲ့ တရုတ်နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးတွေကို လေးစားဖို့ ဆက်လက်တိုက်တွန်းနေမှာပါ။”

ပါလီမန်တွင် မိန့်ခွန်းမပြောကြားမီ အိုဘားမားသည် သြစတေးလျစစ်သဂြိုင်္င်းသို့ သွားရောက်ပန်းခွေချခဲ့သည်။ ထို့နောက် အမေရိကန်စစ်တပ်ရှိရာ ဒါဝင်မြို့သို့သွားရောက်ခဲ့သည်။ ဒါဝင်မြို့သည် သြစတေးလျမြောက်ဘက် ကမ်းခြေတွင်တည်ရှိပြီး ဒုတိယကမ္ဘာစစ်အတွင်းက သြစီ-အမေရိကန်တပ်များပူးတွဲတပ်စွဲခဲ့ရာမြို့ဖြစ်သည်။
၁၉၄၂ တွင် ဒါဝင်မြို့သို့ဂျပန်တပ်များဝင်ရောက်တိုက်ခိုက်ခဲ့ရာ အမေရိကန်စစ်သားအချို့အပါအဝင် ၂၄၃ ဦးကျဆုံး ခဲ့ရသည်။ ထို့နောက် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့နှင့် တိုက်ခိုက်ခဲ့သော အမေရိကန်စစ်သင်္ဘော USS Peary ၏ အမှတ်ရအောက်မေ့ဖွယ် သင်္ဘောတင်စက်သေနတ်ကြီးထားရှိရာသို့ သွားရောက်ခဲ့သည်။ USS Peary သည် သြစတေးလျ၊ ဒါဝင်မြို့ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားစဉ် ၁၉၄၂ ဖေဖေါ်ဝါရီ ၁၉ တွင် ဂျပန်တို့လာရောက်ဗုံးကြဲတိုက် ခိုက်ခြင်းကိုခံခဲ့ရပြီး ၈၉ ဦးသေဆုံးခဲ့သည်။

အမေရိကန်နှင့် သြစတေးလျတို့သည် ပထမကမ္ဘာစစ်မှစ၍ အတူတူပူးတွဲတိုက်ပွဲဝင်ခဲ့ကြပြီး ကိုရီးယားစစ်ပွဲ၊ ဗီယက် နမ်စစ်ပွဲ၊ အီရတ်နှင့် အာဖဂန်စစ်ပွဲများကိုလည်း တိုက်ခိုက်ခဲ့ကြလေသည်။

ဒေသတွင်းမူဝါဒများအတွက် ငွေကြေးသုံးစွဲနိုင်မှုမှာ အမေရိကန်အကျိုးစီးပွားကုန်သွယ်ရေးနယ်မြေအငြင်းပွားမှုများ ကြောင့် ကြပ်တည်းလျက်ရှိကြောင်း၊ ယင်းအခြေအနေတွင် တရုတ်၏ ထောင်တက်လာမှုနှင့်လာရောက်ကြုံ ကြိုက်နေကြောင်း ဆိုသည်။
ယခုခရီးစဉ်သည် အာရှပစိဖိတ်ဒေသကို အမေရိကန်၏ နောက်ဆုံးမဟာဗျူဟာဒေသအဖြစ် သတ်မှတ်ထားသည်ကို အလေးအနက်ထားစေလို၍ လာရောက်ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
“ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာမယ့်အရာတွေကို သိနေနိုင်ဖို့နဲ့ နယ်မြေတွင်းမှာ ကျွန်တော်တို့ရဲ့ အင်အား ကိုပြသဖို့ဖြစ်ပါတယ်။” ဟု အိုဘားမားက ပြောသည်။
“၂၁ ရာစုရဲ့ လိုအပ်ချက်တွေနဲ့ အညီကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်တွေကို အစဉ်အမြဲတိုးချဲ့သွားနေမှာပါ။ ဒေသတွင်းမှာ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားတွေအတွက် ကျွန်တော်တို့အင်အားတွေတည်ရှိနေဖို့လိုပါတယ်။”

ပစိဖိတ်အဝန်းအတွင်း အမေရိကန်ကုန်သွယ်ရေးလုပ်ငန်းများ ဒေါ်လာထရီလီယံပေါင်းများစွာရှိနေပြီး အနာဂတ် အမေရိကန်စီးပွားရေးအတွက် အရေးပါပြီး နောင်လာမည့် ဆယ်စုနှစ်များအတွင်း အလုပ်အကိုင်များစွာဖန်တီးပေး နိုင်မည်ဖြစ်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။