Sunday, November 20, 2011

အီဂျစ်တွင် ဆန္ဒပြမှုများထပ်မံဖြစ်ပေါ်



အီဂျစ်နိုင်ငံ တာဟာရာရင်ပြင်တွင် ဆန္ဒပြသမားနှင့် ရဲများရုဏ်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး ရာနှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်။ အခြားမြို့များတွင်လည်း ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီး အနည်းဆုံးတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ဖေဖေါ်ဝါရီလအတွင်းက အာဏာရှင်သမ္မတဟောင်း ဟို့စနီမူဘာရက်ကို ဖြုတ်ချနိုင်ခဲ့ပြီး ရွေးကောက်ပွဲကျင်းပရန် ကိုးရက်အလိုတွင် စနေနေ့က အဓိကရုဏ်းများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
ရဲများနှင့် ဆန္ဒပြသူများကဟိုဘက်ဒီဘက် အပြန်အလှန်ခဲလုံးများဖြင့် ပစ်ခတ်ခဲ့ကြပြီး နှစ်ဆန်းပိုင်းက ဖြစ်ပွားခဲ့သော ၁၈ ရက်ကြာဆန္ဒပြပွဲများတွင် ဖြစ်ပျက်ခဲ့သည့်အတိုင်းပင်ဖြစ်၏။ လူအုပ်ကြီးက ရဲများကိုဝန်းရံထားခြင်း၊ ရဲများများကို တွန်းလှဲပစ်ခြင်း၊ မီးရှို့ပစ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ကိုင်ရိုမြို့တွင် တစ်ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက ပြောသည်။ သေဆုံးသူမှာ အသက် ၂၃ နှစ်အရွယ်ရှိ အာမက်မာမွတ်ဖြစ်ပြီး ရင်ဘတ်တွင်ကျည်ဆံထိမှန်သေဆုံးခဲ့ကြောင်း AFP သတင်းက ပြောသည်။ နိုင်ငံပိုင်ရုပ်မြင်သံကြားဌာနက ကိုင်ရိုမြို့တွင် ဒဏ်ရာရသူ ၇၅၀ ဦးရှိကြောင်းကြေငြာခဲ့သည်။

အလက်ဇန်ဒရီးယားမြို့လုံခြုံရေးဌာနချုပ်အပြင်ဘက်တွင် လည်းဆန္ဒပြခဲ့ကြပြီး တောင်ဘက်ရှိ အက်စ်ဝမ်မြို့နှင့် ပင်လယ်နီကမ်းခြေ ဆူးအက်မြို့တို့တွင်လည်း ဆန္ဒပြမှုများပေါ်ပေါက်ခဲ့ကြောင်း ရဲများကဆိုသည်။ အလက်ဇန်ဒရီးယားမြို့တွင်လည်း တစ်ဦးသေဆုံးကြောင်း သတင်းဌာနများကကြေငြာခဲ့ကြသည်။ အသက် ၂၅ နှစ်ရှိ အက်ဒင်ဟူစိန်သည် ရဲများပစ်ခတ်လိုက်သော ရော်ဘာကျည်ဆန်ထိမှန်ခဲ့ကြောင်း AFP သတင်းဌာနက ပြောသည်။

ကိုင်ရိုမြို့တွင် လွန်ခဲ့သောဆန္ဒပြပွဲများအတွင်း သေဆုံးခဲ့သူများအတွက် အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်နေသော ဆန္ဒပြသူများ၏ တဲများကို ရဲများကဝင်ရောက်ဖျက်ဆီးခဲ့ရာမှစတင်၍ အဓိကရုဏ်းများဖြစ်ခဲ့ကြောင်း မျက်မြင်သက် သေများက ပြောသည်။

သောကြာနေ့ညက တာဟာရာရင်ပြင်တွင် စုဝေးဆန္ဒပြသူများက လက်ရှိနိုင်ငံတော်အာဏာကို ထိမ်းသိမ်းထားသော စစ်တပ်ကို လက်မခံနိုင်ကြောင်း ပြောဆိုခဲ့ကြသည်။ စစ်တပ်သည် နောက်တက်လာမည့် အစိုးရအတွင်းသူတို့ အာဏာညောင်းစေရန် လုပ်ဆောင်နေကြောင်း ဆန္ဒပြသူများက စွပ်စွဲထားသည်။

