Thursday, December 29, 2011

ရေနံတင်ပို့မှု ပိတ်ဆို့မည့်အပေါ် အီရန်က တုံ့ပြန်ခြိမ်းခြောက်


အနောက်အုပ်စုမှ အီရန်ရေနံတင်ပို့မှုအပေါ်ပိတ်ဆို့ဒဏ်ခတ်မှုပြုလျင် ဟော်မျုဇ် ရေလက်ကြားကိုဖြတ်၍ ရေနံသယ် ယူပို့ဆောင်မှုများအားလုံးကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း အီရန်ဒုတိယသမ္မတ မိုဟာမက်ရီဇာရာဟီမီက သတိပေး လိုက်သည်။

အီရန်က ဟော်မျုဇ် ရေလက်ကြားအနီး စစ်ရေလေ့ကျင့်မှုဆယ်ရက်ကြာပြုလုပ်မည်ဖြစ်ပြီး လးရက်မြောက်ဖြစ်သော အင်္ဂါနေ့တွင် နိုင်ငံပိုင် IRNA သတင်းက ထုတ်ပြန်ကြေငြာခဲ့ခြင်းဖြစ်သည်။

“အီရန်ရေနံတွေကို ပိတ်ဆို့ဒဏ်ခတ်မယ်ဆိုရင် ဟော်မျုဇ်ရေလက်ကြားကို ဖြတ်ပြီးတော့လည်း ရေနံတစ် စက်တောင် သယ်ခွင့်မပေးနိုင်ပါဘူး။” ဟု ရာဟီမီက ပြောဆိုခဲ့ကြောင်း သိရသည်။
“ကျုပ်တို့မှာ အကြမ်းဖက်၊ ရန်လိုတဲ့စိတ်မျိုးမရှိပါဘူး။ ဒါပေမယ့် အနောက်အုပ်စုကနေပြီးတော့ သူတို့အစီ အစဉ်ကို နောက်မဆုတ်ဘူးဆိုရင် ကျုပ်တို့ကလည်း သူတို့ကို ပြန်ပိတ်ဆို့ရလိမ့်မယ်။”

အနောက်အုပ်စုမှ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့လာလျင် သူတို့ဘက်မှလည်း ပြန်လည်တုံ့ပြန်ရန် အဆင်သင့်ရှိနေ ကြောင်း အီရန်က ခြိမ်းခြောက်လိုက်ခြင်းပင်ဖြစ်သည်။ ဟော်မျုဇ်ရေလက်ကြားသည် ပင်လယ်ကွေ့နိုင်ငံများနှင့် ရေကြောင်းမှ ဆက်သွယ်ရာတွင် အဓိကဝင်ပေါက်ထွက်ပေါက်ဖြစ်ပြီး အီရန်၊ အီရတ်၊ အာရပ်စော်ဘွားများနိုင်ငံ၊ ဆော်ဒီအာရေးဗျ၊ အိုမန် နိုင်ငံများနှင့် ထိစပ်နေသည်။

အမေရိကန် အမှတ် ၅ ရေတပ်မတော်မှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဟော်မျုဇ်ရေလက်ကြားကို ဖြတ်သွားဖြတ်လာမှု များအား အနှောက်အယှက်ပေးလာမည့် မည်သည့်ကိစ္စကိုမဆို သည်းမခံနိုင်ကြောင်း တုံ့ပြန်ပြောဆိုလိုက်သည်။
“ နိုင်ငံတကာရေပိုင်နက်ထဲမှာရှိနေတဲ့ ရေလက်ကြားကို ပိတ်ဆို့ပြီး ရေကြောင်းသွားလာမှုကို အနှောက်အယှက်ပေးမယ့် ဘယ်လိုခြိမ်းခြောက်မှုမျိုးကို မဆို သည်းခံမှာမဟုတ်ပါဘူး။” ဟု ပြောခွင့်ရ ရေဘက္ကာရေဘာရစ်က ဆိုသည်။

ရေကြောင်းသွားလာမှုများ၏ လွတ်လပ်မှုကိုထိပါးလာမည့် ခြိမ်းခြောက်မှုများအား တုံ့ပြန်သွားမည်ဖြစ်ကြောင်းလည်း သူမက ဆိုသည်။

ကမ္ဘာ့ရေနံဈေးကွက်တင်ပို့နေသော ရေနံစုစုပေါင်း၏ သုံးပုံတစ်ပုံကျော်မှာ အဆိုပါရေလက်ကြားကို ဖြတ်သန်းသွား လာ သယ်ဆောင်နေကြရပြီး လွတ်လပ်စွာဖြတ်သန်းသွားလာနိုင်ရေးအတွက် ယင်းပင်လယ်ကွေ့တွင် အမေရိကန် ရေတပ်မတော်မှ အင်အားအများအပြားကို ချထားလေသည်။


အီရန်ရေတပ်သင်္ဘောများနှင့် လေယာဉ်များသည် အင်္ဂါနေ့က စစ်ရေးလေ့ကျင့်သည့် အနေနှင့် ပင်လယ်တွင်းသို့ ဗုံးကြဲခဲ့ကြောင်း ရေတပ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

အမေရိကန်နှင့် ဥရောပတို့က အီရန်၏ ရေနံများနှင့် ဘဏ္ဍာရေးရင်းနှီးမြှုပ်နှံများကို ပိတ်ဆို့ဒဏ်ခတ်ရန် ပြင်ဆင်နေ သည်ကို အကြောင်းပြု၍ အီရန်က စစ်ရေးလေ့ကျင့်ပြီး အင်အားပြသခြင်းဖြစ်သည်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။