Wednesday, November 16, 2011

ဆိုမာလီပင်လယ်ဓါးမြခြောက်ဦးကို ပြင်သစ်တွင်ရုံးတင်


၂၀၀၈ ခုနှစ် အတွင်းက အေဒင်ပင်လယ်ကွေ့အတွင်း ရွက်လှေတစ်စင်းကို ပြန်ပေးဆွဲခဲ့သော ဆိုမာလီ ပင်လယ်ဓါးမြ ၆ ဦးကို ပြင်သစ်ကွန်မန်ဒိုများက ဖမ်းဆီးခဲ့ပြီးပြင်သစ်နိုင်ငံပဲရစ်မြို့တွင် ရုံးတင်စစ်ဆေးနေပြီဖြစ် သည်။
သူတို့ ၆ ဦးကို ပြင်သစ်နိုင်ငံသားနှစ်ဦးအား ပြန်ပေးဆွဲမှုဖြင့် အင်္ဂါနေ့က ပထမဦးဆုံးအကြိမ်ရုံးထုတ်ခဲ့သည်။
ယခုတရားစီရင်မှုသည် အာဖရိကဦးချို အလွန်ပင်လယ်ပြင်တွင် ပင်လယ်ဓါးမြများသောင်းကျန်းနေပြီး နိုင်ငံတကာ တွင် အန္တရာယ်အကြီးဆုံးရေပြင်ဖြစ်နေသည့် အပေါ်အဟန့်အတားတစ်ခုသဖွယ် ဖြစ်နိုင်ကြောင်း တာဝန်ရှိသူများက မျှော်လင့်ကြသည်။
တရားခံများမှာ အသက် ၂၁ နှစ်မှ ၃၆ နှစ်အတွင်းဖြစ်ကြပြီး ထောင်ဒဏ်တစ်သက်ကျခံရမည် ဖြစ်သည်။ ၂၀၀၈ ခုနှစ်စက်တင်ဘာလအတွင်းက ကာရီဒီအက်စ်ရွက်လှေကိုပြန်ပေးဆွဲပြီးဂျင်းရက်ဗ်စ်ဒီလန်နီနှင့် ဇနီးဖြစ်သူ ဘာနက်ဒီတီတို့ကို ၁၀ ရက်ကြာပြန်ပေးဆွဲဖမ်းဆီးထားခြင်းကြောင့် ပြင်သစ်ကွန်မန်ဒိုများက သွားရောက် ကယ်တင်ခဲ့ကြရသည်။

သူတို့အမှုကို ဒီဇင်ဘာလဆန်းပိုင်းလောက်အထိ တရားရုံးတွင် စစ်ဆေးသွားမည်ဖြစ်သည်။

အဆိုပါပင်လယ်ဓါးမြ ၆ ဦးသည် ပြင်သစ်စုံတွဲကို ပြန်ပေးဆွဲထားပြီး ပြန်ပေးငွေ ဒေါ်လာ ၄ သန်းတောင်းဆိုခဲ့ ကြောင်း၊ နောက်ပိုင်းတွင် ဒေါ်လာ ၂ သန်းသို့လျှော့ပေးလိုက်ပြီး ပဲရစ်တွင် ဖမ်းဆီးထားသော ပင်လယ်ဓါးမြ ၆ ဦးကို ပြန်လွှတ်ပေးရန်တောင်းဆိုခဲ့ကြောင်း တရားရုံးက ပြောကြားသည်။
ဆိုမာလီကမ်းလွန်ပင်လယ်ပြင်တွင် ပင်လယ်ဓါးမြများသောင်းကျန်းနေပြီး နိုင်ငံတကာအသိုင်းကလည်း နှိမ်နင်းမရ နိုင်အောင် ဖြစ်နေသည်။

