Tuesday, November 15, 2011

အာဆက်နှုတ်ထွက်သင့်ကြောင်း ဂျော်ဒန်ဘုရင်ပြော


ဆီးရီးယားပြည်သူများ၏ အကျိုးစီးပွားအလို့ငှာ ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆက်ကို နှုတ်ထွက်ပေးရန် ဂျော်ဒန်ဘုရင်က တောင်းဆိုလိုက်သည်။
ဆန္ဒပြသူများကို ရက်ရက်စက်စက်အင်အားသုံးနှိမ်နင်းမှုများကြောင့် ဆီးရီးယားကို အာရပ်အဖွဲ့ချုပ်မှ ထုတ်ပယ်လိုက် ပြီး နှစ်ရက်အကြာတွင် ဘီဘီစီနှင့် တနင်္လာနေ့ကပြုလုပ်သောအင်တာဗျူးတွင် ဂျော်ဒန်ဘုရင်က ယင်းသို့ပြောဆို လိုက်ခြင်းဖြစ်သည်။
ကိုင်ရိုတွင် ရုံးစိုက်ထားသော အာရပ်အဖွဲ့ချုပ်မှ ဆီးရီးယား၏ အကြမ်းဖက်နှိမ်နင်းမှုများရပ်တန့်ရန် နိုဝင်ဘာလ ၁၆ ရက်နေ့အထိ အချိန်ပေးထားပြီး ၊ မရပ်ဆိုင်းပါက အာရပ်အဖွဲ့ချုပ်မှ ထုတ်ပယ်မည်ဟု သတိပေးထားခြင်းဖြစ်သည်။
“သူ့နေရာမှာ ကျွန်တော်သာဆို နှုတ်ထွက်လိုက်ပါပြီ။ နှုတ်ထွက်ပေးပြီး နောက်တက်လာမယ့် ဘယ်သူ့ကိုပဲ ဖြစ်ဖြစ်အပြောင်းအလဲတွေ လုပ်ပေးနိုင်အောင် အသေအချာပြင်ဆင်ပေးလိုက်မှာပါ။” ဟု ဂျော်ဒန်ဘုရင် အဘ္ဘဒူလာ ကပြောကြားခဲ့သည်။ လွန်ခဲ့သောလကတည်းကစ၍ ဆီးရီးယားတွင် အစိုးရဆန့်ကျင်ဆန္ဒပြသူများကို ရက်ရက်စက် စက် နှိမ်နင်းနေမှုများအပေါ်ဂျော်ဒန်က ဝေဖန်လာခဲ့သည်။
ဂျော်ဒန်ဘုရင် အဘ္ဘဒူလာသည် ဆီးရီးယား၌ရှစ်လမျှ တိုင်းပြည်တွင်းမငြိမ်မသက်ဖြစ်နေမှုကြောင့် အာဆက်အနေနှင့် ရာထူးမှနှုတ်ထွက်ပေးပြီး နှုတ်ထွက်ပေးခြင်း မပြုမီ နိုင်ငံရေးအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးကာ အပြောင်းအလဲ အတွက် လမ်းပြပေးသင့်ကြောင်း ပထမဆုံး ပြောကြားလိုက်သည့် အာရပ်ခေါင်းဆောင်တစ်ဦးဖြစ်သည်။

“အခြေအနေကဒီအတိုင်းသွားနေလို့မရတော့ဘူး။ ဒါကြောင့် အာဆက်အနေနဲ့ တိုင်းပြည်အကျိုးအတွက် ကြည့်တယ်ဆိုရင် ဆင်းပေးလိုက်သင့်ပါပြီ။ နိုင်ငံရေးရပ်ဝန်းအသစ်တစ်ခု အပြောင်းအလဲဖြစ်ဖို့ လုပ်နိုင်စွမ်းအား ရှိတယ်ဆိုတာလည်း ပြသရာရောက်ပါလိမ့်မယ်။” ဟု ဂျော်ဒန်ဘုရင်က ဆိုသည်။

အယ်ဂျာဇီယာသတင်းထောက် နစ္စရင်းအယ်လ်-ရှာမေလဲက ဂျော်ဒန်နယ်စပ်မြို့ အမ္မာန်မှ သတင်းပေးပို့ခဲ့ရာ
“ဆီးရီးယားအပေါ်ထားတဲ့ ဂျော်ဒန်ရဲ့ သဘောထား တစ်ဆစ်ချိုးပြောင်းလဲလာတဲ့သဘောပါ။ လွန်ခဲ့တဲ့လ တွေတုန်းက ဂျော်ဒန်အနေနဲ့ဆီးရီးယားအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ဖို့ရှောင်ရှားလေ့ရှိပါတယ်။”
“ဆီးရီးယားနဲ့ ဂျော်ဒန်ဆိုတာလည်း ဘယ်တုန်းကမှရင်းရင်းနှီးနှီးဆက်ဆံခဲ့တဲ့နိုင်ငံတွေ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းကဆိုရင် မကြာခဏတင်းမာမှုတွေတောင်ဖြစ်ခဲ့ပါသေးတယ်။ ဂျော်ဒန်ဘုရင် အခုလို ပြောလိုက်တာ ဘယ်လောက်အထိတာသွားလဲ ဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။” ဟု သတင်းထောက်က ပြောသည်။

