Friday, November 18, 2011

ဂရိတွင် ဆန္ဒပြမှုများဖြစ်ပွား


ဂရိနိုင်ငံ အေသင်မြို့တွင် အစိုးရ၏ ဘဏ္ဍာရေးအစီအမံကို လက်မခံနိုင်သော ဆန္ဒပြသူများနှင့် ရဲများအဓိကရုဏ်း ဖြစ်ခဲ့သည်။ ၁၉၇၃ တွင်စစ်အစိုးရကိုဖြုတ်ချနိုင်ခဲ့သောနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ်ဆန္ဒပြသူများကချီ တက်ခဲ့ကြသည်။
ကြာသပတေးနေ့က မျက်နှာဖုံးတပ်လူငယ်တက်ကြွလှုပ်ရှားသူများ အမေရိကန်သံရုံးသို့ ချီတက်စဉ် ပါလီမန်အပြင်ဘက် တွင် စောင့်ကြပ်နေသောရဲများကို မီးလောင်ဗုံးများဖြင့် ပစ်ခတ်တိုက်ခဲ့သည်။
ရဲများက မျက်ရည်ယိုဗုံးများ၊ မူးဝေစေသောဗုံးများဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ပြီး အယောက် ၆၀ ခန့်ကိုဖမ်းဆီး စစ်ဆေး လျက်ရှိသည်။
ရဲများ၏ ပြောဆိုချက်အရ နိုဝင်ဘာ ၁၇ ရက်ဆန္ဒပြပွဲတွင် လူပေါင်း ၂၈,၀၀၀ ခန့်ပါဝင်ချီတက်ခဲ့ကြပြီး ယခုနှစ် အတွင်း ဖြစ်ပွားခဲ့သမျှတွင် အကြီးဆုံးဆန္ဒပြပွဲဖြစ်သည်။

အယ်ဂျာဇီယာသတင်းထောက် ဘာနပ်ဘီဖီးလစ် အေသင်မြို့မှ သတင်းပေးပို့ချက်အရ အေသင်မြို့တွင် ရဲအင်အား မြောက်မြားစွာချထားပြီး ပိတ်ဆို့ထားကြောင်း သိရသည်။

မျက်ရည်ယိုဗုံးများ၊ ဒိုင်းများနှင့် နံပတ်တုတ်ကိုင် အဓိကရုဏ်းနှိမ်နင်းရေးရဲသားအင်အား ၇၀၀ အပါအဝင်ရဲအင်အား ၇,၀၀၀ ခန့်ချထားကြောင်း တာဝန်ရှိသူများက ဆိုသည်။
နိုဝင်ဘာ ၁၇ ရက်နေ့သည် ဂရိတွင် နှစ်စဉ်နှစ်တိုင်း အထိမ်းအမှတ်ချီတက်ဆန္ဒပြသူများနှင့် စည်ကားလေ့ရှိသည်။
ထိုစဉ်က ခြောက်နှစ်မျှအုပ်ချုပ်ခဲ့သည့် အာဏာရှင်အစိုးရကိုထောက်ခံခဲ့သည့်အတွက် အမေရိကန်သံရုံးသို့ ချီတက် ဆန္ဒပြကြခြင်းဖြစ်ပြီး အမေရိကန်တို့ကလည်း ကွန်မြူနစ်တို့ကြီးစိုးလာမည်ကိုစိုးရိမ်သဖြင့်ကျားကန်ခဲ့ခြင်းဖြစ်သည်။
ခရိ၊ ပက်ထရာနှင့် တက်ဆာလိုနီကာမြို့များတွင်လည်း ဆန္ဒပြမှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဆန္ဒပြပွဲများတွင် ဂရိနိုင်ငံတော်အကြွေးများတိုးပွားလာနေခြင်းကို ဖြေရှင်းနိုင်ရန် အစိုးရမှစီစဉ်ထားသော ဘဏ္ဍာရေး အစီအမံကို မကျေနပ်သူများပါဝင်ပြီး လူကပ်စ်ပါပါဒမ်မို့စ်၏ ညွန့်ပေါင်းအစိုးရသစ်အတွက် ပထမဆုံးစိမ်ခေါ်မှုဖြစ် သည်။
ဗုဒ္ဓဟူးနေ့က ပါပါဒမ်မို့စ်အစိုးရအား ယုံကြည်ကြောင်း အဆိုကိုထောက်ခံမဲ ၂၅၅ မဲ၊ ကန့်ကွက်မဲ ၃၈ မဲဖြင့် အနိုင်ရ ရှိပြီးနောက်တစ်နေ့ ကြာသပတေးနေ့တွင် ဆန္ဒပြမှုများပေါ်ပေါက်လာခြင်းဖြစ်သည်။

