Monday, November 28, 2011

ဆေးခြောက်ပါဝင်သော ကွတ်ကီးမုန့်ကြောင့် ထောင်ဆယ်နှစ်အထိကျနိုင်


ကော်လိုရာဒို သတ္တတွင်းအင်ဂျင်နီယာကျောင်းမှ ကျောင်းသားတစ်ဦးထံသို့ ဆေးခြောက်ပါဝင်သော ကွတ်ကီးမုန့်သုံးခုနှင့် သကြားလုံးလေးခု ပါဝင်သော ပါဆယ်ထုပ် တစ်ထုပ်ကို သူငယ်ချင်းဖြစ်သူတစ်ဦးက စာတိုက် မှ ပို့ဆောင်ပေးလိုက်ရာ ဂျပန်နိုင်ငံတွင်ကျောင်းတက်နေသော အထက်ပါကျောင်းသားကို ဂျပန်အာဏာပိုင်များ က ဖမ်းဆီးထားသည်။ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်ဆယ်နှစ်အထိ ဂျပန်ထောင်အတွင်း ပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။

ဂျပန်နိုင်ငံတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဆောင်ရွက်နေလျက်ရှိပြီး အသက် ၂၅ နှစ်ရှိ ကျောင်းသား တင်မ်ဝီလ်ဆင်ကို ပြင်းထန်စွာအပြစ်ပေးခဲ့ခြင်းဖြစ်သည်။ ဝီလ်ဆင်သည် ကျောင်းသားဖလှယ် ပညာသင်ကြားရေးအစီအစဉ်ဖြင့် အမေရိကန်မှ ဂျပန်နိုင်ငံသို့လာရောက်ကာ တိုဟုကုတက္ကသိုလ်တွင် လာရောက်ပညာသင်ကြားနေခြင်းဖြစ်သည်။ သူ့ကို ပြီးခဲ့သည့် သြဂုတ်လအတွင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ထိန်းသိမ်းထားဆဲဖြစ်သည်။

“သူတို့က အမှုကိုနောက်ပြန်ဆွဲနေတယ်။ အစက သူတို့ပြောတာ အောက်တိုဘာ ၂၄ ရက်နေ့ ထက်နောက် မကျစေရပါဘူးလို့ပြောတယ်။ နောက်တော့ ဒီဇင်ဘာလို့ပြောပြန်တယ်။ လွန်ခဲ့တဲ့ နှစ်ပတ်ကကျတော့ ဇန်နဝါရီလ လောက်မှ ဖြစ်သွားပြီ။” ဟု ၎င်း၏ ဖခင်ဖြစ်သူ ဂျက်ဖ်ဝီလ်ဆင်က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

တင်မ်ဝီလ်ဆင်၏ အမည်မဖေါ်လိုသော သူငယ်ချင်းဖြစ်သူတစ်ဦးက မေလအတွင်းက မြေပဲယိုကွတ်ကီးသုံးခုနှင့် ချီးဘားချူးသကြားလုံး လေးခုအား စာအုပ်များ၊ စီဒီများနှင့် ရောညှပ်ကာ တင်မ်ဝီလ်ဆင်ထံသို့ ပို့ပေးလိုက်ကြောင်း ဆိုသည်။
သို့သော် ယင်းပါဆယ်ထုတ်မှာ တင်မ်ဝီလ်ဆင်ထံသို့ရောက်မလာခဲ့ပေ။ ဇွန်လတွင် ဂျပန်အကောက်ခွန်အရာရှိများက ပါဆယ်ထုတ်ကို သိမ်းဆည်းထားလိုက်ပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် တင်မ်ဝီလ်ဆင်ကို သြဂုတ်လ ၃ ရက်နေ့တွင် ဖမ်းဆီးလိုက်သည်။

သူ့သားအနေနှင့် ထောင်ဒဏ်ဆယ်နှစ်ခန့်ကျခံရနိုင်ကြောင်း ဖခင်ဖြစ်သူ ဂျက်ဖ်ဝီလ်ဆင်ကပြောသည်။
“၁၀ ရက် ၊ ရက် ၂၀ အတွင်း အားလုံးရှင်းလင်းသွားမယ်လို့ မျှော်လင့်ပါတယ်။ သူပြန်လွတ်လာမှာပါ။” ဟု ဂျက်ဖ်ဝီလ်ဆင်ကပြောသည်။

