Wednesday, November 16, 2011

အာရိုယိုကို နိုင်ငံတွင်းမှ ထွက်ခွါခွင့်ပိတ်ပင်


စင်္ကာပူနိုင်ငံသို့ သွားရောက်ဆေးကုသခံယူလိုသည့် ဖိလစ်ပိုင်သမ္မတဟောင်း ဂလိုရီယာမာကာပါဂယ်အာရိုယိုကို လက်ရှိအချိန်တွင် လာဘ်ပေးလာဘ်ယူမှုများဖြင့် စစ်ဆေးနေဆဲကာလဖြစ်သဖြင့် ဖိလစ်ပိုင်လူဝင်မှုက နိုင်ငံတွင်းမှ ထွက်ခွါခွင့် ပိတ်ပင်လိုက်သည်။
အာရိုယိုနှင့် သူမ၏ခင်ပွန်းသည်တို့ကို အထက်တရားရုံးတစ်ရုံးမှ နိုင်ငံအတွင်းမှ ထွက်ခွါခွင့်ပိတ်ပင်လိုက်ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။
လက်ရှိသမ္မတ ဘန်နစ်ဂနို အာကွီနိုက အာရိုယိုကို ရွေးကောက်ပွဲမသမာမှုများ၊ လာဘ်ပေးလာဘ်ယူမှုများဖြင့် တရားစစ်ဆေးဆဲကာလတွင် နိုင်ငံပြင်ပသို့ထွက်ခွါခွင့်ပေးလိုက်လျှင်ပြန်လာတော့မည်မဟုတ်ကြောင်း ပြောဆိုခဲ့ပြီး တရားရုံးက ထွက်ခွါခွင့်ပိတ်ပင်မိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“သူတို့ကို လေယာဉ်ပေါ်တက်ခွင့်တောင်မပေးပါဘူး။ လူမဆန်တဲ့ ရက်စက်တဲ့ အပြစ်ပေးမှုဖြစ်ပါတယ်။” ဟု အာရိုယို၏ရှေ့နေ ရာအူးလ်လမ်ဘီနိုက အစိုးရကို ဝေဖန်ပြောကြားလိုက်သည်။

အာရိုယိုနှင့် သူ့ခင်ပွန်းတို့ ဆေးရုံးကားဖြင့် လေယာဉ်ကွင်းမှ ပြန်လှည့်သွားရပြီးနောက် ဆေးရုံသို့ပြန်ရောက်သွား ကြောင်း မိတ်ဆွေတစ်ဦးဖြစ်သူ ရက်ပ်အက်ဒ်ဆဲလ်လက်ဂမန်က ပြောကြားခဲ့သည်။

“အရမ်းချုပ်ခြယ်ပြီး အရမ်းရက်စက်တဲ့ အပြုအမူဖြစ်ပါတယ်။ ကျွန်တော်အင်မတန်ဝမ်းနည်းပါတယ်။ စိတ်လည်း ဆိုးပါတယ်။ တရားရုံးချုပ်ရဲ့ အမိန့်ကိုသူတို့ဘယ်လိုလွန်ဆန်ရဲမလဲ။ ဒါအာဏာရှင် ဆန်တာပဲ။” ဟု အာရိုယို၏ ခင်ပွန်း ဟိုဆေးမစ်ဂွယ်အာရိုယိုက အစိုးရကို ဝေဖန်ပြောကြားခဲ့သည်။
အာရိုယိုသည် လက်တွန်းလှည်းပေါ်တွင် သူ့သားအကြီးဆုံး၊ သူ့ခင်ပွန်းတို့နှင့် အတူလိုက်ပါမည့်လေယာဉ်ကို လေယာဉ်ကွင်းအတွင်း စောင့်ဆိုင်းနေခဲ့ကြောင်း အယ်ဂျာဇီယာသတင်းထောက် မာဂါအော်တီဂါစ်က မြို့တော် မနီလာမှ သတင်းပေးပို့ခဲ့သည်။

တရားရုံးချုပ်သည် လူဝင်မှုဌာနနှင့် တရားရေးဌာနတို့ကိုကျော်ပြီး အမိန့်ထုတ်ခဲ့ကြောင်း၊ အခြားဥပဒေရေးရာဌာနများ ထက် တရားရုံးချုပ်၏ အမိန့်အာဏာက အကြီးဆုံးဖြစ်သည်ဟု ပြောဆိုပြီး ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း အော်တီဂါစ် က သတင်းပေးပို့ပြောကြားခဲ့သည်။

