Monday, December 5, 2011
ဆီးရီးယားအပေါ် အာရပ်အဖွဲ့ချုပ်ပိတ်ဆို့မှု
12:21 PM
HRDP NEWS WORLD
No comments
အာရပ်အဖွဲ့ချုပ်မှ ဆီးရီးယားနိုင်ငံတွင်း မငြိမ်မသက်ဖြစ်မှုများအပေါ်ဝင်ရောက်လေ့လာခွင့်ပြုရန် ၊ သို့မဟုတ် နောက်ထပ် ပိတ်ဆို့မှုများပြုလုပ်ရန် သတ်မှတ်ထားသော ရက်ကျော်လွန်သွားခဲ့ပြီး ဆီးရီးယားတွင်လည်း စစ်တပ်မှ ပစ်ခတ်သဖြင့် နောက်ထပ် ၃၅ ဦးသေဆုံးခဲ့ရကြောင်း ဆီးရီးယားအရေးတက်ကြွလှုပ်ရှားသူများက ပြောသည်။
အာရပ်အဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်အပေါ် ဆီးရီးယားအစိုးရက လက်ခံလိုသည့်စိတ်ရှိသော်လည်း အသေးစိတ်ဆွေးနွေး မှုများ ထပ်မံပြုလုပ်လိုကြောင်း တနင်္ဂနွေနေ့က အရိပ်အမြွက်ပြောကြားလိုက်သည်။
“ဆီးရီးယားရဲ့ အကျိုးစီးပွားနဲ့ အချုပ်အခြာကို မထိပါးဘူးဆိုရင် အာရပ်အဖွဲ့ချုပ်က လွှတ်မယ့် လေ့လာစုံစမ်း သူတွေကို လက်ခံပေးပါ့မယ်” ဟု ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဂျီဟက်မက်ဒစ်ဆီ က ဒမက်စကတ်မှ ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ချမှတ်ထားပြီးပြီလားဟူသော မေးခွန်းကို “ရည်ရွယ်ချက် ကောင်းကောင်းမွန်မွန်နဲ့ လာရောက်စုံစမ်းလေ့လာမယ်ဆိုရင်တော့ သဘောတူလက်မှတ်ရေးထိုးပေးလိုက်မှာပါ။” ဟု ပြန်လည်ဖြေကြားခဲ့ပြီး အသေးစိတ်အချက်အလက်များကိုမူ တနင်္လာနေ့တွင် ပြောကြားမည်ဆို၏။
“လေ့လာစုံစမ်းရေးအဖွဲ့စေလွှတ်ဖို့အတွက် တောင်းဆိုထားတဲ့ ကမ်းလှမ်းချက်အပေါ်မှာ နောက်ထပ်ရှင်းလင်း ချက်တွေနဲ့ ပြင်ဆင်ချက်တွေပြုလုပ်သွား မှာပါ” ဟု ကာတာတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း AFP သတင်းဌာနက ဖေါ်ပြခဲ့သည်။ သို့သော် အာရပ်ဝန်ကြီးများက ယင်းသို့ပြုလုပ်ရန် ငြင်းဆိုခဲ့သည်။
ကာတာတာဝန်ရှိသူကမူ ဆီးရီးယားမှ လက်မှတ်ရေးထိုးမည်ဆိုလျင် မနက်ဖြန်တွင် ကိုင်ရိုသို့လာနိုင်ကြောင်း ပြောသည်။
ပထမအကြိမ် နိုဝင်ဘာလ ၂၅ ရက်နေ့အထိ အာရပ်အဖွဲ့ချုပ်မှ နောက်ဆုံးရက်သတ်မှတ်ခဲ့ပြီး လေ့လာသူများအား လက်ခံရန် တောင်းဆိုခဲ့သော်လည်း ဆီးရီးယားမှ လက်မခံခဲ့ပေ။ ဆီးရီးယားအပေါ် အာရပ်အဖွဲ့ချုပ်က နိုင်ငံဗဟို ဘဏ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်နေမှုများ၊ အစိုးရ၏ ပိုင်ဆိုင်မှုများအပေါ် ပိတ်ဆို့မှုများလုပ်ခဲ့သည်။
