Monday, November 14, 2011

IAEA အစီရင်ခံစာအပေါ် အီရန်ဒေါသထွက်


အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်ပြီး ကုလသမဂ္ဂသို့တင်သွင်းခဲ့သော အစီရင်ခံစာတွင် မဟုတ်မမှန် အချက်အလက်များနှင့် ရန်လိုမှုများပါဝင်နေသဖြင့် ကုလသမဂ္ဂနျူကလီးယားစောင့်ကြည့်ရေးအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်မှုများအား ပြန်လည်သုံးသပ်ရမည်ဖြစ်ကြောင်း အီရန်လွှတ်တော်ပြောခွင့်ရ အလီလာရီဂျာနီက ပြောကြား ခဲ့သည်။

နိုင်ငံတကာအနုမြူထိန်းချုပ်ရေးအဖွဲ့ကြီးသို့ လာရီဂျာနီက ပြင်းပြင်းထန်ထန်သတိပေးစကားပြောကြားခဲ့ပြီး အစီရင်ခံ စာသည် အမေရိကန်နှင့် အစ္စရေးလ်တို့၏ အလိုအတိုင်းရေးသားထားပြီး ရန်လိုမှုများပါဝင်နေသည်ဟု ဆိုသည်။
“အမေရိကန်နဲ့ အစ္စရေးလ်အစိုးရတို့ရဲ့ အလိုအတိုင်းရေးသားထားတဲ့ အစီရင်ခံစာဖြစ်ပါတယ်။” ဟု တနင်္ဂနွေနေ့ အီရန် မက်ဂျလစ် လွှတ်တော်အစည်းအဝေးအဖွင့်တွင် လာရီဂျာနီက ပြောကြားခဲ့ကြောင်း အီရန် သတင်းဌာန IRNA က ပြောကြားခဲ့သည်။
“IAEA နဲ့ပူးပေါင်းဆောင်ရွက်ဖို့ ပြန်လည်သုံးသပ်ဖို့လိုမယ်လို့ လွှတ်တော်က ယူဆပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပူးပေါင်းဆောင်ရွက်သည်ဖြစ်စေ၊ မပူးပေါင်းသည်ဖြစ်စေ ထွက်လာတဲ့အဖြေက အတူတူပါပဲ။ ဒါဟာ နည်းလမ်းမကျပါဘူး။ ပညာရှင်လည်း မပီသပါဘူး။” ဟု IAEA ကို ဝေဖန်ခဲ့သည်။

ထို့ပြင်လာရီဂျာနီက အီရန်အနေနှင့် IAEA အထွေထွေညွှန်ကြားရေးမှူး ယူကီယာအေမာနိုအား မလိုမုန်းထားစိတ် များသူ အဖြစ်ရှုမြင်ကြောင်းလည်း ပြောဆိုသွားခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်အများအပြားက IAEA နှင့်ပူးပေါင်းဆောင်ရွက်ကာ အစစ်ဆေးခံနေမှုများကို ရပ်ဆိုင်းပစ် ရန် တောင်းဆိုခဲ့ကြသော်လည်း ဖြစ်နိုင်မည်မထင်ကြောင်း အယ်လ်ဂျာဇီယာသတင်းထောက် ဒေါ်ဆာဂျာဘာရီက မြို့တော် တီဟီရန်မှနေ၍သတင်းပေးပို့ခဲ့သည်။
“IAEA ကိုနှင်ထုတ်လိုက်မယ်ဆိုရင် အီရန်အတွက် နောက်ဆက်တွဲအကျိုးဆက် မကောင်းနိုင်ပါဘူး။ ခေါင်းဆောင်ပိုင်းက အသေအချာစဉ်းစားဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပါတယ်။”
“ဒီလိုဆုံးဖြတ်ချက်မျိုးဆိုရင် နိုင်ငံတော်ဘာသာရေးအထွဋ်အထိပ်ဖြစ်တဲ့ အယာတိုလာခါမေနီရဲ့ တာဝန်ဖြစ် ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သုံးသပ်ရသလောက်တော့ IAEA ကို နှင်ထုတ်ပစ်လိုက်ဖို့ဆိုတာ ဒီနေရာမှာ မဖြစ်နိုင်ပါဘူး။” ဟု သတင်းထောက်က သုံးသပ်ပြောကြားခဲ့သည်။

