Tuesday, November 15, 2011

အာဖဂန်-ပါကစ္စတန်နယ်စပ်တွင် အမေရိကန်ဒရုန်းဖြင့်တိုက်ခိုက်


အာဖဂန်နှင့်နယ်စပ် ပါကစ္စတန်ဒေသအတွင်း လက်နက်ကိုင်အဖွဲ့များတပ်စွဲထားသည့် နေရာတစ်ခုကို အမေရိကန် ဒရုန်းဟု ယူဆရသောတိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားခဲ့သဖြင့် လက်နက်ကိုင် ၆ ဦးသေဆုံးခဲ့သည်။
တာလီဘန်နှင့် အယ်လ်ကေဒါအဖွဲ့များ လှုပ်ရှားရာ မြောက်ဘက်ဝါဇီရီစတန်ရှိ မီရန်ရှားမြို့၊ မီရန်ရှားဈေးကို အင်္ဂါနေ့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ ဈေးထဲမှာရှိတဲ့ သူပုန်တွေရဲ့ အိမ်ဝင်းကို အမေရိကန်ဒရုန်းက ဒုံးကျည်နှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အတွက် လက်နက်ကိုင် ၆ ဦးသေဆုံးသွားပါတယ်။ ” ဟု အမည်မဖေါ်လိုသူ ရဲတစ်ဦးက AFP သတင်းသို့ပြောကြား ခဲ့သည်။ အခြားတစ်ဦးကမူ သေဆုံးသူ ၇ ဦးရှိသည်ဟု ဆိုသည်။

တိုက်ခိုက်မှုပြီးနောက် မီးခိုးလုံးများအူထွက်လာသည်ကို မြင်တွေ့ရကြောင်း ဆိုသော်လည်းသေဆုံးသူများမည်သူ မည်ဝါဖြစ်သည်ကို အတိအကျပြောဆိုနိုင်ခြင်းမရှိသေးကြောင်းဆို၏။
အမေရိကန်ကမူ တာလီဘန်နှင့် အယ်လ်ကေဒါတို့ ရှိမည်ဟုထင်ရသည့်နေရာများကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း လူသိရှင်ကြားထုတ်ဖေါ်ပြောဆိုခြင်းမရှိသေးပေ။ သို့သော် ယခုနှစ်အတွင်းမှာပင် အမေရိကန်သမ္မတအိုဘားမား လက်ထက်၌ ဒရုန်းကိုအသုံးပြုပြီး ပါကစ္စတန်နှင့် အာဖဂန်နယ်စပ်တွင် တိုက်ခိုက်မှုပေါင်း ၆၀ ကျော်ပြုလုပ်ခဲ့ကြောင်း AFP သတင်းဌာနက ဆိုသည်။
အမေရိကန်က ဘင်လာဒင်ကို ပါကစ္စတန်စစ်တပ်မြို့အတွင်း မေလအတွင်းက လျှို့ဝှက်သုတ်သင်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေးတင်းမာခဲ့ကာ အမေရိကန်တို့က ဒရုန်းလေယာဉ်များကို အသုံးပြု၍ တိုက်ခိုက်ခြင်းကိုလည်း ပါကစ္စတန်တွင် အများက ရှုံ့ချပြောဆိုလျှက်ရှိသည်။

လွန်ခဲ့သောလက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ပါကစ္စတန်သို့သွားရောက်ကာ ရက်ပိုင်း၊ အပတ်ပိုင်းအတွင်း အာဖဂန်လက်နက်ကိုင်အုပ်စုများအား လက်နက်ဖြုတ်သိမ်းပြီး နိုင်ငံတွင်းမှမောင်းထုတ်ရန် ၊ တာလီဘန်တို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ရန် ပါကစ္စတန်အစိုးရကို တောင်းဆိုခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။