Wednesday, November 2, 2011

ရေကြီးမှုနောက်ဆက်တွဲရောဂါများ ထိုင်းတွင်ဖြစ်ပွားနိုင်


ဘန်ကောက်မြို့စွန် အရှေ့မြောက်ပိုင်းရှိလူနေရပ်ကွက်များမှ လူများက အစိုးရသည်မြို့လည်ခေါင်ကိုရေလွှမ်းမိုးမှုမရှိ စေရန် အကာအကွယ်အတားအဆီးများလုပ်ထားသဖြင့် သူတို့အိမ်များတွင်ရေများပိုမိုနစ်မြုပ်ရသည်ဟု ပြောဆိုပြီး တူးမြောင်းများရှိ ရေတား၊ ရေလွှဲများကိုဖျက်ဆီးပစ်ခဲ့ကြသည်။
ထိုဒေသများရှိလူများကသူတို့အိမ်တွင်းတက်နေသောရေများလျော့ ရေတားများကိုသူတို့၏လက်များဖြင့်ပင် ဖယ်ရှားဖျက်ဆီးနေခဲ့ကြကြောင်း အယ်လ်ဂျာဇီယာသတင်းထောက် ၀ိန်းဟေးက ဘန်ကောက်မှနေ၍သတင်းပေးပို့ခဲ့ သည်။
ထို့ကြောင့် အဆိုပါရေတားများ ထားရှိရာနေရာများတွင် ရဲအင်အား ၄၀၀ ခန့်ချထားပြီး မြို့လည်ရှိစက်မှုလုပ်ငန်းရှိရာ နေရာများကိုရေလွှမ်းမိုးမှုမှကာကွယ်ထားရန်အရေးကြီးကြောင်းဆိုသည်။
ဘန်ကောက်မြို့လည်တွင်ရေလွှမ်းမိုးမှုကိုလျှော့ချနိုင်သော်လည်း မြို့စွန်များတွင်နေသူများက ဒေါသထွက်နေကြပြီး နောက်ထပ်ရေတားများကို ဖျက်ဆီးခံရမည့်အန္တရာယ်ရှိနိုင်ကြောင်း ၀ိန်းဟေးက သတင်းပေးပို့ခဲ့သည်။

ရေတားများအပေါ်အများပြည်သူ၏ ဒေါသထွက်မှုများသည် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများအကြားနိုင်ငံရေးအား ပြိုင်မှုတစ်ခုဖြစ်လာသည်။ စက်မှုဇုန်နှစ်ခုအတွင်းသို့ရေလွှမ်းမိုးမှုများဖြစ်လာနိုင်ခြင်းကြောင့် တာဝန်ရှိသူများက တားမြစ်နေသည့်ကြားက ၀န်ကြီးချုပ်ယင်လပ်က ရေတား တစ်မီတာခန့်ဖွင့်ချပေးရန် အမိန့်ပေးခဲ့သည်။

ကျောက်ဖရားမြစ်ရေမှာ ၃.၃ မီတာအမြင့်သို့ရောက်ရှိလာပြီး ရက်ပိုင်းအတွင်းအမြင့်ဆုံးရေမှတ်သို့ရောက်ရှိလာခြင်း ဖြစ်သည်။ ဘန်ကောက်တွင် လူဦးရေး ၁၂ သန်းရှိပြီး မြို့လယ်သို့ရေများဝင်ရောက်လာနိုင်ခြင်းမရှိစေရန် ရေတားများ ကိုဆက်လက်ထားသင့်ကြောင်း အာဏာပိုင်များက ဆိုသည်။
ဘန်ကောက်တွင် ယခုအချိန်အထိရေလွှမ်းမိုးမှုနောက်ဆက်တွဲရောဂါများကြောင့်သေဆုံးမှုများမရှိသေးပေ။ သို့သော် ထိုင်းအာဏာပိုင်များက ရေလွှမ်းမိုးမှုကြောင့် ယခုအချိန်အထိ သေဆုံးသူ ၄၂၇ ယောက်ရှိသွားပြီဖြစ်ပြီး ယမန်နေ့က ထက် ၄၂ ယောက်တိုးလာကြောင်း ဆိုသည်။

ဘန်ကောက်မြို့သည် နိုင်ငံ၏ စီးပွားရေးအချက်အခြာဒေသဖြစ်ပြီး GDP ၄၁% ထုတ်လုပ်သောဒေသဖြစ်ကာ ရေလွှမ်းမှုမှ အတော်အတန်သက်သာရာရနေခဲ့သည်။ ဆိုးဆိုးဝါးဝါးရေလွှမ်းမိုးခြင်းခံခဲ့ရသောမြောက်ပိုင်းနှင့် ဘန်ကောက်အနောက်ဘက် ဒေသများတွင်မူ ရောဂါဘယများထူပြောလာမည့် အရေးကိုစိုးရိမ်နေကြသည်။

ယင်းဒေသများတွင် ရေများကရက်သတ္တပတ်အတန်ကြာအောင် လွှမ်းမိုးလျှက်ရှိပြီး အမှိုက်သရိုက်များ၊ ရေဆိုးမြောင်း များမှ ရေများဖြင့် ပြည့်လျှက်ရှိပြီး ရေကြောင့်ဖြစ်သောရောဂါများဖြစ်ပွားရန် အလားအလာရှိသည်။
ရေမျက်နှာပြင်မြင့်တက်လာခြင်းနှင့် ရောဂါဘယများဖြစ်မည်ကိုကြောက်ရွံ့သောကြောင့် အဆိုပါဒေသမှ လူအများ သည် အိုးအိမ်များကိုစွန့်ခွာ၍ ရေလွတ်ရာသို့ ထောင်ပေါင်းများစွာပြောင်းရွှေ့နေထိုင်လျှက်ရှိကြသည်။

ဘန်ကောက်မြို့တွင်နေထိုင်သူတစ်ဦးဖြစ်သော ဒါရန်နီပူတက်ခွန်က ရေလွှမ်းမိုးမှုကြောင့် ရုံးဝန်ထမ်းအလုပ်ကို ရပ်နားပြီး ရေလွတ်ရာသို့သွားရန်ဆုံးဖြတ်လိုက်ကြောင်းရိုက်တာသို့ပြောသည်။
မြန်မာနိုင်ငံမှလာရောက်အလုပ်လုပ်ကိုင်လျက်ရှိသော ရွှေ့ပြောင်းအလုပ်သမားအတွက်မူ ရွေးချယ်စရာသိပ်မရှိပေ။
ယင်းတို့ထဲမှ ရွှေ့ပြောင်းအလုပ်သမား ၂၅၀ ခန့်သည် နေရေးထိုင်ရေး၊ စားရေးသောက်ရေး အခက်အခဲဖြစ်လျက်ရှိ သည်။
`ဒီမှာလည်း အလုပ်က မရှိဘူး။ အိမ်လည်းမပြန်နိုင်ဘူး။ မကြာခင်တော့ရေပြန်ကျပြီး အလုပ်ပြန်လုပ်နိုင်မယ် လို့တော့ မျှော်လင့်တာပဲ။´ ဟု အသက် ၃၄ နှစ်ရှိမြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်သူ မချိုသဲက ရိုက်တာသတင်းဌာနသို့ ပြောပြခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။