Tuesday, November 22, 2011

အာရပ်အဖွဲ့ချုပ်ကို လက်နက်တစ်ခုအဖြစ်အသုံးချနေဟု ဆီးရီးယားစွပ်စွဲ


ဆီးရီးယားအရေးကို ကုလသမဂ္ဂသို့တင်နိုင်အောင် အာရပ်အဖွဲ့ချုပ်ကို လက်ကိုင်တုတ်တစ်ခုအဖြစ်အသုံးချနေ ကြောင်း ဆီးရီးယားနိုင်ငံခြားရေး ဝန်ကြီး ကပြောကြားလိုက်သည်။
နိုင်ငံတွင်း အခြေအနေများကို ထိန်းသိမ်းရေးအတွက်ဆီးရီးယားမှတင်ပြသော ငြိမ်းချမ်းရေးအစီအစဉ်တစ်ခုကို အာရပ်အဖွဲ့ချုပ်က အနှစ်အသားမပါသော အစီအစဉ်ဖြစ်သည်ဟု ပြောဆိုကာ ပယ်ချလိုက်ပြီးနောက် တနင်္ဂနွေနေ့က နိုင်ငံခြားရေးဝန်ကြီး ဝါလစ်အယ်လ်-မူအာလမ်က ဒမတ်စကတ်မှပြောကြားလိုက်ခြင်းဖြစ်သည်။

အာရပ်အဖွဲ့ချုပ်မှဖွဲ့စည်းစေလွှတ်လိုက်သော အဖွဲ့ကို လုပ်ပိုင်ခွင့်အာဏာများအလွန်အကျွံအပ်နှင်းထားပြီး ဆီးရီးယား ၏ အချုပ်အခြာအာဏာကို ချိုးဖေါက်ခြင်းများရှိခဲ့သော်လည်း ယင်းလေ့လာရေးအဖွဲ့ကို ဆီးရီးယားနိုင်ငံတွင် လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်ပြုထားကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့သည်။

အာရပ်အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးထံသို့စာပို့ပြီး မည်သည့်အတွက်ကြောင့် ဆီးရီးယားမှ တင်ပြသောငြိမ်းချမ်း ရေးအစီအစဉ်ကို ပယ်ချခဲ့ကြောင်း မေးမြန်းသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသွားသည်။

အယ်ဂျာဇီယာသတင်းထောက် နစ္စရင်း အယ်လ်-ရှာမေလေး အမ္မာန်မြို့မှသတင်းပေးပို့ခဲ့ရာ
“ဆီးရီးယားပြည်တွင်းငြိမ်းချမ်းရေးအတွက် အာရပ်အဖွဲ့ချုပ် ရဲ့အစီအစဉ်ကိုလက်ခံပြီး ဆီးရီးယားနိုင်ငံထဲမှာ ကျင့်သုံးခဲ့တဲ့ အချိန်ကစပြီး နိုင်ငံတွင်းအကြမ်းဖက်မှုတွေ၊ မငြိမ်သက်မှုတွေ ဘယ်လိုဆက်လက်ဖြစ်ပွားလာခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ရှစ်လကစလို့ အချိန်အလိုက်ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေကို သတင်းသမားတွေကို အယ်-မူလမ်က ပေးခဲ့ပါ တယ်။” ဟု သတင်းပေးပို့ခဲ့သည်။

“အာရပ်အဖွဲ့ချုပ်က လုပ်ပိုင်ခွင့်ထက်ပိုပြီးလုပ်ကိုင်ခဲ့တယ် ဆိုတဲ့အကြောင်း ၊ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ကာကွယ်စောင့်ရှောက်မှုမပေးတဲ့အကြောင်း လည်း သူကပြောကြားခဲ့ပါတယ်။”

