Tuesday, November 8, 2011

မိုက်ကယ်ဂျက်ဆင်သေဆုံးမှု ဆရာဝန်အပြစ်ဖြစ်ကြောင်းတွေ့ရှိ


ရက်သတ္တပတ် ခြောက်ပတ်ကြာ စုံစမ်းစစ်ဆေးမှုများအပြီး မိုက်ကယ်ဂျက်ဆင်သေဆုံးမှုတွင် သူ၏ဆရာဝန် ဒေါက်တာကွန်ရက်မာရေး၌ အပြစ်မကင်းကြောင်းတွေ့ရှိလေသည်။
ဒေါက်တာမာရေးသည် မိုက်ကယ်ဂျက်ဆင်ကို အာနိသင်ပြင်းထန်သော ပရိုပိုဖေါ ခေါ် အိပ်ဆေးများ အဆမတန် ပေးခဲ့ခြင်းကြောင့် သေဆုံးသွားရ ခြင်းဖြစ်ကြောင်း ရုံးတော်က စွပ်စွဲခဲ့ပြီး သူက အပြစ်မရှိကြောင်း ခုခံကာကွယ်ခဲ့သည်။ မိုက်ကယ်ဂျက်ဆင်သည် ၂၀၀၉ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ကကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ဒေါက်တာမာရေး၏ရှေ့နေများက မိုက်ကယ်ဂျက်ဆင်သည် ဆရာဝန်မျက်ကွယ်တွင် သူ့သာသာသူ ဆေးများအလွန် အကျွံထိုးခဲ့ခြင်းသာဖြစ်ကြောင်း ခုခံချေပခဲ့ကြသည်။

ဒေါက်တာမာရေးကို ထောင်ဒဏ်လေးနှစ်အထိချမှတ်နိုင်ပြီး လာမည့်ရက်များအတွင်းပြစ်ဒဏ်စီရင်သွားမည်ဖြစ်သည်။
သူ့အပေါ်စီရင်ချက်ရုံးတော်မှ ဖတ်ကြားနေစဉ် ဒေါက်တာမာရေးသည် မလှုပ်ယှက်ငြိမ်သက်စွာရှိနေခဲ့ပြီး တရားအပြင် ဘက်တွင် မိုက်ကယ်ဂျက်ဆင် ပရိတ်သတ် ၁၀၀ ကျော်ရောက်ရှိနေကာ စီရင်ချက်အပေါ် သြဘာပေးခဲ့ကြသည်။
ဂျူရီလူကြီးများအဖွဲ့ စီရင်ချက်ချမှတ်နိုင်ရေးအတွက် ကိုးနာရီမျှကြာအောင် စည်းဝေးတိုင်ပင်ခဲ့ကြသည်။

မိုက်ကယ်ဂျက်ဆင်သည် သေဆုံးချိန်တွင် အသက် ၅၀ ရှိပြီဖြစ်ပြီး လန်ဒန်တွင်သွားရောက်ကာ ဖျော်ဖြေပွဲများ ကျင်းပရန်သုံးပတ်အလိုခန့်တွင် သေဆုံးသွားခြင်းဖြစ်ပြီး လော့စ်အိန်ဂျလိစ်မြို့ရှိ သူ၏ နေအိမ်အတွင်း အသက် ပျောက်လျက်သား တွေ့ရှိခဲ့ကြရခြင်းဖြစ်သည်။

အရေးပေါ်ကျန်းမာရေးလုပ်သားများက သူ့ကိုကယ်တင်နိုင်ရန်ကြိုးပမ်းခဲ့ကြပြီး ဆေးရုံသို့အလျင်အမြန်ပို့ဆောင်ခဲ့ကြ ပြီးနောက် သေဆုံးကြောင်းကြေငြာခဲ့သည်။ ထို့နောက် ဆေးရုံများတွင် ခွဲစိတ်ရာ၌အသုံးပြုသောမေ့ဆေးများအလွန် အကျွံသုံးစွဲပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ဆေးစစ်ချက်ထွက်လာခဲ့သည်။

မိုက်ကယ်ဂျက်ဆင်အား အိပ်ပျော်စေရန် ယင်း ပရိုပိုဖောဆေးများပေးခဲ့ကြောင်း ဒေါက်တာမာရေးက ထွက်ဆိုခဲ့ သည်။ မာရေး၏ရှေ့နေများက မိုက်ကယ်ဂျက်ဆင်သည် အိပ်ပျော်စေရန် ဆေးဝါးများကို အမြဲသုံးစွဲနေရကြောင်း၊ ယင်းသို့အလွန်အကျွံသုံးစွဲခဲ့ခြင်းမှာလည်း ဒေါက်တာမာရေးမသိဘဲ သူ့သဘောနှင့်သူ သုံးစွဲခဲ့ခြင်းသာဖြစ်ကြောင်း ချေပလျှောက်လဲကြသည်။

တရားရုံးက ဒေါက်တာမာရေးသည် အာနိသင်အလွန်ပြင်းသောဆေးများကို လူနာအားအိမ်တွင်းသုံးစွဲရန်ခွင့်ပြုခဲ့ခြင်း၊ လူနာအားစောင့်ကြည့်ရန် ပျက်ကွက်ခြင်း၊ အရေးပေါ်ခေါ်ဆိုရန်ပျက်ကွက်ခြင်း၊ မိုက်ကယ်ဂျက်ဆင်အား ပရိုပိုဖော ဆေးများ ပေးထားခြင်းကို ဆေးရုံသို့ပြောပြရန်ပျက်ကွက်ခဲ့ခြင်းတို့ဖြင့် စွပ်စွဲခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။