တွီတာတွင် တာဟာရာရင်ပြင်၌စုရုံးကြရန် နှိုးဆော်စာရရှိပြီးနောက် သွားရောက်ခဲ့သော အင်ဂျင်နီယာတစ်ဦးဖြစ်သူ ဆာဟာအဘ္ဘဒယ်လ်-မိုဆန်းက စနေနေ့တွင်ရဲများက မျက်ရည်ယိုဗုံးများ၊ ရော်ဘာကျည်များ၊ နံပတ်တုတ်များကို အသုံးပြု၍ ဆန္ဒပြသူများကို ဖြိုခွင်းခဲ့ကြောင်း ပြောသည်။
သူ့သူငယ်ချင်းတစ်ယောက် ဦးခေါင်းကို ရော်ဘာကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ၊ အခြားတစ်ဦးလည်း လည်ကုတ် တွင် လောက်စာလုံးမှန်ပြီး ဒဏ်ရာရရှိခဲ့ကြောင်း သူကပြောသည်။
“အကြမ်းဖက်မှုကြောင့် အကြမ်းဖက်မှုတွေပဲ ထပ်ဖြစ်လာမှာပါ။ ကျွန်တော်တို့ရင်ပြင်ကနေထွက်ခွါသွားမှာ မဟုတ်ပါဘူးဟု အဘ္ဘဒယ်လ်-မိုဆန်းက ပြောသည်။

မြို့တွင်း၌ဆန္ဒပြပွဲတွင် ဆန္ဒပြသူများကို ရိုက်နှက်ဖြိုခွင်းနေသည်ဟူသော သတင်းကိုကြားသည်နှင့် နောက်ထပ်လူ များ ထောင်နှင့်ချီ၍ ထွက်လာကြသဖြင့် တာဟာရာရင်ပြင်သို့မရောက်နိုင်ရန် ရဲများကပိတ်ဆို့ထားကြပြီး ရဲများနှင့် ထိုသူများရုန်းရင်းဆန်ခတ်ထပ်မံဖြစ်ပွားကြလေသည်။

ရဲများနှင့် ဆန္ဒပြသူများကြား ၆ နာရီကြာမျှရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက် ရဲများကတာဟာရာရင်ပြင်ကိုပြန်လည် ထိန်းချုပ်နိုင်ခဲ့သော်လည်း အကြမ်းဖက်မှုများက ဆက်လက်ဖြစ်ပွားနေဆဲရှိကြောင်း အယ်ဂျာဇီယာသတင်းထောက် ရှရိုင်းတက်ဒရို့စ် ကမြို့တော်ကိုင်ရိုမှသတင်းပေးပို့ခဲ့သည်။
“ရင်ပြင်က အကြမ်းဖက်မှုတွေက အနီးအနားလမ်းတွေပေါ် ပျံ့နှံ့သွားပါတယ်။” ဟု သူမကသတင်းပေးပို့ခဲ့ သည်။
“သူခိုးလုံထိန်းတွေ”
“ဓါးမြလုံထိန်းတွေ”
“ဗိုလ်ချုပ်ကြီး ဟူစိန်တန်တာဝီ ကျဆုံးပါစေ”
စသည်ဖြင့် လူစုလူဝေးကြီးက အော်ဟစ်ကြသည်။ ဗိုလ်ချုပ်ကြီး ဟူစိန်တန်တာဝီသည် လက်ရှိအာဏာထိန်းသိမ်း ထားသော စစ်တပ်ခေါင်းဆောင်ဖြစ်သည်။

အကျဉ်းချခံထားရသူ ဘလော့ဂါ အာလာအက်ဘ်အယ်လ်-ဖာတား၏ ညီမဖြစ်သူ မွန်နာဆဲအစ်က ဆန္ဒပြသူများကို ယခုကဲ့သို့တိုက်ခိုက်နှိမ်နင်းမှုသည် ဝရမ်းမရှိဘဲလုပ်ဆောင်ခြင်းဖြစ်ကြောင်းပြောသည်။
“အရင်အစိုးရလက်ထက်ကအတိုင်းပဲ နှိမ်နင်းနေတာပါ။”
“အမိန့်နာခံပြီးလုပ်ဆောင်နေရတယ်လို့ ရဲတွေကပြောပြီး ကျွန်မတို့ထွက်မသွားမခြင်း ရိုက်နှက်ဖြိုခွင်းနေ ပါတယ်။” ဟု သူမကဆိုသည်။

“မမေ့ကြပါနဲ့ ။ ဒီရဲတွေဟာ နောက်ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲရုံတွေအပြင်ဘက်မှာ စောင့်ကြပ်ကြည့်ရှု နေမယ့် လုံခြုံရေးတာဝန်ယူမယ့် ရဲတွေပဲဖြစ်ပါတယ်။” ဟု သတင်းထောက်က ဖြည့်စွက်ပြောကြားခဲ့သည်။
“ဒါကြောင့် ရဲတွေအနေနဲ့ ဒီလိုအနေအထားမျိုးနဲ့ ဆက်ဆံနေတာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။” ဟု ဆိုသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။