Friday, November 11, 2011

ဘရာဇီးတွင် မူးယစ်ဂိုဏ်းခေါင်းဆောင်တစ်ဦးကို ဖမ်းမိ


ဘရာဇီးနိုင်ငံ ရိုင်ရိုနယ်၏ အကြီးဆုံးမူးယစ်ဂိုဏ်းခေါင်းဆောင်ကို ဘရာဇီးရဲများဖမ်းဆီးရမိခဲ့သည်။ ရိုချီနာရပ်ကွက်သို့ ရဲများပိုက်စိပ်တိုက်ဝင်ရောက်စီးနင်းရှာဖွေရာတွင် သူ့ကိုကားတစ်စီး၏ နောက်ခန်းအတွင်းပုန်းအောင်းလိုက်ပါလာစဉ် ရှာဖွေဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဂိုဏ်းခေါင်းဆောင် အန်တိုနီယိုဘွန်ဖင်လုပ်စ် ခေါ် နမ် သည်ရိုင်ရိုနယ်အတွင်း အလိုအရှိဆုံးဒုစရိုက်ခေါင်းဆောင်ဖြစ်ပြီး နှစ်သုံးဆယ်မျှကြာအောင် မူးယစ်ဆေးရောင်းဝယ်ဖေါက်ကားသူများ ကြီးစိုးနေသော မြို့စွန်ရှိဆင်းရဲသားရပ်ကွက် တစ်ခုမှ ထွက်ပြေးရန်ကြိုးစားစဉ်တွင် ကြာသပတေးနေ့က ရဲက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

လုပ်စ်သည် မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားမှု၊ ပြန်ပေးဆွဲမှု၊ ငွေကြေးခဝါချမှု၊ လူသတ်မှုတို့ကို ကျူးလွန်ထား သော တရားခံဖြစ်ပြီး “မိတ်ဆွေတို့ရဲ့ မိတ်ဆွေများ” မူးယစ်ဂိုဏ်း၏ ခေါင်းဆောင်တစ်ဦးဖြစ်သည်။
ရိုင်ရို၏ ဆင်ခြေဖုံးရပ်ကွက်များတွင် လစဉ်ဒေါ်လာသန်းပေါင်းများစွာတန်သော မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကား နေသော ဂိုဏ်းဖြစ်သည်။
“ဂိုဏ်းကို ဖြိုခွဲလိုက်နိုင်တဲ့အတွက် ဥပဒေအောက်မှာ အေးအေးချမ်းချမ်းနေလိုတဲ့ ပြည်သူတွေအတွက် အင်မတန်ကောင်းပါတယ်။” ဟု ရိုင်ရို ရဲချုပ် အယ်လမ်ဘာတိုပင်ဟိုင်ရိုနီတိုကပြောသည်။

လုပ်စ်ပုန်းအောင်းလိုက်ပါလာသော ကား၏ နောက်ဖုံးခန်းကိုရဲများက ရှာဖွေမည်ပြုရာ ကားမောင်းလာသူများက ရဲများကို လာဘ်ထိုး၍ ရှာဖွေခြင်းမပြုရန် နှစ်ကြိမ်တောင်းဆိုခဲ့သေးကြောင်း ပြည်နယ်ရဲစုံထောက် ဗစ်တာပေါဘဲလ် ကပြောသည်။ သို့သော် ရဲများက လက်မခံဘဲ ရှာဖွေခဲ့ရာ ကားနောက်ဖုံးအတွင်း လုပ်စ်ကို အခုအခံအကာအကွယ် မဲ့ ဖမ်းဆီးနိုင်ခဲ့လေသည်။
လာမည့် ၂၀၁၄ တွင် ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်နှင့် ၂၀၁၆ တွင် အိုလံပစ်အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဘရားဇီး အစိုးရက ယင်းပွဲတော်များမတိုင်မီ မြို့ကြီးများရှိ ဒုစရိုက်ဂိုဏ်းများအား ရှင်းလင်းရေးကို စီမံချက်ချကာလုပ်ဆောင်နေ ခြင်းဖြစ်သည်။
ကြာသပတေးနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အဆိုပါရိုချင်နာဆင်းရဲသားရပ်ကွက်ရှိ လူဦးရေ ၁၀၀,၀၀၀ ခန့် အတွက် အကူအညီပေးရန် ဒေသခံများက တောင်းဆိုထားကြောင်း ရိုင်ရိုနယ် ရဲတပ်ဖွဲ့ကဆိုသည်။
ယင်းရပ်ကွက်အတွင်းရှိ ဒုစရိုက်သမားများ ထွက်ပြေးတိမ်းရှောင်သွားကြမည်ဖြစ်သည့်အတွက် ယင်းရပ်ကွက်ကို လာမည့်ရက်များအတွင်း လုံးဝထိန်းချုပ်နိုင်တော့မည်ဖြစ်ကြောင်းလည်း ဆိုသည်။

ဂိုဏ်းခေါင်းဆောင် လုပ်စ်ကိုဖမ်းဆီးရမိခြင်းသည် ရိုချင်နာနှင့် ဗီဒီဂယ်လ်ရပ်ကွက်များတွင်နေထိုင်ကြသောလူများ အတွက် အေးချမ်းသွားပြီဖြစ်ကြောင်း ၊ ယခုပတ်အကုန်တွင် ယင်းရပ်ကွက်နှစ်ခုစလုံးကို လုံးဝရှင်းလင်းနိုင်မည်ဖြစ် ကြောင်း ရိုင်ရိုအုပ်ချုပ်ရေးမှူး ဆာဂျီယိုကာဘရယ်လ်က ကြာသပတေးနေ့ကပြုလုပ်သော အင်တာဗျူးတွင် ပြောဆို သွားခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။