IAEA ၏ နောက်ဆုံးအစီရင်ခံစာကို ၃၅ နိုင်ငံပါဝင်သောဘုတ်အဖွဲ့သို့ အင်္ဂါနေ့ကတင်ပြထားပြီးဖြစ်သည်။ ၎င်းဘုတ်အဖွဲ့က နိုင်ဝင်ဘာ ၁၇ ရက်နေ့တွင် ဗီယင်နာမြို့၌ပုံမှန်အစည်းအဝေးတစ်ရပ်ကျင်းပမည်ဖြစ်သည်။
အစီရင်ခံစာတွင် အီရန်က ၂၀၀၃ ခုနှစ်မတိုင်မီကတည်းက နျူကလီးယားလက်နက် ထုတ်လုပ်နိုင်သည့် အဆင့်များ ကို ဆောင်ရွက်ထားပြီးဖြစ်ကာ ဆက်လက်လုပ်ဆောင်မည်ဆိုပါက လုပ်ဆောင်နိုင်သည့် စွမ်းရည်ရှိကြောင်း အေမန်နိုက ရေးသားဖေါ်ပြခဲ့သည်။

“ကတိုက်ကရိုက်ပြုစုထားသည့် အဓိပ္ပါယ်မရှိသော” အစီရင်ခံစာဖြစ်ပြီး အချို့သော IAEA အဖွဲ့ဝင်နိုင်ငံများကပင် ယင်းသို့သုံးသပ်ထားသည့် အစီရင်ခံစာဖြစ်ကြောင်း လာရီဂျာနီက ပြောကြားခဲ့သည်။
အစ္စရေးလ်ဝန်ကြီးချုပ်ဘင်ယာမင်နေတန်ယာဟုက “IAEA အစီရင်ခံစာသည် အီရန်က နျူကလီးယားလက်နက် ထုတ်လုပ်တပ်ဆင်ရေးအတွက် အစီအစဉ်တကျ ဆောင်ရွက်နေသည်ဟူသော အစ္စရေးလ်နှင့် အခြားကမ္ဘာ့အင်အား ကြီးနိုင်ငံများ၏ စွပ်စွဲမှုများကို မှန်ကန်ကြောင်း အတည်ပြုပေးလိုက်သည့် အစီရင်ခံစာ” ဖြစ်ကြောင်း ပြောသည်။

“IAEA အစီရင်ခံစာနဲ့ ပတ်သက်ပြီးတော့ ကမ္ဘာ့တာဝန်ရှိတဲ့ နိုင်ငံအစိုးရတွေက အဆုံးအဖြတ်ပေးရပါလိမ့် မယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်ပြီး ကိုယ့်ဘာသာကိုယ် လက်နက်အပြိုင်အဆိုင်တပ်ဆင်နေတဲ့ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို ရပ်တန့်သွားအောင် နိုင်ငံတကာအဖွဲ့အစည်းတွေက တားဆီးရပါလိမ့်မယ်။” ဟု နေတန်ယာဟု ကပြောဆိုသွားသည်။

တနင်္ဂနွေနေ့တွင် နေတန်ယာဟုသည် အစီရင်ခံစာနှင့် ပတ်သက်၍ ဝန်ကြီးများနှင့်အစည်းအဝေးပြုလုပ်မည်ဖြစ် သည်။

အဆိုပါဖြစ်ရပ်များနှင့်ပတ်သက်၍ မြောက်ကိုရီးယားက အမေရိကန်နှင့် အစ္စရေးလ်တို့သည် “အစွန်းရောက် စစ်ဝါဒီ” များဖြစ်ကြောင်း ၊ အရှေ့အလယ်ပိုင်းတွင် နောက်ထပ်စစ်ပွဲသစ်တစ်ခု ထပ်မံပေါ်ပေါက်လာနိုင်ကြောင်း ပြောကြား လိုက်သည်။