နိုင်ငံတကာချေးငွေများပြန်ဆပ်နိုင်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးများလုပ်ဆောင်ရန် ဥရောပအသိုင်းအဝိုင်း၏ ဆန္ဒနှင့် အညီ ဂရိအစိုးရက သဘောတူညီရတော့မည်ဖြစ်သည်။ ဂရိတွင်နိုင်ငံရေးနှင့် ဈေးကွက်စီးပွားရေးပျက်စီးပြီးအကြွေးပေါင်းမြောက်များစွာတင်ရှိနေကာ ဥရောပအဖွဲ့အစည်းမှ ထုတ်ပယ်ခံရနိုင်သည့် အနေအထားမျိုးနှင့်ရင်ဆိုင်နေခဲ့ရပြီး သောကြာနေ့က ပါပါဒမ်မို့စ် အစိုးရတက်လာခဲ့သည်။ ပါပါဒမ်မို့စ်သည် ယခင်ကဘဏ်လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။

အောက်တိုဘာတွင်ကျင်းပမည့် ဥရောပသမဂ္ဂထိပ်သီးစည်းဝေးပွဲတွင် ဂရိစီးပွားရေးပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာမှ ဘဏ္ဍာရေးအစီအမံအရ ဒေါ်လာ ၁၇၇ ဘီလီယံလက်ခံရယူနိုင်ရေး လက်မှတ်ရေးထိုးရန် ဦးစားပေး ထားကြောင်း ပါပါဒမ်မို့စ်ပြောကြားခဲ့သည်။

အယုံအကြည်မရှိ အဆိုကိုမဲခွဲဆုံးဖြတ်ခြင်းမပြုမီ ပါလီမန်တွင် ပါပါဒမ်မို့စ်စကားပြောခဲ့သည်။ နောက်လာမည့် လအနည်းငယ်အတွင်း ကျင်းပမည့်ရွေးကောက်ပွဲတွင်သူ့ညွန့်ပေါင်း အဖွဲ့ဝင်များဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အစိုးရ က အောင်မြင်မည်ဟု မျှော်လင့်ချက်ရှိထားသော ကိစ္စများနှင့်ပတ်သက်ပြီး ဆန့်ကျင်ဘက်ပြုမူမှုများအပေါ် သတိပေး ပြောကြားခဲ့သည်။
သို့သော် လက်ရှိ ဂရိစီးပွားရေးပြဿနာနှင့်ပတ်သက်၍ ဥရောပသမဂ္ဂမှ ဖြေရှင်းပေးနိုင်မည်ဟု အကောင်းမြင် ပြောကြားခဲ့သည်။
“ဥရောပအဖွဲ့အစည်းအနေနဲ့ အကြပ်အတည်းကနေရုန်းထွက်သွားနိုင်တဲ့အခါ ကျွန်တော်တို့ဂရိမှာ လိုအပ်တဲ့ မူဝါဒတွေ ချမှတ်ဖို့ပဲရှိပါတယ်။ ဂရိကတော့ ဥရောပအသိုင်းအဝိုင်းမှာ ဆက်လက်တည်ရှိနေမှာပါ။”

အယ်ဂျာဇီယာသတင်းထောက်က အေသင်မြို့မှသတင်းပေးပို့ခဲ့ရာ “ဂရိအစိုးရရဲ့ စိမ်ခေါ်မှုက လက်ရှိအချိန်မှာ ငြိမ်သက်ပြီးနေတဲ့ လူထုကို မျှော်လင့်ချက်ပေးနိုင်ဖို့ပါပဲ။ အခုလမ်းတွေပေါ်မှာ ထွက်ပြီး ဆန္ဒပြနေတဲ့လူတွေက အစိုးရအတွက် စိမ်ခေါ်မှု မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် စီးပွားရေးမှောင်တိုက်ကျနေတဲ့ ဥမင်လှိုင်ခေါင်းအဆုံးက အလင်းစက်ကလေးတစ်ခုဖြစ်တယ်လို့တော့ သာမန်ဂရိလူမျိုးတွေရဲ့ စိတ်ထဲမှာ မှတ်ယူနိုင်အောင် ပါပါဒမ်မို့စ်အနေနဲ့ လုပ်ဆောင်ပြရမှာဖြစ်ပါတယ်။” ဟု သတင်းထောက်က သုံးသပ်ပြောကြားခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။