Friday, December 9, 2011

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားတက်ခ်ျတက္ကသိုလ်တွင် ပစ်ခတ်မှုဖြစ်ပွား


အမေရိကန်နိုင်ငံ ဗာဂျီးနီးယားတက်ခ်ျ (Virginia Tech) တက္ကသိုလ်တွင် ပစ်ခတ်မှုဖြစ်ပွားရာ နှစ်ဦးသေဆုံးခဲ့သည်။ ရဲတစ်ယောက်ကို သေနတ်နှင့် ပစ်သတ်ပြီး သေနတ်သမားကိုယ်တိုင်ပင်ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည့် ဖြစ်ကြောင်း ရဲနှင့် ကျောင်းတာဝန်ရှိသူများက ပြောသည်။ ဗာဂျီးနီးယားတက်ခ်ျတွင် ၂၀၀၇ ခုနှစ်အတွင်းက လူ ၃၃ ဦးသေဆုံးခဲ့သည့် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့သေးသည်။

အမည်မဖေါ်လိုသူ ဥပဒေစိုးမိုးရေးအရာရှိတစ်ဦးက သေနတ်သမားမှာသေဆုံးသွားပြီဟု ယုံကြည်ရကြောင်း ပြောသည်။
ပစ်ခတ်အသုံးပြုခဲ့သောသေနတ်ကို ကျောင်းဝင်းအတွင်း ကားရပ်နားရာဝင်းအတွင်းတွေ့ရှိရသော ဒုတိယအလောင်း အနီးတွင် တွေ့ရှိရကြောင်း တက္ကသိုလ်တာဝန်ရှိသူများက ကျောင်းဝက်ဘ်ဆိုက်တွင်ရေးသားထားသည်။ သို့သော် ယင်းအလောင်းမှာ သေနတ်သမားဟုတ်သည်၊ မဟုတ်သည်ကိုမူ အတည်ပြုပေးနိုင်ခြင်းမရှိသေးပေ။

ကြာသပတေးနေ့နေ့လည်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နာရီပေါင်းများစွာကျောင်းကို ပိတ်ဆို့ထားခဲ့ရပြီးနောက် ပုံမှန် အတိုင်းပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း၊ အန္တရာယ်မရှိတော့ကြောင်း ကျောင်းတာဝန်ရှိသူများက ဆိုသည်။

လွန်ခဲ့သောငါးနှစ်က ကျောင်းဝင်းတစ်ခုလုံးကို ပိတ်ထားရပြီး ကျောင်းသားများနှင့် ဆရာများ အပြင်မထွက်ကြရန် အီးမေးလ်၊ မက်ဆေ့ခ်ျများပို့ကာ သတိပေးခဲ့ကြရသည့် အတွေ့အကြုံ ဗာဂျီးနီးယားတက်ခ်ျတွင် ရှိပြီးဖြစ်သည်။

ကျောင်းသားများအားချက်ခြင်းသတိပေးခဲ့ကြောင်း ဗာဂျီးနီးယားတက်ခ်ျ ကျောင်းသားတစ်ဦးဖြစ်သူ မက်ဟူဂျင်က အယ်ဂျာဇီယာသို့ပြောသည်။
“ဗာဂျီးနီးယားတက်ခ်ျမှာ လုံခြုံရေးကိုအထူးကြပ်ကြပ်မတ်မတ်ဆောင်ရွက်နေပါတယ်။ အခုဖြစ်သွားတဲ့ကိစ္စက ကျွန်တော်တို့ကျောင်းကို အပြစ်ပြောလို့မရပါဘူး။ ဒါဟာသာမန်မဟုတ်ပါဘူး။ ပြီးတော့ ၂၀၀၇ ခုနှစ်တုန်းက ဖြစ်ပွား ခဲ့သလို သတင်းတွေမှာ ဟိုးလေးတကျော်ဖြစ်ခဲ့ရတဲ့ ကျောင်းမျိုးလည်း မဟုတ်တော့ပါဘူး” ဟု ဆို၏။
“လုံခြုံရေးနဲ့ပတ်သက်ပြီး ကျောင်းမှာ အင်မတန်ကြပ်မတ်ပြီးတော့ အမြဲတက်ကြွပါတယ်။ အထူးသဖြင့် ၂၀၀၇ ဖြစ်ရပ်နောက်ပိုင်းပေါ့။ ကျွန်တော်တို့ကျောင်းက အကြမ်းဖက်ကျောင်း မဟုတ်ပါဘူးဗျာ။”

ကြာသပတေးနေ့ပစ်ခတ်မှုဖြစ်ပွားစဉ်တွင် ကျောင်းတာဝန်ရှိသူများသည် ၂၀၀၇ ခုနှစ် ဖြစ်ရပ်အတွက် ဝါရှင်တန်တွင် အယူခံ ဝင်ရန်ရောက်ရှိနေခိုက်ဖြစ်သည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကျောင်းဝင်းအတွင်း လက်နက်ကိုင်ရဲများ အများအပြားရောက်ရှိလာပြီး ကျောင်းသားများ ကအဆောက်အဦများအတွင်း ပုန်းအောင်းနေကြရသည်။ သောကြာနေ့တွင် အတန်းတင်စာမေးပွဲစတင်ဖြေဆိုရတော့ မည်ဖြစ်သည်။


Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။