အာရပ်အဖွဲ့ချုပ်မှ အဖွဲ့ဝင် ၅၀၀ ပါဝင်သောလေ့လာစောင့်ကြည့်ရေးသမားများကို ဆီးရီးယားသို့စေလွှတ်ခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်အစည်းအဝေးနေ့မှ စတင်၍သုံးရက်အချိန်ပေးကာဆီးရီးယားတွင်အကြမ်းဖက်နှိမ်နင်းမှုများရပ် ဆိုင်းရန်၊ အစိုးရနှင့် အတိုက်အခံများတွေ့ဆုံဆွေးနွေးရန် တောင်းဆိုခဲ့သည်။

ကြာသပတေးနေ့တွင် အာရပ်အဖွဲ့ချုပ် နိုင်ငံခြားရေးဝန်ကြီးများထပ်မံတွေ့ဆုံကာ ဆီးရီးယားအရေးကိုထပ်မံဆွေးနွေး မည်ဖြစ်ကြောင်း MENA သတင်းဌာနက ပြောကြားခဲ့သည်။ အီဂျစ်၊ ဆူဒန်၊ အယ်ဂျီးရီးယား နှင့် ကာတာတို့ ဆီးရီးယားအရေးကို ကိုင်တွယ်ကြမည်ဖြစ်သည်။

တနင်္ဂနွေနေ့ အစောပိုင်းက ဆီးရီးယားမြို့တော်အလည် ဘဂ္ဂဒက်လမ်းပေါ်တွင် ကျယ်လောင်သောဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့သည်။ ဘာ့သ်ပါတီရုံးအဆောက်အဦရှိရာသို့ RPG လောင်ချာ ဖြင့်အချက်ပေါင်းများစွာပစ်ခတ်ခဲ့ ကြောင်း ဒေသန္တရပူးပေါင်းဆောင်ရွက်ရေးကော်မီတီမှ တက်ကြွလှုပ်ရှားသူများက အေပီသတင်းဌာနသို့ပြောပြခဲ့ သည်။ ယင်းအဆောက်အဦကို အာရုံမတက်မီတိုက်ခိုက်ခဲ့ကြောင်း၊ အဆောက်အဦထဲတွင် မည်သူမျှ မရှိကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောသည်။
“ဒမတ်စကတ်မှာရှိတဲ့ ဘာ့သ်ပါတီရုံးခွဲရှိတဲ့ နေရာကိုရဲတွေ ပိတ်ထားလိုက်ပါပြီ။ ဒါပေမယ့် မီးခိုးတွေ ကျွန်တော်မြင်နေရပြီး မီးသတ်ကားတွေလည်းသွားနေပါတယ်။” ဟု အမည်မဖေါ်လိုသူ မျက်မြင်သက်သေတစ်ဦးက ပြောသည်။
အခင်းဖြစ်ပွားရာနေရာနှင့် မလှမ်းမကမ်းတွင် နေထိုင်သောသတင်းထောက်တစ်ဦးဖြစ်သူ သာဘက်ဆာလမ်က
“အစိုးရဆန့်ကျင်သူတွေကနောက်တစ်ဆင့်တက်တိုက်ပွဲဝင်လိုက်ခြင်းဖြစ်ပြီး အန္တရာယ်ရှိပါတယ်။။” ဟု ပြောပြသွားခဲ့သည်။

