Thursday, December 1, 2011

အီရန်သံတမန်များကို ဗြိတိန်နှင်ထုတ်


အီရန်နိုင်ငံရှိ ဗြိတိန်သံရုံးကို ဆန္ဒပြသမားက ဝင်ရောက်စီးနင်းပြီးနောက် တီဟီရန်ရှိ ဗြိတိန်သံရုံးကို ပိတ်ပစ်လိုက် သကဲ့သို့ လန်ဒန်ရှိ အီရန်သံရုံးမှ သံတမန်များကိုလည်း ချက်ခြင်းနှင်ထုတ်ပစ်ရန် အမိန့်ပေးလိုက်သည်။
“လန်ဒန်မှာရှိတဲ့ အီရန်သံရုံးကို ချက်ခြင်းပိတ်ပစ်ဖို့ အီရန်သံအမတ်ကိုကျွန်တော်တို့ အကြောင်းကြားပြီးပါပြီ။ ဒါ့အပြင် အီရန်သံရုံးမှာရှိတဲ့ ဝန်ထမ်းတွေအားလုံးကိုလည်း နိုင်ငံတွင်းကနေ ၄၈ နာရီအတွင်း ထွက်ခွါဖို့ညွှန်ကြား ထားပြီးပါပြီ။ ” ဟူ ဗုဒ္ဓဟူးနေ့ က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟေ့က လွှတ်တော်တွင် ပြောကြားလိုက် သည်။
“တီဟီရန်မှာရှိတဲ့ ဗြိတိန်သံရုံးကို ပိတ်ပစ်လိုက်ပါပြီ။ ကျွန်တော်တို့ရဲ့ သံရုံးဝန်ထမ်းတွေအားလုံးကို ပြန်ခေါ် ပြီးသွားပါပြီ။ နောက်ဆုံးကျန်ရှိနေတဲ့ ဝန်ထမ်းတွေလည်း အခုဆို ထွက်ခွါလာနေကြပါပြီ။”

ဗြိတိန်သံရုံးကို ဝင်ရောက်ဖျက်စီးခြင်းခံခဲ့ရသဖြင့် ဥရောပတစ်လွှားနိုင်ငံများမှ အီရန်သံတမန်များကို ကန့်ကွက် ကြောင်းပြောကြားရန် ဆင့်ခေါ်ထားကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
အယ်ဂျာဇီယာသတင်းထောက် အင်ဒရူးဆိုင်မွန် လန်ဒန်မြို့မှနေ၍သတင်းပေးပို့ခဲ့ရာတွင် တီဟီရန်ကို ပြင်းထန်စွာ သတိပေးမည်ဖြစ်ကြောင်း ၊ လန်ဒန်နှင့် တီဟီရန်ကြား သံတမန်ဆက်ဆက်ရေးခွါပြဲသွားသော်လည်း လုံးဝပြတ် တောက်သွားခြင်းမူ မဟုတ်ကြောင်း ဆိုင်မွန်က သတင်းပို့ခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးက လန်ဒန်၏ ကြေငြာချက်သည် အလောသုံးဆယ်နိုင်လွန်းကြောင်း၊ အီရန်ကလည်း နောက်ထပ်သင့်လျှော်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ပြောကြားသွားခဲ့ သည်။

အီရန်၏ နျူကလီးယားအစီအစဉ်ကြောင့် ဗြိတိန်နှင့် အနောက်နိုင်ငံများက အီရန်အပေါ်ပိတ်ဆို့အရေးယူမှုများအပေါ် မကျေနပ်ကြသော ကျောင်းသားများနှင့် ဘာဆစ်အဖွဲ့ဝင်လက်နက်ကိုင်များက ဗြိတိန်သံရုံးကို ဝင်ရောက်စီးနင်းဖျက် ဆီးခဲ့သဖြင့် ဗြိတိန်က အလွန်အမင်းဒေါသထွက်ခဲ့လေသည်။
“ဘယ်နိုင်ငံမဆို သူတို့နိုင်ငံမြေပေါ်မှာ ကျွန်တော်တို့သံရုံးတွေကို ဒုက္ခရောက်အောင်လုပ်လာရင် ဒီမှာလည်း သူတို့သံရုံးတွေ ဖွင့်ဖို့ ခွင့်မပြုနိုင်ပါဘူး။” ဟု အင်ဒရူးဆိုင်မွန်က ပြောကြားခဲ့သည်။

၁၉၇၉ ခုနှစ်ကလည်း တီဟီရန်တွင် လူမျိုးရေးစိတ်ဓါတ်ပြင်းထန်သော ကျောင်းသားများက အမေရိကန်သံရုံးကို ဝင်ရောက်စီးနင်းပြီး အမေရိကန်သံဝန်ထမ်း ၅၂ ဦးကို ၄၄၄ ရက်ကြာအောင် ထိန်းသိမ်းထားခဲ့သည်။ ထို့ကြောင့် ဗြိတိန်က ၎င်းတို့၏ သံရုံးဝန်ထမ်း ၂၄ ဦးနှင့် မိသားစုများပြန်လည်ထွက်ခွါသည့် အချိန်တိုင်အောင်စောင့်ဆိုင်းပြီး ကြေငြာချက်များကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက အီရန်အာဏာပိုင်များအနေနှင့် သံရုံးကိုကာကွယ်စောင့်ရှောက်မှုမပေးနိုင်ခြင်းမှာ စဉ်းစားစရာပင်ဖြစ်ကြောင်း၊ ယင်းဖြစ်ရပ်တွင် အစိုးရ၏ သဘောတူညီချက်တစ်စုံတစ်ရာမပါဘဲ မဖြစ်နိုင်ကြောင်း ဆိုသည်။

“The Satanic Verses” စာအုပ်ကိုရေးသားသော စာရေးဆရာ ဆယ်လ်မန်ရပ်ရှ်ဒိုင်းအား အလာတိုယာခါမေနီက အစ္စလာမ်ဥပဒေအရ သေဒဏ်ချမှတ်ခဲ့သောကြောင့် အီရန်နှင့် ဗြိတိန်တို့သံတမန်ဆက်ဆံရေးရပ်ဆိုင်းခဲ့ပြီး ၁၀ နှစ်အကြာ ၁၉၉၉ တွင် သံတမန်ဆက်ဆံရေးအပြည့်အဝပြန်လည်တည်ဆောက်ခဲ့သည်။

“အင်္ဂလိပ်-အီရန်ဆက်ဆံရေးနဲ့ ပတ်သက်လာရင် ဒီကိစ္စကအခြေခံကျတဲ့ ကိစ္စတစ်ရပ်ပါ။ အခုအချိန်မှာ ဘယ်လောက်ခက်ခဲသွားပြီလဲဆိုတာ အီရန်က စဉ်းစားမိလိမ့်မယ်လို့ ကျွန်တော်မထင်ဘူး။” ဟု စကော့တလန်၊ စိန့်အင်ဒရူးတက္ကသိုလ် အီရန်လေ့လာရေးဌာန ဒါရိုက်တာ အလီအန်ဆာရီက ပြောသည်။
“အီရန်က အထီးကျန်ခွဲခြားထားခြင်းခံရတော့မယ့် အနေအထားမျိုးထဲကို ခုန်ဆင်းသွားပါပြီ။”

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။