Tuesday, December 20, 2011

အာရပ်အဖွဲ့ချုပ်အစီအစဉ်ကို ဆီးရီးယားသဘောတူ


အာရပ်အဖွဲ့ချုပ်မှ ရေးဆွဲထားသော ငြိမ်းချမ်းရေးသဘောတူညီချက်အရ ဆီးရီးယားနိုင်ငံအတွင်း အကြမ်းဖက်မှုများ အဆုံးသတ်ပြီး ဒမတ်စကတ်သို့ အဖွဲ့တစ်ဖွဲ့စေလွှတ်ကာ လေ့လာစောင့်ကြည့်မှုများပြုလုပ်ရေးအတွက် ဆီးရီးယားက သဘောတူညီလိုက်ကြောင်း သိရသည်။ နိုင်ငံအဝှမ်း ယခုရက်ပိုင်းအတွင်း လူ အယောက် ၁၀၀ ကျော်သေဆုံးခဲ့ ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။

တနင်္လာနေ့က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် အာရပ်အဖွဲ့ချုပ်လက်ထောက်အထွေထွေအတွင်းရေးမှူး အာမက် ဘင်ဟယ်လီနှင့် ဆီးရီးယားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဖိုင်ဆယ်လ် အယ်-မက်ဒက်တို့ စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ ကြသည်။

နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးခြင်းမရှိစေရန် သဘောတူညီမှုရပြီးနောက်တွင်မှ စာချုပ်တွင်လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး ဝါလစ်မွာလမ်က ဒမတ်စကတ်တွင် ကျင်းပသောသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ သဘောတူညီချက်အရ လေ့လာစောင့်ကြည့်ရေးအဖွဲ့အတွက် ပထဦးစွာ တစ်လခွင့်ပြုထားပြီး နောက်ပိုင်းနှစ်ဖက်သဘောတူညီမှုဖြင့် ရက်ထပ်တိုးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အနောက်အုပ်စုများနှင့် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့များက ဆီးရီးယားဆန္ဒပြပွဲများသည် ငြိမ်းချမ်းစွာပြုလုပ်ခြင်း ဖြစ်သည်ဟူသော အဆိုကို ဆီးရီးယားအစိုးရက အစဉ်ငြင်းဆိုခဲ့ပြီး လက်နက်ကိုင်အုပ်စုများ၏ အကြမ်းဖက်လုပ်ရပ် များသာ ဖြစ်ကြောင်း ဆို၏။ လေ့လာစောင့်ကြည့်ရေးအဖွဲ့နိုင်ငံတွင်းဝင်ရောက်လေ့လာမည်ဆိုပါက ဆီးရီးယားအစိုးရ သည် လက်နက်ကိုင် အကြမ်းဖက်အုပ်စုများကိုသာ နှိမ်နင်းနေသည်ဖြစ်ကြောင်းကို တွေ့ရှိလိမ့်မည်ဟု မိမိမျှော်လင့် ပါကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ခြင်းကြောင့် အာရပ်အဖွဲ့ချုပ်မှ ဆီးရီးယားအပေါ်ချမှတ်ထားသော ပိတ်ဆို့ပြစ်ဒဏ်ခတ်မှုများကို ပြန်လည်ရုပ်သိမ်းပေးလိုက်ပြီဖြစ်သည်။

သဘောတူညီချက်ပါအချက်များမှ ဆီးရီးယားနိုင်ငံတွင်းသို့ အာရပ်အဖွဲ့ချုပ်မှစေလွှတ်သော လေ့လာစောင့်ကြည့်ရေး အဖွဲ့ ကိုဝင်ခွင့်ပြုရန်၊ ဆီးရီးယားနိုင်ငံ မြို့ရွာများတွင်းမှ စစ်တပ်များ ပြန်လည်ဖယ်ရှားရန် စသည့်တို့အဓိကပါဝင် သည်။
အတိုက်အခံအဖွဲ့ကြီးဖြစ်သော ဆီးရီးယားအမျိုးသားကောင်စီ၏ ဥက္ကဋ္ဌက အာရပ်အဖွဲ့ချုပ်၏ အစီအစဉ်ကို ဆီးရီးယားအစိုးရက အသုံးချနေသည်ဟု စွပ်စွဲပြောဆိုလိုက်သည်။
“ကုလသမဂ္ဂကို ဆီးရီးယားအရေးတင်မယ့်ကိစ္စမျိုးတွေ ဖြစ်မလာအောင် အစိုးရက အာရပ်အဖွဲ့ချုပ်အစီအစဉ် ကိုလက်ခံပြီး နည်းပရိယာယ်သုံးနေတာပါ။” ဟု အတိုက်အခံအဖွဲ့ ဥက္ကဋ္ဌ ဘာဟမ်ဂါလီယိုအန်က ဆိုသည်။
“ဒါနည်းပရိယာယ်တစ်ခုမျှသာ ဖြစ်ပါတယ်။ တကယ်တမ်းလိုက်နာဆောင်ရွက်လိုတဲ့ ရည်ရွယ်ချက်မရှိပါဘူး။”

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။