Thursday, November 17, 2011

ကူဝိတ်ဝန်ကြီးချုပ်နှုတ်ထွက်ပေးရန်တောင်းဆို


ကူဝိတ်ဝန်ကြီးချုပ်နှုတ်ထွက်ပေးရန်တောင်းဆိုကြသောဆန္ဒပြသူများသည်ပါလီမန်အတွင်း အတင်းအဓမ္မဝင်ရောက် သွား ကြပြီး အပြင်တွင်လည်းရာနှင့်ချီသောလူအုပ်ကြီးရှိနေသည်။

ဗုဒ္ဓဟူးနေ့က ဆန္ဒပြသူများသည် ကူဝိတ်ဝန်ကြီးချုပ် ရှိတ်ခ်နက်ဆာမိုဟာမက်အယ်လ်-အာမက် အယ်လ်-ဆာဘား၏ နေအိမ်သို့ချီတက်သွားရောက်ကာ နှုတ်ထွက်ပေးရန်တောင်းဆိုခဲ့ကြပြီး ရဲများက နံပတ်တုတ်များအသုံးပြုကာ တားဆီးခဲ့ကြကြောင်း အတိုက်အခံ အမတ်တစ်ဦးက ပြောသည်။
“အခု ကျွန်တော်တို့ ပါလီမန်အဆောက်အဦထဲကို ဝင်ရောက်ခဲ့ပါတယ်။” ဟု ဆန္ဒပြပွဲကိုဦးဆောင်သူ မူဆယ်လမ် အယ်လ်-ဘားရက်ကပြောသည်။ ဆန္ဒပြပွဲတွင် နိုင်ငံရေးသမားနှင့်အတူ တက်ကြွလှုပ်ရှားသူလူငယ်များ ပါဝင်ကြပြီး လွှတ်တော်တွင် အကျင့်ပျက်ခြစားမှုများဖြစ်နေသဖြင့် ဖျက်သိမ်းပစ်ရန် တောင်းဆိုကြသည်။

ဆန္ဒပြသူများသည် ပါလီမန်အဝင်ပေါက်ဝ တံခါးကြီးကိုချိုးဖျက်ဝင်ရောက်ခဲ့ကြပြီး လွှတ်တော်ပင်မဆောင်ထဲသို့ ဝင်ရောက်သွားကြကာ နိုင်ငံတော်သီချင်းကိုသီဆိုပြီး မိနစ်အနည်းငယ်အကြာတွင် ပြန်လည်ထွက်လာခဲ့လေသည်။

လွှတ်တော်အပြင်ဘက်တွင် စုရုံးဆန္ဒပြကြပြီးနောက် ဝန်ကြီးချုပ်နေအိမ်သို့သွားရောက်ဆန္ဒပြရန် ချီတက်ကြရာတွင် ရဲများက တုတ်များကိုအသုံးပြုကာတားဆီးခဲ့ကြသည်။ အနည်းဆုံး လူငါးဦးခန့်ဒဏ်ရာရရှိခဲ့ပြီး နေရာမှာပင်ကုသ ပေးနေရသည်ဟု မျက်မြင်သက်သေများက ဆိုသည်။

အချို့သောတက်ကြွလှုပ်ရှားသူများက ဝန်ကြီးချုပ်နှုတ်ထွက်မပေးမချင်း ပါလီမန်အပြင်ဘက်တွင် စခန်းချဆန္ဒပြကြ မည်ဟု ဆိုသည်။
“ကျွန်တော်တို့ လမ်းမပေါ်မှာထွက်ပြီး ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြပြီးပါပြီ။ အကျင့်ပျက်နေတဲ့သူခိုးတစ်စုရဲ့လက် ထဲမှာ တိုင်းပြည်ကို ပစ်မထားနိုင်ပါဘူး ။ ပါလီမန်ရွေးကောက်ပွဲတွေ စောစောစီးစီးပြန်လည်ကျင်းပပေးဖို့ ကျွန်တော် တို့ တောင်းဆိုနေပါတယ်။ ” ဟု ယခင် ပါလီမန်အမတ်ဟောင်းတစ်ဦးဖြစ်သူ ဒေါက်တာ ဖာဟက် အယ်လ်-ခါနာ က အယ်လ်ဂျာဇီယာသို့ပြောသည်။
လွန်ခဲ့သောသုံးလခန့်က လွှတ်တော်ကိုယ်စားလှယ် ၅၀ ဦးရှိရာ ၁၆ ဦးသည်လာဘ်ငွေအဖြစ် ဒေါ်လာသန်း ၃၅၀ လက်ခံခဲ့ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ကူဝိတ်တွင်တင်းမာမှုများဖြစ်ပေါ်လာနေခြင်းဖြစ်သည်။

အတိုက်အခံများက ဝန်ကြီးချုပ်သည် ကူဝိတ်ကဲ့သို့ချမ်းသာသောနိုင်ငံတစ်နိုင်ငံကို ကောင်းစွာထိန်းကျောင်းနိုင်ခြင်း မရှိကြောင်းနှင့် အနှံ့အပြားဖြစ်ပွားနေသော အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်နိုင်စွမ်းမရှိကြောင်းပြောဆိုပြီး ဝန်ကြီးချုပ်နှုတ်ထွက်ပေးရန်တောင်းဆိုဆန္ဒပြမှုများကို ဦးဆောင်ခဲ့ကြခြင်းဖြစ်သည်။

လာဘ်ပေးလာဘ်ယူမှုများရှိနေသဖြင့် ဝန်ကြီးချုပ်ကိုနှုတ်ထွက်ပေးရန် အတိုက်အခံများတင်သွင်းသော အဆိုကို အစိုးရနှင့် ထောက်ခံသူများကပယ်ချခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့အစောပိုင်းက ကျင်းပသော ပါလီမန်အစည်းအဝေးကို အတိုက်အခံ ၂၀ ခန့်က သပိတ်မှောက်ခဲ့ကြသည်။
ထို့နောက် အတိုက်အခံအမတ်များက အကျင့်ပျက်ခြစားမှုများ၊ နိုင်ငံရပ်ခြားသို့ ငွေကြေးလွှဲပြောင်းမှုများနှင့် ပတ်သက်၍ ဝန်ကြီးချုပ်ကို မေးမြန်းစစ်ဆေးခွင့်ပြုရန်တောင်းဆိုခဲ့ကြသည်။

ဝန်ကြီးချုပ်သည် အသက် ၇၁ နှစ်ရှိပြီဖြစ်ပြီး ရာထူးစတင်ရယူစဉ် ၂၀၀၆ ဖေဖေါ်ဝါရီလကပင်စ၍ အတိုက်အခံများက ဝေဖန်ခဲ့ကြပြီး နှုတ်ထွက်ပေးရန် ၆ ကြိမ်တောင်းဆိုခံခဲ့ရပြီး ဖြစ်သည်။
ပါလီမန်ကိုလည်း ဖျက်သိမ်းပေးရန် သုံးကြိမ်တောင်းဆိုပြီးဖြစ်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။