လက်ရှိပိတ်ဆို့ထားသော ပိတ်ဆို့မှုများလက်တွေ့အကောင်အထည်ဖေါ်နိုင်ရေးအတွက် အာရပ်အဖွဲ့ချုပ်မှ ဝန်ကြီးများ တွေ့ဆုံဆွေးနွေးလျက်ရှိသည်။ တူရကီကလည်း ဆီးရီးယားအပေါ် လွန်ခဲ့သောအပတ်က ပိတ်ဆို့မှုချမှတ်ခဲ့သည်။ ဆီးရီးယားအစိုးရ၏ ပိုင်ဆိုင်မှုများ၊ ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။
တူရကီကုန်ပစ္စည်းများ ဆီးရီးယားသို့တင်ပို့နေရာတွင် လွတ်လပ်ကုန်သွယ်သဘောတူညီမှုအရ အခွန်ကင်းလွတ်ခွင့် ၃၀% ပေးထားခြင်းကို ဖျက်သိမ်းပြီး တူရကီအပေါ်တုံ့ပြန်သွားမည်ဟု အစိုးရပိုင် ဆာနားသတင်းဌာနက ကြေငြာခဲ့ သည်။
ဂျော်ဒန်ကမူ နိုင်ငံတွင်း စီးပွားရေးအရ ဆုံးရှုံးနစ်နာမှုများရှိလာမည်ဖြစ်သောကြောင့် စီးပွားရေးပိတ်ဆို့မှုမပြုဘဲ ချန်လှပ်ထားပေးရန် ဂျော်ဒန်အစိုးရမှ အာရပ်အဖွဲ့ချုပ်ကို တောင်းဆိုထားသည်ဟု ကြားသိရကြောင်း အယ်ဂျာဇီယာသတင်းထောက် နစ္စရင်း အယ်လ်-ရှာမေလဲက ဂျော်ဒန်နယ်စပ်မှ နေ၍သတင်းပေးပို့ခဲ့သည်။
“ဒမတ်စကတ်နဲ့ အမ္မာန်ကြားလေကြောင်းကုန်သွယ်မှုတွေ ရပ်ဆိုင်းသွားမယ့် အရေးကို ဂျော်ဒန်ကပူပန်နေ ပါတယ်။ နှစ်နိုင်ငံကုန်သွယ်မှုက တစ်နှစ်ကို ဒေါ်လာသန်း ၄၀၀ ရှိပါတယ်။”
“အာရပ်အဖွဲ့ချုပ်ရဲ့ ဆီးရီးယားအစိုးရအပေါ် ပြစ်ဒဏ်ခတ်မှုကို ဂျော်ဒန်က ထောက်ခံကြောင်း၊ သို့သော် နှစ်နိုင်ငံကုန်သွယ်ရေး ပြတ်တောက်သွားမည်ကို မလိုလားကြောင်း ဂျော်ဒန်က ပြောပါတယ်။”
အီရတ်နှင့် လက်ဘနွန်က ၎င်းတို့အိမ်နီးချင်းဖြစ်သော ဆီးရီးယားအပေါ်ပိတ်ဆို့မှု မလုပ်လိုကြောင်း ဆိုသည်။
ဆီးရီးယားသမ္မတ ဘရှာအယ်အာဆက်၏ စစ်တပ်များအပေါ် ဆက်လက်စောင့်ကြည့်နေသင့်ကြောင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျက်ဖရီဖေါ့တ်မန်းက ပြောသည်။
“အာဆက်နဲ့ သူ့ရဲ့အပေါင်းအပါတွေကို သတင်းပေးနေတဲ့ ထောက်လှမ်းရေးကို အပြည့်အဝစောင့်ကြည့်နေ မယ်ဆိုရင် သူတို့အခုလုပ်နေတဲ့ ကိစ္စတွေကို ဆက်လုပ်နိုင်တော့မှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။” ဟု ဂျော်ဒန် နိုင်ငံတွင်ပြောကြားခဲ့သည်။
“ စောင့်ကြည့်ရေးအဖွဲ့တွေကို ခွင့်ပြုလိုက်မယ်ဆိုရင် အခုအာဆက်လုပ်နေတဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေကို ငြိမ်းချမ်းစွာတားဆီးနိုင်တဲ့ အနေအထားရှိပါတယ်။” ဟု ဖော့တ်မန်းက ဆိုသည်။
0 comments:
Post a Comment