Monday, December 26, 2011

တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယားသို့ သွားရောက်

လီဟီဟို နှင့် ဟွန်ဂျွန်အွန်း

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအီလ်အား နောက်ဆုံးအနေဖြင့်ဂါရဝပြုရန် တောင်ကိုရီးယားကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ မြောက်ကိုရီးယား သို့သွားရောက်ခဲ့သည်။
တနင်္လာနေ့က သွားရောက်ခဲ့သော ယင်းအဖွဲ့တွင် ကွယ်လွန်သူတောင်ကိုရီးယားသမ္မတဟောင်း ကင်ဒေးယုန်၏ ဇနီးအသက် ၈၉ နှစ်ရှိ လီဟီဟို နှင့် ဟွန်ဒိုင်းစက်မှုလုပ်ငန်းအမျိုးသမီးဥက္ကဋ္ဌ အသက် ၅၆ နှစ်ရှိ ဟွန်ဂျွန်အွန်းတို့ပါဝင်သည်။ မြောက်ကိုရီးယားတွင် နှစ်ရက်ကြာမည်ဖြစ်ပြီး တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံမည် ဖြစ်သည်။

“ကျွန်မတို့အခုလိုသွားရောက်ခြင်းကြောင့် တောင်၊ မြောက်ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးပိုမိုကောင်းမွန်လာ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ဟု နယ်စပ်ကို မဖြတ်မီ လီက ပြောကြားခဲ့ခြင်းဖြစ်သည်။

ကင်ဒေးယုံနှင့် ကင်ဂျုံအီလ်တို့သည် ၂၀၀၀ ခုနှစ်အတွင်းက ကိုရီးယားနှစ်နိုင်ငံကြား ပထမဆုံးထိပ်သီးတွေ့ဆုံပွဲ ပြုလုပ်ခဲ့သည့် သမ္မတများဖြစ်ကြပြီး ဟွန်ဒိုင်းကုမ္ပဏီသည်လည်း နှစ်နိုင်ငံကြားနယ်စပ်ဖြတ်ကျော်ကာ စီးပွားရေးလုပ် ကိုင်နေသည့် ကုမ္ပဏီဖြစ်သည်။ ဥက္ကဋ္ဌဟွန်သည် ကင်ဂျုံအီလ်မကွယ်လွန်မီက မကြာခဏတွေ့ဆုံခဲ့ဖူးသည်။
ဟွန်ဒိုင်းကုမ္ပဏီသည် မြောက်ကိုရီးယားတွင် ရင်းနှီးမြှုပ်နှံမှုများစွာပြုလုပ်ထားကြောင်း အယ်ဂျာဇီယာသတင်းထောက် ဟာရီဖေါဆက်က သတင်းပို့သည်။
ယခုလာရောက်သည့် အမျိုးသမီးနှစ်ဦး၏ ခင်ပွန်းသည်များဆုံးပါးစဉ်ကလည်း မြောက်ကိုရီးယားမှ ကိုယ်စားလှယ် စေလွှတ်ခဲ့ကြောင်း သိရသည်။
“ယခုအခါသည် နှစ်နိုင်ငံကြားဆက်ဆံရေးကောင်းမွန်အောင် ပြုလုပ်ရန်အကောင်းဆုံးအချိန်ဖြစ်ကြောင်း လီကပြောသွားပါတယ်။”

ကင်ဂျုံအီလ်အားနောက်ဆုံးဂါရဝပြုပြီးနောက် တနင်္လာနေ့တွင် မြောက်ကိုရီးယားတာဝန်ရှိသူများနှင့် နေ့လည်စာ အတူစားသုံးပြီး တွေ့ဆုံကြမည်ဖြစ်ကြောင်း ကိုရီးယားနှစ်နိုင်ငံအရေးကိုင်တွယ်သူ တောင်ကိုရီးယားပြန်လည်ပေါင်း စည်းရေး ဝန်ကြီးဌာနက ဆိုသည်။
တွေ့ဆုံကြမည့်အထဲတွင် ကင်ဂျုံအီလ်၏ အရိုက်အရာကိုဆက်ခံထားသည့် သားအငယ်ဆုံးကင်ဂျုံအန်းပါဝင်မည် ၊ မပါဝင်မည်ကိုမူ အသေအချာ မသိရသေးပေ။

နိုင်ငံတော်ဈာပနကို ဗုဒ္ဓဟူးနေ့တွင်ကျင်းပမည်ဖြစ်ပြီး ကိုယ်စားလှယ်အဖွဲ့သည် အင်္ဂါနေ့တွင် ပြန်လာကြမည်ဖြစ် သည်။ ကင်ဂျုံအီလ်သေဆုံးသည့်အပေါ် တောင်ကိုရီးယားက ဂါရဝမပြုဟု ပြုံယမ်းအစိုးရက တောင်ကိုရီးယားအား ပြစ်တင်ပြောကြားလိုက်ပြီးနောက်ပိုင်းမှ တောင်ကိုရီးယားနိုင်ငံရှိ နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ကိုယ်စားလှယ်အဖွဲ့နှစ်ဖွဲ့သွားရောက်ရန် စေလွှတ်ခဲ့ခြင်းဖြစ်သည်။

ကင်ဂျုံအီလ်သည် ဒီဇင်ဘာ ၁၇ ရက်နေ့က နှလုံးရောဂါဖြင့် ရုတ်တရက်သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ကွယ်လွန်ချိန် တွင် အသက်၆၉ နှစ်ရှိပြီဖြစ်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။