Tuesday, December 6, 2011

ကမ္ဘာနှင့် တူသော ဂြိုဟ်တစ်လုံးတွေ့


ကမ္ဘာနှင့် အလင်းနှစ် ၆၀၀ အကွာတွင် ကမ္ဘာနှင့်အလွန်တူသော ဂြိုဟ်တစ်လုံးတွေ့ရှိရပြီး သက်ရှိများနေထိုင်ခြင်း ရှိ၊ မရှိ ဆက်လက်လေ့လာသွားရမည်ဟု သိပ္ပံပညာရှင်အသိုင်းအဝိုင်းက ပြောကြားခဲ့သည်။
ယင်းဂြိုဟ်ကို ကပ္ပလာ-၂၂ဘီ (Kepler-22b) ဟု အမည်ပေးထားပြီး ကမ္ဘာ့နေအဖွဲ့အစည်းအလွန် အခြားကြယ်များ ကိုပတ်နေသော ဂြိုဟ်ပေါင်း ၅၀၀ အတွင်းတစ်ခုအပါအဝင်ဖြစ်သည်။ ယခုတွေ့ရှိရသော ဂြိုဟ်မှာ အရွယ်အစား အသေးဆုံးဖြစ်ပြီး သက်ရှိတို့ဖြစ်တည်ရန် အဓိကလိုအပ်ချက်ဖြစ်သော ရေရှိနိုင်မည့်အနေအထားဖြစ်သည်။
“ကျွန်မတို့က အရွယ်အစားမှန်၊ နေထိုင်လို့သင့်လျှော်တဲ့ ကမ္ဘာဂြိဟ်ပေါ်မှာနေထိုင်နေခြင်းဖြစ်ပါတယ်။” ဟု ဆန်းဟို့စ်ပြည်နယ် တက္ကသိုလ်မှ နက္ခတပညာရှင် နာတာလိုင်းဘာတယ်လ်ဟာက တနင်္လာနေ့က ပြောသည်။

ဘာတယ်လ်ဟာသည် နာဆာ၏ ကပ္ပလာအာကာသမှန်ပြောင်း နှင့်လေ့လာသော သိပ္ပံအဖွဲ့ခေါင်းဆောင်ဖြစ်သည်။
ကပ္ပလာအာကာသမှန်ပြောင်းကို လွန်ခဲ့သော သုံးနှစ်က လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်အထိ ဆိုင်းဂနပ်စ် နှင့် လိုရာ ကြယ်တာရာများအတွင်းရှိ ကြယ်ပေါင်း ၁၅၀,၀၀၀ ကိုရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သည်။ ထို့ပြင် ကပ္ပလာမှ မြင်နိုင်စွမ်းရှိသော လမ်းကြောင်းအတွင်းရှိ အချိန်အတိုင်းအတာနှင့် ဖြတ်သွားဖြတ်လာပြုလေ့ရှိသော ကြယ်များကို လည်းရှာဖွေလျက်ရှိသည်။
ကပ္ပလာမှရှာဖွေတွေ့ရှိလာသော မစ်ကီးဝေးကြယ်စုအတွင်း အမြဲနေထိုင်သောကြယ်များအပေါ် အခြေခံ၍ ကမ္ဘာနှင့်အရွယ်အစားတူဂြိုဟ်များရှိနိုင်၊ မရှိ နိုင်ကို တွက်ချက်သည်။

ယခုတွေ့ရှိမှုသည် နေနှင့်တူညီသော ကြယ်တစ်လုံးကို ပတ်နေသည့် သက်ရှိများရှိနိုင်မည့် ဂြိဟ်တစ်လုံးကိုပထမဦး ဆုံးအကြိမ်အဖြစ်တွေ့ရှိရခြင်းဖြစ်သည်။ ယင်းအကြောင်းကို နက္ခတရူပဂျာနယ် (Astrophysical Journal) တွင် ပုံနှိပ် ဖေါ်ပြမည်ဖြစ်သည်။ ကပ္ပလာသည် အလင်းနှစ် ၆၀၀ ၊ အကြမ်းဖျင်းအားဖြင့် မိုင်ပေါင်း ၆ ထရီလီယံ အကွာတွင် တည်ရှိသည်။

ကမ္ဘာမှ နေနှင့် အကွာအဝေးကဲ့သို့ အလားတူ မိမိတို့၏ မိခင်ကြယ်ကြီးမှ ကွာဝေးသော ဂြိုဟ်များသည်ယင်းကြယ် ကိုတစ်ပတ်ပတ်မိရန် အကြမ်းဖျင်းအားဖြင့် တစ်နှစ်ခန့်ပင်ကြာတတ်လေသည်။

အရံကြယ်များတွင် ဖြစ်တတ်သော ကြယ်၏အလင်းရောင် မတည်ငြိမ်မှုကြောင့် ဂြိုဟ်ဖြစ်သည်၊ ကြယ်ဖြစ်သည်ကို အသေအချာသိရှိနိုင်ရန် သိပ္ပံပညာရှင်များအနေနှင့် အနည်းဆုံး တစ်ထောက်နားအဆင့်သုံးဆင့်ခန့် ဖြတ်ကျော်တွက်ချက်ရသည်။

