Saturday, December 3, 2011

ဆွေးနွေးပွဲစားပွဲဝိုင်းသို့ အစ္စရေးလ်တက်လာသင့်ကြောင်း ပန်နက်တာပြော

အစ္စရေးလ်ကျူးကျော်အိမ်ယာများဆောက်လုပ်နေပုံ

အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာက အစ္စရေးလ်အနေနှင့် ပါလက်စတိုင်းတို့နှင့် တွေ့ဆုံဆွေးနွေး ရေးစာပွဲတွင် ပြန်ထိုင်ရန် တိုက်တွန်းပြောကြားလိုက်ပြီး အရှေ့အလယ်ပိုင်းဒေသတွင် အစ္စရေးလ်တို့ အထီးကျန် ဖြစ်လာနေခြင်းအပေါ် ထောက်ပြပြောဆိုခဲ့သည်။

သောကြာနေ့က ပန်နက်တာသည် ဝါရှင်တန်ရှိ ဘရွတ်ကင်းအကြံပေးအဖွဲ့ကြီး၏ ဌာနတွင် စကားပြောကြားခဲ့ရာ၌
“ ပြဿနာက ဘာလဲဆိုတော့ ဒီအစ္စရေးလ်ခေါင်းဆောင်တွေကို တွေ့ဆုံဆွေးနွေးရေးစားပွဲပေါ်ကို ပို့ပြီး မတူညီတဲ့အချက်တွေကို ပြေလည်အောင်ဖြေရှင်းဖို့ကိုတောင် ကျွန်တော်တို့ မတတ်နိုင်ဘူးဖြစ်နေတယ်ဗျ။” ဟု ဆို၏။
“အစ္စရေးလ်ရဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း ကျွန်တော်တို့သိတယ်။ ပါလက်စတိုင်းရဲ့စိုးရိမ်ပူပန်မှုတွေကိုလည်း သိတယ်ဗျာ။ သူတို့နှစ်ဦးသာ စာပွဲမှာထိုင်ပြီး အဲဒီစိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းလိုက်မယ်ဆိုရင် အမေရိကန် ပြည်ထောင်စုက ကူညီမှာဗျ။ ခင်ဗျားတို့မှာ ငြိမ်းချမ်းရေးရဖို့အတွက် လုပ်ဆောင်ဖွယ်ရှိတာတွေထဲက ပထမဆုံး ခြေလှမ်းကို ခင်ဗျားတို့လှမ်းလိုက်ဖို့ပဲ လိုတယ်။”
“ဒါပေမယ့် အဲဒီအစခြေလှမ်းဖြစ်တဲ့ စားပွဲဝိုင်းပေါ်ကို ရောက်မလာဘူးဆိုရင်တော့ ငြိမ်းချမ်းရေးက ဘယ်တော့မှ ရမှာ မဟုတ်ဘူး။ ဒါကြောင့် ပထမဦးဆုံးနဲ့ အစဦးဆုံးလုပ်ရမှာက စားပွဲပေါ်ကို ခင်ဗျားတို့အရင် တက်လာ ဖို့ပဲ။”

ဆက်လက်၍ ပန်နက်တာက ပါလက်စတိုင်းနှင့် ငြိမ်းချမ်းရေးရရှိရန် အစ္စရေးလ်က ရှေ့သို့လှမ်းရမည်ဖြစ်ကြောင်း ပြောသည်။ ပါလက်စတိုင်း-အစ္စရေးလ်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖုတ်လိုက်၊ ဖုတ်လိုက်ဖြစ်နေသည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်သည်။
“ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ကို တိုက်တွန်းနေမယ့်အစား ပါလက်စတိုင်းရဲ့ ဘဏ္ဍာရေးတွေကိုပြန်လွှဲပေး လိုက်၊ အခြားကဏ္ဍတွေမှာလည်း အတူပူးပေါင်းဆောင်ရွက်ပေးဖို့ဆိုတာ အစ္စရေးလ်ဘက်က လုပ်ရမယ့် အလုပ်တွေ ဖြစ်တယ်။” ဟု ပန်နက်တာက ပြောခဲ့လေသည်။

ထို့ပြင် တူရကီ၊ အီဂျစ်အပါအဝင် အခြားအရှေ့အလယ်ပိုင်းနိုင်ငံများနှင့်လည်း ဆက်ဆံရေးကောင်းမွန်လာအောင် လုပ်ဆောင်သင့်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အရှေ့အလယ်ပိုင်းတွင် အစ္စရေးလ်သည် အထီးကျန်မှု တဖြည်း ဖြည်းကြီးထွားလာနေကြောင်းဆိုသည်။ ယင်းသို့အထီးကျန်ဖြစ်လာခြင်းအတွက် အစ္စရေးလ်တစ်ဦးတည်းအပေါ်တွင် သာတာဝန်ရှိသည်မဟုတ်ကြောင်း၊ အခြေအနေများကို ပြောင်းလဲပစ်နိုင်ရေးအတွက် ပိုမိုတက်ကြွစွာဆောင်ရွက်ရ မည်ဖြစ်ကြောင်း ဆိုသည်။
“တူရကီ၊ အီဂျစ်နဲ့ ဂျော်ဒန် စတဲ့နိုင်ငံတွေနဲ့ ဒေသတွင်းတည်ငြိမ်ရေး အကျိုးစီးပွားတွေ ဆက်စပ်နေတဲ့ အတွက် ဆက်ဆံရေးကောင်းအောင်ပြုပြင်သင့်တာတွေကို ပြုပြင်ရလိမ့်မယ်။”
“ဒါ မဖြစ်နိုင်တဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ အနေအထားက ပြစ်တင်မောင်းမဲနေတဲ့ ပုံစံမျိုးတွေလုပ်နေမယ် ဆိုရင် ဘာတွေကိုပြစ်တင်မောင်းမဲနေလဲဆိုတာ ကမ္ဘာကလည်းကြည့်နေမှာပါ။ အစ္စရေးလ်အနေနဲ့ သူတို့ကို ဆွဲဆောင်မှုတွေလုပ်သင့်ပါတယ်။”

