Tuesday, November 29, 2011

ဆီးရီးယားအပေါ် ဖိအားများတိုး


ဆီးရီးယားနိုင်ငံတွင်ဖြစ်ပွားနေသော အစိုးရဆန့်ကျင်ဆန္ဒပြမှုများကို အစိုးရက အကြမ်းဖက်နှိမ်နင်းဖြိုခွင်းခဲ့ခြင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂက အစိုးရအကြီးအကဲများနှင့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ ခေါင်းဆောင်များအပေါ် စွပ်စွဲမှုအသစ်များ ထုတ်ပြန်ကြေငြာလိုက်သည်။

ကလေးသူငယ်များအား ညှဉ်းပမ်းနှိပ်စက်သတ်ဖြတ်မှုများ၊ မုဒိန်းကျင့် လူသတ်မှုများတွင် အစိုးရအကြီးအကဲများတွင် တာဝန်ရှိပြီး လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုမြောက် အစိုးရတပ်များက ကျူးလွန်ခဲ့ကြောင်း ဆီးရီးယားအပေါ် လွတ်လပ်စွာစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့က တနင်္လာနေ့က ထုတ်ဖေါ်ပြောကြားလိုက်သည်။
“အရပ်သားတွေအပေါ် ပစ်ခတ်ဖို့၊ မတော်မတရားဆောင်ရွက်မှုတွေဟာ အစိုးရနဲ့ စစ်တပ်ထိပ်ပိုင်း အကြီးအကဲတွေကနေ တိုက်ရိုက်ညွှန်ကြားပြီးတော့ ချမှတ်လုပ်ဆောင်ခဲ့တဲ့ မူဝါဒတွေဖြစ်တယ်လို့ ကော်မရှင်က ယူဆပါတယ်။” ဟု စုံစမ်းရေးကော်မရှင်အဖွဲ့က ပြောသည်။

“ဆီးရီးယားစစ်တပ်နဲ့ ရဲတွေက ငြိမ်းချမ်းစွာဆန္ဒပြတဲ့ အရပ်သားတွေအပေါ် ပြင်းပြင်းထန်ထန်ဖိနှိပ်ဖြိုခွင်းခဲ့ တဲ့အတွက် လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်ပါတယ်။” ဟု ကော်မစ်ရှင်အဖွဲ့ ဥက္ကဋ္ဌ ပူလိုပင်ညဲရိုး က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာတွင် ပြောကြားခဲ့သည်။

ကော်မစ်ရှင်က ကိုယ်တိုင်နှိပ်စက်ညှဉ်းပမ်းခံခဲ့ရသူများနှင့် မျက်မြင်သက်သေ ၂၂၃ ယောက်အားလူတွေ့မေးမြန်းစစ် ဆေးခဲ့သည်။ ယင်းတို့အထဲတွင် ဆီးရီးယားစစ်တပ်မှ နှုတ်ထွက်လာသူ တစ်ဦးက သမ္မတအာဆက်က ဆန္ဒပြသူများ ကို အသေပစ်သတ်ရန်အမိန့်ပေးခဲ့ကြောင်း၊ ကလေးငယ်များကိုလည်း သေသည်အထိနှိပ်စက်ညှဉ်းပမ်းခဲ့ကြောင်း ပြောပြခဲ့သည်။

နိုဝင်ဘာလအစောပိုင်းကပင် ဆီးရီးယားစစ်တပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူကလေးငယ် ၂၅၆ ဦးအထိရှိ ခဲ့ပြီး အချို့ယောင်္ကျားလေးငယ်များမှာ လိင်ပိုင်းဆိုင်ရာနှိပ်စက်ညှဉ်းဆဲခြင်းခံခဲ့ရကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီသို့တင်ပြခဲ့သော ကော်မရှင်၏ အစီရင်ခံစာတွင်ရေးသားဖေါ်ပြထားသည်။
ဆီးရီးယားစစ်တပ်မှ စစ်သားဟောင်းတစ်ဦး၏ ပြောပြချက်အရ သူ့အရာရှိတစ်ဦးသည် နှစ်နှစ်အရွယ် မိန်းကလေး ငယ်တစ်ဦးကို ပစ်သတ်ခဲ့ကြောင်း၊ ထို့နောက် ယင်းကလေးငယ်သည် ကြီးပြင်းလာပြီး ဆန္ဒပြနိုင်တော့မည် မဟုတ်ဟု ပြောဆိုခဲ့ကြောင်း၊ ယင်းအဖြစ်အပျက်ကို မြင်တွေ့ရပြီးနောက် စစ်တပ်မှ ထွက်ပြေးလာခဲ့ကြောင်း အဆိုပါ စစ်သားဟောင်း၏ ပြောဆိုချက်ကိုလည်း ထည့်သွင်းဖေါ်ပြထားသည်။