လွန်ခဲ့သောနှစ်က ထွက်ပေါ်လာခဲ့သော ကုလသမဂ္ဂအစီရင်ခံစာအရ မြောက်ကိုရီးယားသည် အီရန်သို့ နျူကလီးယား ဆက်စပ်ပစ္စည်းများနှင့် တိုက်ချင်းပစ်ဒုံးပျံများ တိတ်တဆိတ်ရောင်းချခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော အပတ်များက အစ္စရေးလ်က အီရန်ကိုတိုက်ခိုက်မည့် အရိပ်လက္ခဏာများပြသခဲ့ပြီး လွန်ခဲ့သောအပတ် က သမ္မတ ရှီမွန်ပီရက်ဇ်ကလည်း အီရန်ကိုတိုက်ခိုက်ရန်အလာအလားပိုများလာကြောင်း သတိပေးပြောကြားခဲ့ သည်။
“အရှေ့အလယ်ပိုင်းမှာ စစ်ပွဲဖြစ်ပွားလာနိုင်တဲ့ အရိပ်အခြည်တွေတွေ့နေရပါတယ်။” ဟု တနင်္ဂနွေနေ့ထုတ် ကိုရီးယားဗဟိုသတင်းဌာနသတင်းစာတွင် ရေးသားဖေါ်ပြခဲ့သည်။
အီရန်ကို ပေါ်ပေါ်တင်တင်စစ်တိုက်မည့် အစီအစဉ်ရှိသည် ဆိုသည့် အချက်ကို အစ္စရေးလ်နှင့် အမေရိကန်က ငြင်းဆိုခဲ့သည်။
“လက်ရှိ အာဖဂန်နဲ့ အီရတ်စစ်ပွဲတွေကနေရုန်းကြွလာနေတဲ့ အချိန်မှာ အရှေ့အလယ်ပိုင်းမှာ နောက်ထပ် စစ်ပွဲတစ်ပွဲထပ်မံဖန်တီးဖို့ အစ္စရေးလ်နဲ့ အမေရိကန်တို့က ပြုလုပ်နေပါတယ်။” ဟု ရေးသားထားသည်။

သို့သော် အယ်လ်ဂျာဇီယာသတင်းထောက်က အီရန်မြို့တော်လမ်းမများပေါ်တွင် အစ္စရေးလ်က တိုက်ခိုက်လာမည် ကို ကြောက်ရွံ့စိုးရိမ်နေသော အနေအထားမတွေ့ရဟု သတင်းပေးပို့ခဲ့သည်။
“တီဟီရန်လမ်းမတွေပေါ်က လူတွေနဲ့ တာဝန်ရှိသူတွေကို မေးမြန်းကြည့်တဲ့အခါ လူအများက အစ္စရေးလ်ထံ မှ ယခုလိုခြိမ်းခြောက်မှုမျိုးယခင်ကလည်း ကြားဖူးပြီးဖြစ်ကြောင်း ပြောကြပါတယ်။” ဟု သတင်းပို့ခဲ့သည်။
“အစ္စရေးလ်ကနေပြီးတော့တိုက်ခိုက်လာလိမ့်မယ်လို့ အီရန်တွေက မထင်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ အီရတ်၊ ဆီးရီးယားတို့နဲ့ လုံးဝမတူတဲ့နိုင်ငံဖြစ်နေလို့ပါ။ အစ္စရေးလ်ကတိုက်လာရင် ထိုင်ပြီးကြည့်နေမယ့် လူမျိုးတွေ မဟုတ်ဘူးလို့ သူတို့ကိုယ်သူတို့ ထင်ကြတယ်။”
“အီရန်ဟာ မည်သည့်တိုက်ခိုက်လာမှုမျိုးကိုမဆို တုံ့ပြန်နိုင်စွမ်းရှိတဲ့ နိုင်ငံအဖြစ်အစ္စရေးလ်အနေနဲ့ စဉ်းစား နေလိမ့်မယ်လို့လည်း အီရန်တွေက ယုံကြည်ထားကြလို့ သိပ်မစိုးရိမ်ကြပါဘူး။”

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။