တွေ့ရှိလာသည့် အချက်အလက်များကို အခြားမြေပြင်မှ မှန်ပြောင်းများ၊ အာကာသမှ မှန်ပြောင်းများဖြင့် ဆက်လက် လေ့လာ အတည်ပြုကြရသည်။
ကပ္ပလာ-၂၂ဘီသည် ကမ္ဘာထက် ၂.၄ ဆမျှပိုကြီးပြီး ၎င်း၏နေမှ သင့်တင့်မျှတသော အကွာအဝေးတွင်တည်ရှိသည်။ ထို့ကြောင့် မျက်နှာပြင်ပေါ်တွင်ရေရှိနိုင်ပြီး သက်ရှိနေထိုင်၍ သင့်လျှော်သော နေရာဖြစ်သည်ဟု သတ်မှတ်ထား သည်။ နောက်ပိုင်းလေ့လာရေးလုပ်ငန်းများဆက်လက် ဆောင်ရွက်နေပြီး ကပ္ပလာ-၂၂ဘီသည် ကမ္ဘာကဲ့သို့ အစိုင် အခဲပင်ဖြစ်သလား၊ နက်ပကျွန်းကဲ့သို့ ဓါတ်ငွေ့ထူပြောသည့် ဂြိုဟ်ဖြစ်သည်လားဟူသည်ကို စူးစမ်းမည်ဖြစ်သည်။

“ကမ္ဘာ့အရွယ်အစားနဲ့ နက်ပကျွန်းဂြိုဟ်အရွယ်အစားနှစ်ခုနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့ဘာမှ မသိပါ ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ရဲ့ နေအဖွဲ့အစည်းအတွင်းမှာ ဒီဟာတွေကို နှိုင်းယှဉ်နိုင်ဖို့ နမူနာမရှိပါဘူး။ ဘယ်အရာတွေက ကျောက်တုံးကျောက်ခဲတွေ ဖြစ်နိုင်ပြီးတော့ ဘယ်အရာတွေက ရေဖြစ်နိုင်တဲ့အရာတွေ၊ ဘယ်ဟာတွေက ရေခဲဖြစ်နိုင်တဲ့ဟာတွေဆိုတာကိုလည်း ကျွန်မတို့မသိပါဘူး။ နမူနာတစ်ခုခုကိုတွေ့ပြီးမှ ကျွန်မတို့ သိနိုင်မှာဖြစ်ပါတယ်။” ဟု ဘာတယ်လ်ဟာက ကာလီဖိုးနီးယားပြည်နယ်၊ မော့ဖက်ဖီးလ်ရှိ နာဆာ အေမီးစ် သုတေသနဌာန သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အကယ်၍ ကပ္ပလာ-၂၂ဘီတွင် မြေမျက်နှာပြင်ရှိပြီး လေထုအလွှာများမှာလည်း ကမ္ဘာကဲ့သို့ပင်ရှိပါက ကမ္ဘာတွင် နွေဦးပေါက် အပူချိန်နှင့် ညီမျှသော ၂၂ ဒီဂရီဆဲလ်ဆီးယပ်စ်ခန့် ပူနွေးမည်ဖြစ်သည်။ ကပ္ပလာမှန်ပြောင်း သိပ္ပံပညာရှင် အုပ်စုမှလေ့လာနေသော ဂြိုဟ်ပေါင်း ၂,၃၂၆ လုံးတွင် ၁၀ လုံးခန့်မှာ ကမ္ဘာနှင့် အရွယ်အစားတူညီပြီး ၎င်းတို့၏ ကြယ်များကို လှည့်ပတ်နေကြရာတွင်လည်း သက်ရှိနေနိုင်သည့် အကွာအဝေးမှ လည်ပတ်နေကြခြင်း ဖြစ်သည်။

အခြားပုဂ္ဂလိက အထောက်အပံ့ခံသိပ္ပံပညာရှင်အုပ်စုတစ်စုကလည်း ဂြိုဟ်များတွင် သဘာဝအတိုင်းမဟုတ်သော ရေဒီယိုလှိုင်းလွှင့်ထုတ်မှုများကို အသေးစိတ်ဖမ်းယူကြည့်ရှုနေကြသည်။ ယင်းစီမံကိန်းကို စင်္ကြာဝဋ္ဌာစုံစမ်းထောက် လှမ်းရေး (SETI) ဟု အမည်ပေးထားသည်။
“စင်္ကြာဝဋ္ဌာရဲ့ တစ်နေရာရာမှာ ထူးခြားတဲ့၊ သီးခြား၊ လွတ်လွတ်လပ်လပ်ရပ်တည်နေတဲ့ အခြားသက်ရှိ တစ်ခုခုကို တွေ့ခဲ့မယ်ဆိုရင် စင်္ကြာဝဋ္ဌာအနှံ့အပြားမှာလည်း အလားတူပျံ့နှံ့တည်ရှိနေနိုင်တယ်လို့ ကောက်ချက်ဆွဲလို့ရပါပြီ။” ဟု မောင်တိန်းဗျူးရှိ SETI စီမံကိန်းဒါရိုက်တာ နက္ခတပညာရှင် ဂျေးလ်တာတာက ပြောသည်။

ယခုအပတ်အတွင်း ကပ္ပလာသိပ္ပံပညာရှင်အုပ်စုသည် ပထမဆုံးသိပ္ပံညီလာခံကို ကျင်းပနေကြသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။