Friday, December 16, 2011

ဘာရိန်းတွင် ဆန္ဒပြမှုများဖြစ်ပွား

ဇိုင်နက်အယ်-ခါဝါဂျာ

ဘာရိန်းနိုင်ငံမြို့တော်မနားမားသို့ဦးတည်ချီတက်ကာ အဝေးပြေးလမ်းမကြီးပေါ်တွင် ဆန္ဒပြကြသူများနှင့် ရဲများ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဇိုင်နက်အယ်-ခါဝါဂျာကို ဘာရိန်းရဲများက ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
သူမကို ခုနှစ်ရက်ခန့်ဖမ်းဆီးထိန်းသိမ်းထားလိမ့်မည်ဖြစ်ကြောင်း ဘာရိန်းလူ့အခွင့်အရေးဌာနမှ အယ်ဂျာဇီယာသို့ ပြောသည်။

အယ်-ခါဝါဂျာသည် ထင်ရှားသောနိုင်ငံရေးအတိုက်အခံခေါင်းဆောင်တစ်ဦး၏ သမီးဖြစ်ပြီး သူမနှင့်အတူ အမျိုးသမီး အများအပြားတို့ ကြာသပတေးနေ့က ဘူဒိုင်ယာရှိ အဝိုင်းကြီးတွင် ဆန္ဒပြကာ ထိုင်လျက်နေခဲ့ကြသည်။ ထို့နောက် ထွက်ပေါ်လာသောဓါတ်ပုံများနှင့် ဗွီဒီယိုမှတ်တမ်းများအရ သူမကို အမျိုးသမီးရဲမေတစ်ဦးက လက်ထိပ်ခတ်ကာ ဒရွတ်တိုက်ဆွဲခေါ်သွားခဲ့သည်။

မြို့တော်အနောက်ဘက် အတိုက်အခံဆန္ဒပြသူများအခြေချရာ ရွာများနှင့် ဒီရက်မြို့အနီး ဆန္ဒပြသူများကို ရဲများက မျက်ရည်ယိုဗုံးများ၊ အလင်းဗုံးများကို အသုံးပြုကာ ဆန္ဒပြမှုများကိုဖြိုခွင်းခဲ့သည်။ ဆန္ဒပြနေသူ ရှီးအိုက်မွတ်စလင် လူထုက အဝေးပြေးလမ်းမကြီးဘေးတွင် နေရာယူထားကာ လမ်းမပေါ်သို့တက်ရောက်လာသူ ဆန္ဒပြသူအချို့ကို ရဲများက လိုက်လံဖမ်းဆီးမောင်းထုတ်လျက်ရှိသည်။

ဘာရိန်းတွင် ဆွန်နီဘုရင်က အုပ်ချုပ်နေပြီး အများစုရှီးအိုက်မွတ်စလင်များက မကျေမနပ်ဆန္ဒပြမှုများဖြစ်ပွားနေ သည်မှာ ၁၀ လခန့်ကြာမြင့်ပြီဖြစ်သည်။
အွန်လိုင်းလှုပ်ရှားသူများကလည်း တွစ်တာနှင့် အခြားလူမှုကွန်ယက်ဝက်ဘ်ဆိုက်များကို အသုံးပြုကာ အဝေးပြေး လမ်းမကြီးပေါ် သိမ်းပိုက်ဆန္ဒပြကြရေးအတွက် လူအများကို လှုံ့ဆော်ပေးနေလျက်ရှိသည်။
နေ့လည်ခင်းလောက်တွင် ဆန္ဒပြသူများနှင့်ရဲများ ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေချိန်တွင် အဝေးပြေးလမ်းမကြီးဘေး၌ လူရာပေါင်းများစွာ အဖြူ၊ အနီစင်း ဘာရိန်းအလံများကို ဝှေ့ယမ်းဆန္ဒပြစုဝေးနေကြလေသည်။

ထိုနေရာ၌ ရဲအင်အား များစွာချထားပြီး အဓိကရုဏ်းနှိမ်နင်းရေးဝတ်စုံများဝတ်ဆင်ထားကြကာ ကောင်းကင်တွင် လည်း ရဟတ်ယာဉ်များဖြင့် ပျံဝဲစောင့်ကြည့်နေကြောင်း မျက်မြင်သက်သေများက ဆိုသည်။
အဝေးပြေးလမ်းမကြီးသည် မနားမားမြို့တောင်ပိုင်း ပုလဲအဝိုင်းကြီးသို့ ကီလိုမီတာတစ်ဝက်ခန့်တွင်ရှိသည်။ မတ်လ အတွင်းက ယင်းအဝိုင်းကြီးကို ဆုံချက်ပြု၍ ဘာရိန်းဘုရင်စံနစ်ကို အံတုဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး အစိုးရ၏ နှိမ်နင်းခြင်း ကိုခံခဲ့ရကာ အဝိုင်းကြီးကိုလည်း ဖျက်ဆီးပစ်လိုက်လေသည်။
ယင်းနေရာကို အတိုက်အခံတို့၏ အထိမ်းအမှတ်နေရာအဖြစ်သတ်မှတ်ထားပြီး အစိုးရကလည်း အစောင့်အကြပ် များစွာဖြင့် စောင့်ကြည့်တင်းကြပ်ထားကာ အတိုက်အခံတို့က ပြန်လည်နေရာယူဆန္ဒပြကြရန် ကြိုးပမ်းနေကြလေ သည်။

အာရပ်အုံကြွမှုများစတင်ချိန်ဖေဖေါ်ဝါရီလမှ စကာ ဘာရိန်းတွင်လည်း မငြိမ်သက်မှုများဖြစ်ပွားလျက်ရှိပြီး သေဆုံးသူ ၃၅ ယောက်အထိရှိပြီဖြစ်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။