ယင်းနယ်မြေအတွင်း ပြန်ပေးဆွဲခံရသူပေါင်း ၂၄၃ ဦး၊ သင်္ဘောဆယ်စင်းနှင့် ပြန်ပေးငွေပမာဏ ဒေါ်လာသန်းပေါင်း များစွာ ကုန်ဆုံးခဲ့ပြီးဖြစ်ကြောင်း ဥရောပသမဂ္ဂ ပင်လယ်ဓါးမြနှိမ်နင်းရေးအဖွဲ့ကြီးက တွက်ချက်ထားသည်။
ဖမ်းမိခဲ့သော ပင်လယ်ဓါးမြများထဲမှ ၉၀ ရာခိုင်နှုန်းခန့်မှာ တရားစီရင်နိုင်သည့်နေရာမရှိသည့်အတွက် ပြန်လည်လွှတ် ပေးလိုက်ရကြောင်း ပင်လယ်ဓါးမြရေးရာ ကုလသမဂ္ဂအကြံပေးဟောင်း ဂျက်လန်းကဆိုသည်။
အဘယ်ကြောင့်ဆိုသော် ဆိုမာလီတွင် ၁၉၉၁ ခုနှစ် ဆီအက်ဘာရီဖြုတ်ချခံရပြီး အကြမ်းဖက်မှုများကြောင့် အခြေခံ အဆောက်အဦများ မရှိတော့ဘဲ တရားစီရင်ရေးတွင် အခက်အခဲရှိပြီး၊ ဗဟိုအုပ်ချုပ်မှုလည်း ကင်းကွာနေသော ကြေင့် ဖမ်းဆီးရမိသူများကို တရားစီရင်နိုင်ခြင်းမရှိခဲ့ပေ။

“ဒီလိုအခြေအနေမျိုးအောက်မှာ ပင်လယ်ဓါးမြတွေ လွတ်ငြိမ်းခွင့်ရနေတာကျွန်တော်တို့ လက်ပိုက်ကြည့်နေ လို့မဖြစ်ဘူး။” ဟု ယခင်က ပြင်သစ်ယဉ်ကျေးမှုဝန်ကြီးလည်း ဖြစ်ခဲ့သူ လန်းက ရိုက်တာသို့ပြောသည်။
“သူတို့ကို မိရင် တရားစီရင်အပြစ်ပေးနိုင်တယ်ဆိုတာ ပင်လယ်ဓါးမြတွေသိလာအောင်လုပ်ပေးရမယ်။”

စုစုပေါင်း ပင်လယ်ဓါးမြ ၂၂ ဦးကိုပဲရစ်မြို့တွင်ဖမ်းဆီးထားပြီး တရားဥပဒေအရအပြစ်ပေးနိုင်ရန် စီစဉ်လျက်ရှိသည်။ သူတို့သည် အာဖရိကဦးချိုအနီးပင်လယ်ပြင်အတွင်း ပြင်သစ်သင်္ဘောများကို ဓါးမြတိုက်ခဲ့သူများဖြစ်သည်။
အင်္ဂါနေ့က တရားခွင်တွင် အချို့သောပင်လယ်ဓါးမြများက ဝန်ခံသော်လည်း အချို့က သူတို့တိုက်လိုသည်မဟုတ်ဘဲ အဓမ္မခေါ်ဆောင်ခိုင်းစေခံရခြင်းသာဖြစ်ကြောင်းထွက်ဆိုကြသည်။ ဆိုမာလီတွင် အနှစ် ၂၀ ခန့်ပြည်တွင်းစစ်ဖြစ်ပွား နေပြီး လက်နက်ကိုင်ဆောင်ထားသူများက သာမန်အရပ်သားများကို အဓမ္မဖမ်းဆီးခိုင်းစေခြင်းများ အနှံ့အပြားဖြစ် ပွားနေလျက်ရှိသည်။

“ဆိုမာလီမှာ လူတွေက သူတို့အနောက်မှာ ကန္တာရ၊ အရှေ့မှာ စက်ရုံသင်္ဘောတွေနဲ့ ညစ်ညမ်းပျက်စီးနေတဲ့ ပင်လယ်ကြားမှာနေနေကြရတယ်။ နိုင်ငံလို့တောင်ခေါ်လို့မရတော့ဘူး။”
“သူတို့မကောင်းမှုလုပ်နေတယ် ဆိုတာသိလည်း သူတို့မှာရွေးချယ်စရာလမ်းကမရှိတော့ လုပ်ရတော့တာပဲ။” ဟု တရားခံများ၏ရှေ့နေ ဂတ်စ်တေ့ဗ်ချာဗက် ကရိုက်တာသတင်းဌာနသို့ပြောသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။