ဆီးရီးယားကို အာရပ်အဖွဲ့ချုပ်မှ စီးပွားရေးပိတ်ဆို့ပြစ်ဒဏ်ခတ်မှုလုပ်ပြီးနောက်တစ်နေ့တွင်ပင် အဆိုပါအစီရင်ခံစာ ထွက်ပေါ်လာ ခြင်းဖြစ်သည်။ ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး ဝါလစ်အယ်လ်မူလန်က အာရပ်အဖွဲ့ချုပ်၏ ပိတ်ဆို့ပစ် ဒဏ်ခတ်မှုကိုရှုံ့ချလိုက်ပြီး ဆီးရီးယားအပေါ် စီးပွားရေးစစ်ပွဲဆင်နွှဲခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
တိုင်းပြည်တွင်း မငြိမ်သက်မှုများသည် လက်နက်ကိုင်သောင်းကျန်းသူများ၏ လုပ်ရပ်သာဖြစ်ကြောင်းလည်း ထပ်မံ ပြောဆိုခဲ့သည်။ ဆီးရီးယားအနေနှင့် ပိတ်ဆို့မှုကို ဖြုံမည်မဟုတ်ကြောင်းလည်း ပြောသည်။
“ဆီးရီးယားရဲ့ အကျိုးစီးပွား ၉၅-၉၆% လောက်ကို အာရပ်အဖွဲ့ချုပ်ကနေ ဆီးရီးယားက ပြန်လည်ထုတ်ယူ ထားပြီးပါပြီ။ ကျွန်တော် တို့နိုင်ငံသားတွေရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပေးရပါမယ်။” ဟု ဆို၏။

ဆီးရီးယားပို့ကုန် ၆၀% ခန့်မှာ အာရပ်နိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ပြီး အာရပ်နိုင်ငံများအနေနှင့် ယင်းပို့ကုန်များ အပေါ်တွင် ပိတ်ဆို့မှုသက်ရောက်အောင် လုပ်နိုင်စွမ်းရှိ၊ မရှိဆိုသည့် ကိစ္စအပေါ်အများက သံသယဖြစ်လျက်ရှိသည်။

အာဆက်အစိုးရကို အမေရိကန်ဦးဆောင်သော အနောက်နှင့် ဥရောပအုပ်စုနိုင်ငံများက ပြင်းထန်သော ပိတ်ဆို့ အရေးယူမှုများချမှတ်ထားပြီးဖြစ်သည်။ ဆီးရီးယားရှိ ရေနံနှင့် ဘဏ္ဍာရေးဆိုင်ရာရင်းနှီးမြှပ်နှံမှုများကို ပစ်မှတ်ထား၍ နောက်ထပ်အရေးယူပိတ်ဆို့မှုများပြုလုပ်သွားဦးမည်ဖြစ်ကြောင်း ဘရပ်ဆဲလ်ရှိ ဥရောပသမဂ္ဂသံတမန်အသိုင်းအဝိုင်း ကပြောကြားလိုက်သည်။ ကြာသပတေးနေ့က ကျင်းပသော ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲတွင် စွမ်းအင်စက်မှုလုပ်ငန်းများကို ပိတ်ပင်မည်ဖြစ်ပြီး အတိုက်အခံများအပေါ် စောင့်ကြည့်ရာတွင်အသုံးပြုသော ဆော့ဖ်ဝဲ ရောင်းဝယ်မှုများ ဆီးရီးယားနှင့်ပြုလုပ်ခြင်းကိုလည်း ပိတ်ဆို့မည့် အရေးဆွေးနွေးခဲ့ကြသည်။