သတင်းမှန်သည်ဆိုပါက မတ်လအတွင်းမှစ၍ အာဆက်အစိုးရကို ဆန့်ကျင်တိုက်ခိုက်မှုများအတွင်း အပြင်းထန်ဆုံး တိုက်ခိုက်မှုတစ်ရပ်ဖြစ်သည်။ ဆီးရီးယားစစ်တပ်မှအာခံကာထွက်လာသော စစ်သားများနှင့်ဖွဲ့စည်းထားသော Free Syrian Army သည်ဆီးရီးယားစစ်တပ်ကို ပြန်လည်တိုက်ခိုက်လျှက်ရှိသည်။ လွန်ခဲ့သည့်အပတ်က ဒမတ်စကတ် အစွန်ရှိ လေတပ်ထောက်လှမ်းရေးဌာနကို သူတို့တိုက်ခိုက်ခဲ့ကြောင်း ကြေငြာခဲ့သည်။
ဘာ့သ်ပါတီဌာနချုပ်သည် မြို့တော်ဒမတ်စကတ်၏ လုံခြုံစိတ်ချရသော မာဇရားရပ်ကွက်တွင်တည်ရှိပြီး အာဆက်ကို ထောက်ခံသူများလည်း များပြားကြောင်း အယ်ဂျာဇီယာသတင်းထောက် နစ္စရင်းရှာမေလဲက အမ္မာန်မြို့မှသတင်းပေး ပို့ပြောကြားခဲ့သည်။
အစောပိုင်းက ရိဗ်ဒင်မက်ခ်ပြည်နယ်ရှိ မတ်စ်ရာဘာဒေသ ဒိုအူမာ တိုက်ခိုက်မှုတွင် လူ ၂၂ ဦးသေဆုံးခဲ့ပြီး Free Syrian Army က သူတို့လက်ချက်ဖြစ်ကြောင်း ကြေငြာခဲ့သည်။

ဗြိတိန်သတင်းစာတစ်စောင်နှင့် အင်တာဗျူးပြောကြားရာတွင် သမ္မတအာဆက်က အစိုးရဆန့်ကျင်သူများကို ဆက်လက်ချေမှုန်းသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှဖိအားပေးမှုများကြောင့် နှိမ်နင်းမှုကိုရပ်တန့်မည်မဟုတ် ကြောင်းပြောကြားလိုက်သည်။ ဆန္ဒပြမှုများစတင်ချိန်မှစ၍ ယခုအချိန်အထိ အကြမ်းဖက်နှိမ်နင်းမှုများကြောင့် သေဆုံး ၃,၀၀၀ ကျော်သွားပြီဖြစ်သည်။
“ပဋိပက္ခတွေက ဆက်ရှိနေဦးမှာဖြစ်ပြီး ဆီးရီးယားမှာ ဖိနှိပ်ချုပ်ချယ်မှုတွေ ဆက်လက်ရှိနေဦးမှာပါ။” ဟု ဆန်းဒေးတိုင်းမ်သတင်းစာသို့ပြောကြားခဲ့သည်။
“ဆီးရီးယားက ခေါင်းငုံ့အရှုံးပေးသွားမှာ မဟုတ်ပါဘူး။ ဆီးရီးယားအပေါ်ပေးလာမယ့် ဖိအားတွေကိုလည်း ပြန်ပြီး ခုခံသွားမှာပါ။” ဟု ဆိုသည်။

ဆီးရီးယားအပေါ် နိုင်ငံတကာမှ စစ်ရေးအရတိုက်ခိုက်လာမည်ဆိုလျှင် အရှေ့အလယ်ပိုင်းဒေသတစ်ခွင်လုံး မငြိမ် မသက်ဖြစ်သွားလိမ့်မည်ဟုလည်း ထပ်မံပြောကြားခဲ့သေးသည်။
“အခြေအနေကို ယုတ္တိရှိရှိ၊ အကျိုးအကြောင်းညီညီညွတ်ညွတ်နဲ့ စဉ်းစားသုံးသပ်မယ်ဆိုရင် စစ်ရေးအရဆောင်ရွက်မယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပါ။ ဘာကြောင့်လဲဆိုတော့ အကျိုးဆက်တွေက မကောင်းဘူး လေ။ အဲဒီလိုလုပ်လိုက်မယ်ဆိုရင် ဒေသတွင်းတစ်ခုလုံး တည်ငြိမ်အေးချမ်းမှုပျက်စီးပြီးတော့ နိုင်ငံအားလုံးအပေါ် အကျိုးသက်ရောက်မှုတွေ ဖြစ်သွားလိမ့်မယ်။” ဟု ဆို၏။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။