Friday, December 2, 2011

ယီမင်တွင် တိုက်ပွဲပြင်းထန်


ယီမင်နိုင်ငံတွင် သမ္မတဆာလဲကို သစ္စာခံသောတပ်များနှင့် အတိုက်အခံတိုင်းရင်းသားတပ်များအကြား ဒုတိယအကြီး ဆုံးမြို့တော်ဖြစ်သော တိုင်အစ်ဇ်မြို့တွင် တိုက်ပွဲများဖြစ်ပွားရာ အရပ်သား ၅ ဦးအပါအဝင် ၁၂ ဦးသေဆုံးကြောင်း ဆေးဘက်ဆိုင်ရာနှင့် လုံခြုံရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။

အတိုက်အခံတပ်များ တပ်စွဲထားသော မြို့လည်ခေါင်နေရာကို ဆာလဲ၏ စစ်တပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက် ရာမှ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ဆိုသည်။

လုံခြုံရေးတပ်များက ယီမင်စစ်သား ငါးဦးသေဆုံးကြောင်းပြောဆိုပြီး ဆေးဘက်ဝန်ထမ်းများက အရပ်သား ငါးဦး အပါအဝင် ၇ ဦးသေဆုံးပြီး ၃၀ ဒဏ်ရာရရှိကြောင်းဆို၏ ။
ဆာလဲ၏ အမှတ် ၃၃ တပ်မက တိုင်အက်ဇ်မြို့အနီးဝန်းကျင်ပတ်လည်မှနေ၍ အမြှောက်ကြီးများဖြင့် မြို့လည်သို့ ပစ်ခတ်ခဲ့သော် ပြင်းထန်စွာပြန်လည်ခုခံမှုကို ခံရလေသည်။

ပြင်းထန်သောတိုက်ပွဲကြောင့် မြို့တွင်းသို့ဝင်ရောက်ရာလမ်းမများအားလုံး ပိတ်ဆို့သွားခဲ့သည်။ ယီမင်အစိုးရက အယ်လ်-အစ္စလာ လက်နက်ကိုင်တပ်ဖွဲ့များဖြစ်ကြောင်းစွပ်စွဲပြောဆိုခဲ့သည်။ အယ်လ်-အစ္စလာအဖွဲ့သည် ပါလီမန် အတွင်း အင်အားအကြီးဆုံး အတိုက်အခံပါတီဖြစ်ပြီး လူထုဆန္ဒပြမှုနောက်ကွယ်မှနေ၍ အားပေးခဲ့သည်။

အင်္ဂါနေ့က ဆာလဲတပ်များက တိုင်အက်ဇ်မြို့ပတ်ဝန်းကျင်နေရာအနှံ့အပြားကို အမြှောက်ဖြင့် ပစ်ခတ်ခဲ့ပြီး အိမ်ဒါဇင် ပေါင်းများစွာပျက်စီးခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများနှင့် ဆေးဘက်အဖွဲ့များက ဆိုသည်။

ဆန္ဒပြမှုများစတင်ပေါ်ပေါက်လာခဲ့ချိန်မှ စ၍ ယီမင်တွင် လူပေါင်းရာပေါင်းများစွာသေဆုံးခဲ့ပြီး ဖြစ်သည်။ ကုလသမဂ္ဂမှ ကမကထပြု၍ ချုပ်ဆိုကာ ဆာလဲကိုယ်တိုင်လက်မှတ်ရေးထိုးခဲ့သော အာဏာလွှဲ့ပြောင်းပေးရေး သဘောတူညီချက် ပြုလုပ်ခဲ့သော်လည်း အကြမ်းဖက်မှုများဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

ပဋိပက္ခများအတွင်း အမှားအယွင်းကျူးလွန်ခဲ့သူများအား ခွင့်လွှတ်ကြောင်း ဆာလဲက ကြေငြာခဲ့ပြီးနောက် တနင်္ဂနွေ နေ့တွင် အတိုက်အခံခေါင်းဆောင်တစ်ဦးက အိမ်စောင့်အစိုးရဖွဲ့စည်းရေး တောင်းဆိုလိုက်သည်။

ဆာလဲအစိုးရအတွင်း ယခင်ကပါဝင်ခဲ့ဖူးပြီး ယခုအခါ အတိုက်အခံလုပ်နေသော ခေါင်းဆောင်တစ်ဦးဖြစ်သူ မိုဟာမက် ဘာဆင်ဒါဝါ၏ ဖေဖေါ်ဝါရီလရွေးကောက်ပွဲမတိုင်မီ အုပ်ချုပ်နိုင်ရန်အတွက် အိမ်စောင့်အစိုးရတစ်ရပ်ဖွဲ့ စည်းရေးကြေငြာချက်ကြောင့် ဆာလဲအနေနှင့် အမှန်ပင်အာဏာလွှဲပြောင်းပေးတော့မည်ဆိုသည့် အရိပ်လက္ခဏာ ဖြစ်သည်။ ဆာလဲသည် ယီမင်နိုင်ငံတွင် ၃၃ နှစ်မျှ အုပ်ချုပ်လာခဲ့ပြီးဖြစ်၏။

ဆာလဲနှင့် ချုပ်ဆိုခဲ့သော အာဏာလွှဲပြောင်းပေးရေးသဘောတူညီချက်တွင် သူ့ကိုလွတ်ငြိမ်းချမ်းသာခွင့်အပြည့်အဝ ပေးရေးပါဝင်သော်လည်း ဆာလဲအားတရားစွဲဆိုရေးတောင်းဆိုချက်များ ထွက်ပေါ်လာခြင်းကြောင့် တနင်္လာနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီက ယီမင်တွင် ဖြစ်ပေါ်နေသော သတ်ဖြတ်မှုများနှင့် လူ့အခွင့်ချိုးဖေါက်မှုများနှင့် ပတ်သက်၍ ကျူးလွန်သူတွင် အပြစ်ရှိမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။