အာရပ်အဖွဲ့ချုပ်၏ ပိတ်ဆို့မှုနှင့် ကုလသမဂ္ဂ၏အစီရင်ခံစာထွက်ပေါ်လာပြီးနောက် ဆီးရီးယား၏ လူမဆန်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ထိရောက်စွာအရေးယူနိုင်ရေးအတွက် နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခု ချမှတ်ပေးရန် အမေရိကန်နှင့်ဂျာမဏီတို့က တောင်းဆိုလိုက်သည်။
“ဆီးရီးယားကို ထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက်တစ်ခုချမှတ်ပေးရ မယ့် အချိန်ဖြစ်ပါတယ်။” ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် ဆူဆန်ရိုက်စ်က ပြောသည်။
“အခုဆိုရင် အာရပ်အဖွဲ့ချုပ်ကတောင် ဆီးရီးယားအပေါ်မှာ အရေးယူဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ အာဆက် အစိုးရကလည်း လူမဆန်တဲ့အပြုအမူတွေကိုပြည်သူတွေအပေါ်ကျင့်သုံးနေတယ်ဆိုတာ အထောက် အထားတွေရှိနေပါပြီ။ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဆီးရီးယားအပေါ် စိတ်ရှည်သီးခံမှု တွေ ကုန်ဆုံးလာနေပြီဖြစ်ပါတယ်။”

လုံခြုံရေးကောင်စီအနေနှင့် ဘာမှမလုပ်ပဲဘေးမှ ရပ်ကြည့်နေ၍မရနိုင်ကြောင်း ဂျာမန်သံတမန်ကလည်း ပြောဆိုခဲ့ သည်။
အာဆက်အစိုးရအပေါ် အရေးယူနိုင်ရန် ဥရောပသမဂ္ဂမှ တင်သွင်းသော ဆုံးဖြတ်ချက်မူကြမ်းအပေါ် လုံခြုံရေး ကောင်စီအဖွဲ့ဝင် ၁၅ သဘောထားကွဲလွဲခဲ့ကြသည် ။
ရုရှနှင့် တရုတ်တို့က ဗီတိုအာဏာသုံးကန့်ကွက်ခဲ့ပြီး ဘရာဇီး၊ အိန္ဒိယ၊ တောင်အာဖရိနှင့် လက်ဘနွန်တို့က ကြားနေ ခဲ့သည်။
ယင်းသို့ ကောင်စီအဖွဲ့ဝင်များအတွင်း သဘောထားကွဲပြားမှုများကြောင့် ထိရောက်မှုအားပျော့သော ကြေငြာချက်တစ် စောင်ထုတ်ပြန်ရန်သာ သဘောတူညီချက်ရရှိခဲ့ကြသည်။ လွန်ခဲ့သောအပတ်က ကုလသမဂ္ဂအထွေထွေညီလာခံကြီး မှ နိုင်ငံပေါင်း ၁၉၃ နိုင်ငံပါဝင်၍ ဆီးရီးယားအကြမ်းဖက်မှုများကို ရှုံ့ချသော ဆုံးဖြတ်ချက်တစ်စောင်ထုတ်ပြန်နိုင်ခဲ့ သည်။

လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ဆီးရီးယားအစိုးရ၏ အကြမ်းဖက်မှုများကို နိုင်ငံတကာရာဇဝတ်ခုံရုံးအဆင့် သတ်မှတ်ရန်၊ လက်နက်ရောင်းဝယ်မှု ပိတ်ပင်တားဆီးရန်၊ အာဆက်နှင့် အပေါင်း အပါများ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ထားရန် လုံခြုံရေးကောင်စီသို့ တောင်းဆိုခဲ့သည်။

အလားတူပင် နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကလည်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အနေနှင့် ဆီးရီးယားပြဿနာကို လုံခြုံရေးကောင်စီတင်ရေး၊ ဆီးရီးယားအစိုးရအား နိုင်ငံတကာရာဇဝတ်ခုံရုံးတင်ရ မည့် အဆင့်သတ်မှတ်ရေးတို့ တောင်းဆိုခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။