အောက်တိုဘာလအတွင်းက ပန်နက်တာသည် အစ္စရေးလ်သို့ ပင်တာဂွန်အကြီးအကဲတစ်ယောက်အဖြစ် ပထမဦးဆုံး အကြိမ်သွားရောက်ခဲ့သည်။ နေတိုးအဖွဲ့ဝင် အမေရိကန်မဟာမိတ်နိုင်ငံဖြစ်သော တူရကီနှင့် အစ္စရေးလ် တို့ ဆက်ဆံရေး ပြန်လည်တိုးတက်ကောင်းမွန်လာအောင် ကြိုးစားနေခြင်းဖြစ်သည်။

နောက်ထပ်နှစ်ပတ်အတွင်း အစ္စရေးလ်ထံမှ စကားတစ်ခုခုကို ယူဆောင်ပြီး တူရကီအစိုးရထံ အလည်အပတ် သွားရောက်မည်ဖြစ်ကြောင်း ပန်နက်တာကပြောဆိုခဲ့သည်။ အီဂျစ်နှင့် ပတ်သက်၍ ခပ်ခွာခွာမနေဘဲ
ပြောဆိုဆက်ဆံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများမှ တစ်ဆင့်အီဂျစ်နိုင်ငံရေးအပြောင်းအလဲအပေါ်တွင် စိတ်ဝင်စား မှုရှိကြောင်း ပြသရန်လိုသည်ဟု အစ္စရေးလ်ကို တိုက်တွန်းခဲ့သေးသည်။

အီရန်နှင့် ပတ်သက်၍ အမေရိကန်သမ္မတ အိုဘားမားပြောကြားခဲ့သော အီရန်၏နျူကလီးယား လက်နက်ပိုင်ဆိုင်ရေး အစီအစဉ်ကို တားဆီးရမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
“အီရန်မှာ နျူကလီးယားရှိနေတာဟာ အရှေ့အလယ်ပိုင်းလုံခြုံရေးအတွက် အခြားခြိမ်းခြောက်မှုတွေထက် အကြီးဆုံး ခြိမ်းခြောက်မှုတစ်ခုဖြစ်ပါတယ်။” ဟု ဆို၍ အီရန်၏နျူကလီးယားအစီအစဉ်ကို တားဆီးရန် စစ်အင်အား အသုံးပြုရန် အိုဘားမားမဆုံးဖြတ်သေးကြောင်း ဆို၏။ သို့သော် အီရန်၏ နျူကလီးယားစက်ရုံများကို အစ္စရေးလ် သို့မဟုတ် အမေရိကန်တိုက်ခိုက်ရန် မသင့်လျှော်ကြောင်း သတိပေးစကားပြောကြားခဲ့သည်။
ဤသို့တိုက်ခိုက်မည်ဆိုလျှင် အီရန်၏နျူကလီးယားအစီအစဉ်မှာ အလွန်ဆုံးတစ်နှစ်၊ နှစ်နှစ် ခန့်သာနောက်ဆုတ်သွား ဖွယ်ရာရှိကြောင်း ဆို၏။

နောက်ဆက်တွဲမျှော်လင့်မထားသော အကျိုးဆက်များအနေနှင့် အီရန်သည် ဒေသတွင်းထောက်ခံမှုများရရှိလာနိုင်ပြီး အရှေ့အလယ်ပိုင်းရှိ အမေရိကန်တပ်များနှင့် အခြေစိုက်စခန်းများကို လက်စားချေတိုက်ခိုက်မှုများ ပြုလုပ်လာနိုင် ကြောင်း သတိပေးလိုက်သည်။ အမေရိကန်၏ စီးပွားရေးကိုထိခိုက်စေနိုင်ပြီး စစ်ပွဲအရှိန်မြင့်လာနိုင်ကြောင်း ဆို၏။

“အဲဒီလိုမျှော်လင့်မထားတဲ့ အကျိုးဆက်တွေရှိလာနိုင်တယ်ဆိုတာ ကျွန်တော်တို့သတိထားရပါမယ်။” ဟု အီရန်အား စစ်တိုက်ရန်သင့်၊ မသင့် သတိပေးစကားပြောကြားခဲ့လေသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။