“ဗဟိုတရားရုံးချုပ် တရားသူကြီးတွေက အာရိုယိုသမ္မတဖြစ်စဉ်ကလည်း အာရိုယိုအကြိုက်လိုက်ပြီး လုပ်ဆောင်ခဲ့တဲ့ သူတွေဖြစ်တယ်လို့ တရားရေးဝန်ကြီးက စွပ်စွဲပြောကြားခဲ့ပါတယ်။”
“ဥပဒေကြောင်းအရ ရင်ဆိုင်ယှဉ်ပြိုင်မှုတွေ ရှိနေပါတယ်။ အာရိုယိုဟာ လွန်ခဲ့တဲ့အပတ်အနည်းငယ်လောက် ကစပြီး သူမတက်နေခဲ့တဲ့ဆေးရုံကို ပြန်ရောက်သွားရပေမယ့် ရှုံးနိမ့်သွားတာတော့ မဟုတ်သေးဘူးလို့ သူမရဲ့ရှေ့နေက ပြောပါတယ်။” ဟူ၍ သတင်းထောက်က သတင်းပေးပို့ခဲ့သည်။

ကျန်းမာရေးဝန်ကြီးသည် လွန်ခဲ့သောအပတ်က အာရိုယိုနှင့် သူမကိုကုသပေးနေသော ဆရာဝန်များနှင့် တွေ့ဆုံခဲ့ပြီး အာရိုယို၏ ကျန်းမာရေးအခြေအနေတိုးတက်လာကြောင်း ၊ အသက်အန္တရာယ်စိုးရိမ်ရသည့် အနေအထားမရှိကြောင်း ပြောခဲ့သည်ဟု သိရသည်။ အာကွီနိုက နိုင်ငံခြားမှဆရာဝန်များကို အာရိုယိုအားကုသရန် နိုင်ငံတွင်း ဝင်ရောက်ခွင့် ပြုမည်ဟု ပြောကြားခဲ့သည်။

အစိုးရအနေနှင့် အာရိုယိုအမှုကို အလျင်စလိုမလုပ်လိုကြောင်း၊ တရားဥပဒေမျက်မှောက်မှ အာရိုယိုနှင့် မိသားစုများ လွတ်မြောက်သွားမည်ကိုလည်း မလိုလားကြောင်း တရားရေးဝန်ကြီး လီအီလာဒီလီမာက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် အာရိုယိုသည် ကွန်ဂရက်လွှတ်တော် အမတ်တစ်ဦးဖြစ်ပြီး ၂၀၀၁ ခုနှစ်မှ ၂၀၁၀ အတွင်းသမ္မတ တာဝန်ထမ်းဆောင်စဉ်က မသမာမှုများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးခြင်းခံနေရသည်။ အာရိုယိုကမူ အပြစ်မရှိ ကြောင်း ငြင်းဆိုထားသည်။

အာရိုယိုပြည်ပသို့ထွက်ခွါမည်ဆိုလျှင် အစိုးရထံသို့ ဒေါ်လာ ၄၀,၀၀၀ ခန့်အာမခံငွေအပ်ပေးသွင်းထားရမည်ဖြစ်ပြီး ရောက်ရှိသည့်နိုင်ငံတွင်လည်း ဖိလစ်ပိုင်သံရုံးသို့ သွားရောက်အကြောင်းကြားရမည်ဖြစ်သည်ဟု တရားရုံးချုပ်က သတ်မှတ်ချက်ပြဋ္ဌာန်းထားသည်။

အာရိုယိုသည် မနီလာဆေးရုံတွင် ကျောရိုးခွဲစိတ်ကုသမှု သုံးကြိမ်ခံယူထားရပြီးဖြစ်သည်။ သူမ၏ လည်ပင်းတွင် ဦးခေါင်းကို ထိန်းပေးသည့် လည်ချောင်းရိုးထိန်းကိရိယာတစ်ခုဝတ်ဆင်ထားရပြီး သိုင်းရွိုက်အကြိတ်ရောဂါလည်း ခံစားနေရကြောင်း သူမ၏ ဆရာဝန်များက ပြောသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။