ဆီးရီးယားကို အာရပ်အဖွဲ့ချုပ်မှ ထုတ်ပယ်ခြင်းအပေါ် ဂျော်ဒန်အနေနှင့် မည်သည့်အခန်းကဏ္ဍမှပူးပေါင်းဆောင်ရွက် ရမည်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ အင်္ဂါနေ့တွင် ဂျော်ဒန်ဝန်ကြီးအဖွဲ့အစည်းအဝေးပြုလုပ်မည်ဖြစ်ကြောင်း အယ်လ်-ရှာမေလဲက သတင်းပေးပို့ခဲ့သည်။ ဂျော်ဒန်သံအမတ်ကို ဆီးရီးယားမှ ပြန်ခေါ်နိုင်ဖွယ်ရှိကြောင်းလည်း သတင်းထောက်က သုံးသပ်ခဲ့သည်။
လန်ဒန်စီးပွားရေးကျောင်း၊ အရှေ့အလယ်ပိုင်းဌာနမှ ဒါရိုက်တာ ဖေါဝက်ဇ်ဂါ့ဂတ်စ်က ဂျော်ဒန်ဘုရင်သည် အာဆက်ကို နှုတ်ထွက်ရန် တောင်းဆိုခဲ့သော်လည်း အာဆက်အနေနှင့်ရာထူးမှ တစ်ဖဝါးမှ စွန့်ခွါလိမ့်မည်မဟုတ်ကြောင်း သုံးသပ် ပြောကြားခဲ့သည်။
“ ဂျော်ဒန်ကိုယ်တိုင်က ဒီမိုကရက်နိုင်ငံမဟုတ်တဲ့အတွက် ဆီးရီးယားရဲ့ ဒီမိုကရေစီအရေး ၊ လူ့အခွင့်အရေး စတဲ့ ကိစ္စတွေကိုဝင်ရောက်ပြောဆိုခွင့်၊ ဟောကြားခွင့်မရှိဘူးလို့ ဆီးရီးယားကတုံ့ပြန်လိမ့်မယ် လို့ ကျွန်တော်တော့ ထင်တယ်။” ဟု အယ်ဂျာဇီယာနှင့် တွေ့ဆုံခန်းတွင်ပြောကြားခဲ့သည်။
“ဘုရင်အဘ္ဘဒူလာပြောလိုက်တဲ့စကားကြောင့် အားလုံးကို အံ့အားသင့်စေခဲ့တယ်။ အာရပ်အဖွဲ့ချုပ်နဲ့ အာရပ် နိုင်ငံတွေကြားမှာ အကွဲအပြဲက ပိုကြီးလာနေတယ်လို့ပြသလိုက်တာပါပဲ။ အာရပ်နိုင်ငံတွေကြားမှာ အာဆက်ကို ရာထူးက နှုတ်ထွက်သင့်တယ်လို့ ပြောလာမယ့် နိုင်ငံတွေပေါ်ပေါက်လာဦးမယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကလည်း အမေရိကန်က အာဆက်နှုတ်ထွက်ဖို့ပြောခဲ့ပါတယ်။” ဟု ဖေါဝက်ဇ်က သုံးသပ်ပြခဲ့သည်။

အာရပ်အဖွဲ့ချုပ်၏ ဆီးရီးယားကို ထုတ်ပယ်ရေးဆုံးဖြတ်ချက်အပေါ် ဆီးရီးယားကဒေါသတကြီးတုံ့ပြန်ခဲ့သည်။ တနင်္လာနေ့သတင်းစာရှင်းလင်းပွဲတွင် အာရပ်အဖွဲ့ချုပ်က ဆီးရီးယားအပေါ် ပူးပေါင်းလုပ်ကြံနေကြကြောင်း၊ ကိုင်ရိုတွင် မဲခွဲဆုံးဖြတ်ခဲ့သည့် အဆုံးအဖြတ်သည် ရှက်ဖွယ်ကောင်းကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး ဝါလစ် အယ်-မွာလာမ်ကဝေဖန်ပြောကြားခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။