Friday, December 9, 2011

အမေရိကန်ဒရုန်းကို အီရန်ပြသ


အီရန်နိုင်ငံအရှေ့ဘက် လေပိုင်နက်ထဲသို့ အမေရိကန်ပိုင် မောင်းသူမဲ့သူလျှိုလေယာဉ် ဒရုန်းတစ်စင်း လွန်ခဲ့သော လက ဝင်ရောက်လာခဲ့ပြီး မိမိတို့ထိန်းချုပ်ရရှိခဲ့ကြောင်း အီရန်က ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ကိုယ်စားပြု ဆွစ်သံတမန် လီဗီယာလူးအေဂိုစတီကို ဆင့်ခေါ်ပြီး ဝါရှင်တန်၏ ရန်စကျူးကျော်သည့် လုပ်ရပ်ဖြစ်ကြောင်းကြာသပတေးနေ့က ပြောကြားခဲ့သည်။

အီရန်နှင့် အမေရိကန် သံတမန်ဆက်ဆံရေးမရှိသည့် အတွက် ဆွစ်သံရုံးက အမေရိကန်ကိုယ်စားကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်လေသည်။

အီရန်က အမေရိကန်သူလျှိုလေယာဉ် RQ-170 နိုင်ငံ၏ ပိုင်နက်အတွင်းကျူးကျော်ဝင်ရောက်လာမှုအပေါ် အပြင်း အထန်ကန့်ကွက်ကြောင်း၊ အမေရိကန်အစိုးရမှ ယင်းကိစ္စနှင့်ပတ်သက်၍ အမြန်ဖြေရှင်းချက်ပေးရန်နှင့် လျှော်ကြေး ပေးရန် တောင်းဆိုထားသည်။

တနင်္ဂနွေနေ့ နှောင်းပိုင်းက အီရန်သတင်းဌာနများက အီရန်လေပိုင်နက်အတွင်းကျူးကျော်ဝင်ရောက်လာသော အမေရိကန်မောင်းသူမဲ့ သူလျှိုလေယာဉ်ဒရုန်းတစ်စင်းကို ပစ်ချခဲ့ကြောင်းပြောကြားခဲ့ကြသည်။ သို့သော် မည်သည့် နေရာတွင် မည်သို့မည်ပုံပစ်ချခဲ့သည်ကိုမူ ဖေါ်ပြခြင်းမရှိပေ။
အမေရိကန်သတင်းများကမူ စက်ချို့ယွင်းမှုကြောင့် အီရန်အရှေ့ဘက်သို့ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြသည်။
RQ-170 Sentinel သည် အမြင့်ပျံသန်းနိုင်သော သူလျှိုထောင်လှမ်းရေးဒရုန်းဖြစ်သည်။ ယင်းကို အမေရိကန် လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီလော့ခ်ဟိမာတင် (Lockheed Martin) က ထုတ်လုပ်ထားခြင်းဖြစ်သည်။

ကြာသပတေးနေ့တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုင်တန်းစာတစ်စောင်ရေးသားပြီး ဆွစ်သံအမတ်သို့ ပေးအပ်ခဲ့ရာ ယခုကိစ္စအတွက် အမေရိကန်တွင်လုံးဝတာဝန်ရှိပြီး တကမ္ဘာလုံးသိရှိပြီးဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ဥပဒေကိုချိုးဖေါက်ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

အီရန်နိုင်ငံပိုင်ရုပ်မြင်သံကြားက ဒရုန်းကို နှစ်မိနစ်ကျော်ကြာပြသခြဲ့ပီး သူတို့ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ကြာသပတေးနေ့ က ကြေငြာခဲ့သည်။ RQ-170 Sentinel နှင့်တစ်ပုံစံတည်းဖြစ်ပြီး အားလုံးအကောင်းပကတိအတိုင်းပင်ရှိကာ ပွန်းပဲ့ရာ အနည်းငယ်သာရှိသည်။

ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသစဉ် နို့နှစ်ရောင်ဒရုန်းအား တော်လှန်းရေးတပ်မှ လေတပ်တာဝန်ခံတပ်မှူးနှစ်ဦးက လှည့်ပတ် စစ်ဆေးကြည့်ရှုနေသည်။

အီရန်နိုင်ငံတွင် သြဇာကိတ္တိမကြီးမားသော တော်လှန်ရေးတပ်မှ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်အေမီအလီဟာဂျီဇာဒက် က အမေရိကန်ဒရုန်းကို နည်းပညာဖြင့်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အထိအခိုက်အနည်းဆုံးဖြစ်အောင်ထိန်း ချုပ်ကာ မြေပြင်သို့ယူချခဲ့ကြောင်း ပြောသည်။
“ တော်လှန်ရေးတပ်နဲ့ ပုံမှန်တပ်တွေ ပေါင်းပြီးတော့ ဒီဒရုန်းကို အရယူခဲ့ခြင်းဖြစ်ပါတယ်။” ဟု ဆိုသည်။

အီရန်ကျွမ်းကျင်သူများသည် ဒရုန်းအတွင်းမှ အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးရှိသော သတင်းအချက် အလက်များ ရယူနိုင်ခဲ့ကြောင်း သူက ဆက်လက်ပြောကြားခဲ့သည်။

ဒရုန်းအတွင်းမှ ရရှိသော ထိပ်တန်းအဆင့်မြင့်နည်းပညာများကိုအီရန်ရရှိအသုံးပြုသွားမည်ကို စိုးရိမ်ကြောင်း အမေရိကန် သတင်းများက ပြောသည်။

သို့သော် အီရန်တွင် ဒရုန်းအတွင်းမှ ရရှိသောနည်းပညာများကို အသုံးပြုနိုင်လောက်အောင် တတ်ကျွမ်းနားလည် သောပညာရှင် ရှိမည်ဟု မထင်ကြောင်း အမည်မဖေါ်လိုသူ အမေရိကန် အရာရှိတစ်ဦးက ပြောသည်။

ယခုဒရုန်းကိစ္စသည် အီရန်၏ နျူကလီးယားအစီအစဉ်အပေါ် အမေရိကန်နှင့် အနောက်အုပ်စုများက စွပ်စွဲပြောဆို မှုများလုပ်နေပြီး ဆက်ဆံရေးတင်းမာနေချိန်ဖြစ်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။