Monday, November 14, 2011

ပေါ့လန်းသပိတ်စခန်း ဆန္ဒပြသူများက မြို့တော်ဝန်အမိန့်ကိုဖီဆန်

ပေါ့လန်းမြို့ ပန်းခြံအတွင်းမှ ဆန္ဒပြနေသူများ

အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ်၊ ပေါ့လန်းတွင်း ပန်းခြံအတွင်းသပိတ်စခန်းဖွင့်ကာဆန္ဒပြနေကြသော “Occupy” လှုပ်ရှားသူများသည် မြို့တော်ဝန်၏ ဖယ်ရှားပေးရန်အမိန့်ကိုဖီဆန်ကာ ဆက်လက်စုရုံးနေကြသဖြင့် ပေါ့လန်းရဲများက ပန်းခြံကို ဝိုင်းရံထားသည်။

ပေါ့လန်းမြို့တော်ဝန် ဆမ်အာဒမ်စ်က တနင်္ဂနွေနေ့ညတွင် ပန်းခြံကိုသန့်ရှင်းရေးလုပ်ရန်အကြောင်းပြချက်ဖြင့် ပန်းခြံတွင်းစုဝေးနေကြသူ များကို ဖယ်ရှားရန်အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် အမိန့်ကိုဖီဆန်သည့်အနေနှင့် လှုပ်ရှားမှုကိုအားပေးသည့်လူများနှင့် စနေနေ့တွင် ဆန္ဒပြသူများနောက်ထပ်စုရုံးရောက်ရှိလာရာ လူပေါင်း ၅,၀၀၀ ခန့်အထိတိုးပွားလာခဲ့လေသည်။
တနင်္ဂနွေနေ့လည်ခန့်က ပန်းခြံအတွင်းစုဝေးနေကြသူများက နောက်ထပ်လှုပ်ရှားမှုများအတွက် စည်းဝေးတိုင်ပင်နေ ကြစဉ် ပေါ့လန်းရဲများက အပြင်မှနေ၍ ပန်းခြံပတ်ပတ်လည်ကို ဝိုင်းထားကြသည်။
ထို့နောက် ရဲက ဆန္ဒပြသူအယောက် ၅၀ ခန့်ကိုဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း AP သတင်းကဖေါ်ပြခဲ့သည်။
မြင်းစီးပုလိပ်များက နံပါတ်တုတ်များကိုအသုံးပြုကာ ဆန္ဒပြသူများကို မောင်းနှင်ရိုက်ထုတ်နေစဉ် အချို့ရဲများက အသံချဲ့စက်များဖြင့် ဖယ်ရှားပေးရန် အမိန့်ကိုမနာခံပါက ဖမ်းဆီးခံရမည်ဖြစ်ကြောင်း၊ ဓါတုဆေးဝါးများ၊ နံပါတ်တုတ် များကို အသုံးပြုကာအင်အားသုံးဖယ်ရှားခြင်းခံရမည်ဖြစ်ကြောင်းလိုက်လံကြေငြာလေသည်။
“ကျွန်တော်တို့ရှေ့ဆက်ဘာလုပ်ကြမယ်ဆိုတာကိုပြောဆိုဆွေးနွေးနေတုန်းပဲရှိသေးတယ် ရဲတွေက လူတွေကိုလိုက်ရိုက်နေတာကိုကြည့်ရတာ လူတွေကိုအမှိုက်သရိုက်တွေကျနေတာပဲဗျာ။” ဟု အသက် ၂၇ နှစ်ရှိ မိုက်ဆွန်းကပြောသည်။

တနင်္ဂနွေနေ့၌ပင် ကာလီဖိုးနီးယားပြည်နယ် ဥက္ကလံ၌လည်း တာဝန်ရှိသူများက ဆန္ဒပြသူများကို မြို့တော်ရုံးများ အရှေ့ရှိ ပလာဇာရင်ပြင်တွင် စုရုံးခွင့်မရှိကြောင်း ၊ ချက်ခြင်းဖမ်းဆီးအရေးမည်ဖြစ်ကြောင်းသတိပေးပြောကြားခဲ့ သည်။ သပိတ်စခန်းနေရာကို ရဲများကအင်အားသုံးဖြေရှင်းမည်လားဟု မေးမြန်းရာတွင် တစ်စုံ တစ်ရာပြန်လည်ဖြေကြားခြင်းမရှိပေ။