တင်မ်ဝီလ်ဆင်သည် ကော်လိုရာဒိုတွင် ဆေးခြောက်ပါဝင်သော ဆေးဝါးများသုံးစွဲနေရသည့် လူနာတစ်ဦးအဖြစ် မှတ်ပုံတင်ထားရသူဖြစ်သည်။ အမေရိကန်တွင် ပြည်ထောင်စု၊ ပြည်နယ်အစိုးရများတွင်လည်း ယင်းသို့သော မူးယစ်ဆေးဝါးဆက်စပ်ပစ္စည်းများကို စာတိုက်မှ တင်ပို့ခွင့်ပိတ်ပင်ထားသည်။ ဝီလ်ဆင်သည် ကျောနာသော ဝေဒနာ အတွက် ယင်းဆေးများမှီဝဲနေရကြောင်းထောက်ခံချက် ကဒ်ပြားကိုင်ဆောင်ထားသည်။

ဂျက်ဖ်ဝီလ်ဆင်က သူ့သားသည် ယင်းစားစရာများကို မည်သည့်အခါကမျှ တောင်းဆိုခြင်းမရှိခဲ့ကြောင်း၊ သူငယ်ချင်းဖြစ်သူက သူ့သဘောနှင့်သူ ဂျပန်သို့ လိပ်မူကာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
တင်မ်ဝီလ်ဆင်နှင့် သူ့သူငယ်ချင်းဖြစ်သူတို့၏ အပြန်အလှန်ပေးပို့ထားသော အီးမေးလ်များကို စစ်ဆေးရာတွင် ဂျပန် သို့ ယင်းစားစရာများ ပို့ဆောင်မှုနှင့် ပတ်သက်၍ ပြောဆိုကြရာ တင်မ်ဝီဆင်က “အေး .. ကောင်းတယ်။” ဟု ပြန်လည်ရေးသားထားသည်ကို တွေ့ရှိရသဖြင့် သံသယဖြစ်ဖွယ်ရှိနေသည်။
ဂျက်ဖ်ဝီလဆင်က သူ့သားဖြစ်သူသည် ယင်းအချိန်က ထိုစကားရပ်ကို သုံးစွဲခဲ့ခြင်းမှာ ထေ့လုံး၊ ငေါ့လုံးအဖြစ်သာ သုံးစွဲခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။
သဘာဝဘေးအန္တရာယ်ကျရောက်ဒေသများ ပြန်လည်ထူထောင်ရေးနှင့် ကူညီကယ်ဆယ်ရေးများတွင် တင်မ်ဝီလ်ဆင် သည် လုပ်အားပေးအနေနှင့် ဝင်ရောက်ဆောင်ရွက်လုပ်ကိုင်နေသူတစ်ဦးလည်းဖြစ်သည်။

အမေရိကန်နိုင်ငံ ဒန်ဗာမြို့ ရှေ့နေတစ်ဦးဖြစ်သူ တွမ်မက်နာမာရာ နှင့် ဒေးဗစ်၊ ဂရေဟမ်၊ စတပ်ဘ် စသူတို့ အပါအဝင် နိုင်ငံတကာဥပဒေရေးရာကျွမ်းကျင်သူများက ဂျပန်မူးယစ်ဆေးဝါးဥပဒေသည် အလွန်ပြင်းထန်တင်းကြပ် သော ဥပဒေဖြစ်ကြောင်းဆိုသည်။
“ ဆေးခြောက်ရဲ့ ပမာဏက အရေးမကြီးဘူးဗျ။ တစ်ဂရမ်နဲ့ ငါးကီလိုဆိုတာ ဂျပန်မှာ အတူတူပဲ။” ဟု တွမ်က ပြောသည်။

ဂျပန်သို့ စာတိုက်မှ တစ်ဆင့် မူးယစ်ဆေးတင်သွင်းလာသည့် လုပ်ငန်းများအပေါ်ဂျပန်အာဏာပိုင်များကလည်း မကြာသေးမီကမှ အာရုံပြုကိုင်တွယ်လာနေကြောင်းလည်း တွမ် ကပြောပြသည်။
သူ့သား၏ အဖြစ်ကို အများကအာရုံစိုက်လာအောင် ဖခင်ဖြစ်သူ ဂျက်ဖ်ဝီလ်ဆင်က ကြိုးစားဆောင်ရွက်နေကြောင်း သိရသည်။
“သူတို့တွေ မှားယွင်းဖမ်းဆီးထားတာပဲဗျာ။” ဟု သူက ပြောသည်။

တင်မ်ဝီလဆင်သည် သတ္တုတွင်းဘာသာရပ်တွင် အဆင့် ၃.၉၈ ရရှိကြောင်း၊ တက္ကသိုလ်တာဝန်ရှိသူများက တွမ်ဝီလ်ဆင် အနေနှင့် ရို့ဒ်စကောလား ပညာသင်ဆုရရှိနိုင်သည်ဟု ထင်ကြေးပေးထားကြောင်း စာတစ်စောင်ကို 9news သတင်းသို့ ပြသကာပြောကြားခဲ့သေးသည်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။