ကြာသပတေးနေ့က ဥက္ကလံသပိတ်စခန်းအနီးတွင် လူတစ်ယောက်သေနတ်ဖြင့်အပစ်ခံရပြီးသေဆုံးသွားရာမှအစပြု၍ သပိတ်စခန်းကို ပိတ်ပစ်ရန် တောင်းဆိုမှုများတိုးပွားလာလေသည်။
သေနတ်ပစ်သေဆုံးမှုသည် သပိတ်စခန်းနှင့် သက်ဆိုင်မှုမရှိကြောင်း ဆန္ဒပြသူများက ဖြေရှင်းကြသော်လည်း သပိတ်စခန်းဖွင့်လှစ်ဆန္ဒပြရသည့် အကြောင်းအရင်းထက် အကြမ်းဖက်မှုများ၊ အဓိကရုဏ်းများဖြစ်ပွားစေသည်ဟူ သောအကြောင်းပြချက်ဖြင့် သပိတ်စခန်းကိုပိတ်ပစ်ရန် သက်ဆိုင်ရာက အားထုတ်လာသည်။ ဥက္ကလံသည် အမေရိကန်တွင် အကြမ်းဖက်မှုအများဆုံး မြို့တော်များထဲတွင် တစ်မြို့အပါအဝင်ဖြစ်သည်။

သေနတ်ပစ်သေဆုံးမှုနှင့် တစ်နေ့တည်းမှာပင် ဘာလင်တန်၊ ဗားမောက်ရှိ သပိတ်စခန်း၏ တဲအတွင်း အသက် ၃၅ နှစ်ရှိ စစ်မှုထမ်းဟောင်းတစ်ဦး မိမိကိုယ်ကိုယ်သတ်သေသည်ဟု ယူဆရသော လူသေမှုတစ်ခုဖြစ်ပွားခဲ့သေးသည်။
ရဲက စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ယင်းစစ်ပြန်သည် မိမိခေါင်းကို သေနတ်ဖြင့် မိမိဘာသာပစ်သတ်သေဆုံးခဲ့သည်ဟု ကောက်ချက်ချခဲ့သော်လည်း သပိတ်စခန်းကိုဆက်လက်ထားရှိခွင့် ပြုသင့်၊ မပြုသင့်ဟူသော ကိစ္စပေါ်ပေါက်လာလေ တော့သည်။

သေဆုံးသူ အီရတ်စစ်ပြန် စကော့အိုလ်ဆင်း သည် "Occupy Oakland” လှုပ်ရှားမှုအတွင်းရဲများက အကြမ်းဖက် ဖြိုခွင်းခဲ့ရာ ဦးခေါင်းတွင်ဒါဏ်ရာရရှိပြီး ဆေးကုသမှုခံယူကာဆေးရုံမှပြန်ဆင်းလာသူ တစ်ဦးဖြစ်ကြောင်း သူ၏ မိတ်ဆွေများက တနင်္ဂနွေနေ့က ပြောသည်။
မြောက်ကာလီဖိုးနီးယား ချပ်ပယ်ဟေးလ်မြို့တွင်လည်း ရဲနှစ်ဆယ့်လေးယောက်ခန့်က ဆန္ဒပြသူ ၈ ယောက်ကို လိုက်လံဖမ်းဆီးခဲ့သည်။
စက်တင်ဘာလမှ စတင်၍ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တော်တွင် "Occupy Wall Street” လှုပ်ရှား မှုများနောက်ပိုင်း အမြို့မြို့အနယ်နယ်တွင် "Occupy” လှုပ်ရှားမှုများပေါ်ပေါက်လာခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။