Saturday, December 3, 2011

အီရတ်တွင် ဗုံးပေါက်ကွဲမှု လုပ်ကြံမှုဖြစ်နိုင်


အစိမ်းရောင်နယ်မြေဟု သတ်မှတ်ထားသော အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်တွင် အသေခံဗုံးဖေါက်ခွဲမှုတစ်ခုဖြစ်ပွား ခဲ့ပြီး ယင်းဖေါက်ခွဲမှုသည် အီရတ်ဝန်ကြီးချုပ် နူရီ အယ်လ်-မာလီကီ သို့မဟုတ် အခြားအကြီးတန်းနိုင်ငံရေးခေါင်း ဆောင်များအားလုပ်ကြံရန်ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

တနင်္လာနေ့ဖေါက်ခွဲမှုတွင် ပါလီမန်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးအပါအဝင် နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး တာဝန်ရှိသူများ အစောပိုင်းပြောကြားရာ မော်တာဖြင့်ပစ်ခတ်ခြင်းဖြစ်ကြောင်းဆို၏။

ဘဂ္ဂဒက်မြို့စစ်ဘက်ဆိုင်ရာအကြီးအကဲ ဗိုလ်မှူးချုပ်ကာဆင် အယ်-မူဆာဝီက သောကြာနေ့က ပြောကြားရာတွင် စုံစမ်းစစ်ဆေးမှုများအရ လုပ်ကြံမှုတစ်ခုဖြစ်နိုင်ကြောင်း ၊ ဆက်လက်၍ စုံစမ်းမှုများလုပ်ဆောင်နေကြောင်းဆိုသည်။

အိုစမာ အယ်-နူဂျိုင်ဖီ၏ မီဒီယာအကြံပေး ပါလီမန်ပြောရေးဆိုခွင့်ရှိသူ အိုင်ဒင်ဟယ်လ်မင် ဒဏ်ရာရရှိခဲ့ပြီး နူဂျိုင်ဖီ ကို ရည်ရွယ်သော မအောင်မြင်သော လုပ်ကြံမှုဖြစ်ကြောင်း ဆိုသည်။

အစိုးရရုံးများ၊ သံရုံးများရှိပြီး လုံခြုံရေးတင်းကြပ်စွာချထားသော ပါလီမန်ရှိရာသို့သွားနေသော ယာဉ်တန်းအတွင်း လုပ်ကြံသူမောင်းနှင်လာသော လေးဘီးယက်အနက်ရောင်ကားက ဖေါက်ခွဲရေးပစ္စည်း ၂၀ ကီလိုဂရမ်တင်ဆောင်ကာ ဝင်ရောက်ရန်ကြိုးပမ်းခဲ့ကြောင်း မူဆာဝီက ပြောသည်။

“စုံစမ်းထောက်လှမ်းမှုတွေအရ ဖေါက်ခွဲသူရဲ့ကားက ပါလီမန်ထဲကိုဝင်ပြီး ကားရပ်နားရာနေရာတစ်ခုကနေ ဝန်ကြီးချုပ်ထွက်လာတဲ့အချိန်အထိ စောင့်နေပြီးမှ ဖေါက်ခွဲဖို့ အစီအစဉ်ရှိပုံရတယ်။”

အဆိုပါယာဉ်မောင်းတွင် အထောက်အထားပြည့်ပြည့်စုံစုံမတွေ့ရသဖြင့် ပါလီမန်ဝင်းအတွင်းသို့ဝင်ရောက်ရာ လမ်းရှိ စစ်ဆေးရေးဂိတ်မှ အစောင့်များက သူ့ကိုတားမြစ်ခဲ့ကြောင်း ဆိုသည်။

ထို့နောက် ယာဉ်မောင်းက ပါလီမန်အဆောက်အဦအဝင်အထွက်ပေါက်နှင့်မျက်နှာချင်းဆိုင်ရှိ ကားရပ်နားရာနေရာသို့မောင်း သွားပြီး စက္ကန့်ပိုင်းမျှအကြာတွင်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ယင်းနေရာတွင် အမတ်များနှင့် ဝန်ထမ်းများ၏ ကားများ ရပ်နားကြသည်။

နောက်ထပ်အသစ်ရရှိသော သတင်းအချက်အလက်များမှာ အကြမ်းဖက်အုပ်စုတစ်စု၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူမှ ပေးသော ဖြောင့်ချက်များအပေါ်တွင် သုံးသပ်အခြေခံထားခြင်းဖြစ်ကြောင်း မူဆာဝီက ပြော၏။
လာမည့် လွှတ်တော်အစည်းအဝေးအတွင်း မာလီကီ လွှတ်တော်သို့လာရောက်ချိန်တွင် ဗုံးခွဲရန်ရည်ရွယ်သည်ဟု ဖေါ်ထုတ်တွေ့ရှိခဲ့သည်။

အခြားတာဝန်ရှိသူတစ်ဦးကမူ ဖေါက်ခွဲရေးကားသမားသည် ပါလီမန်အတွင်းကားကိုမောင်းယူသွားပြီး မာလီကီ လွှတ်တော်တက်မည့် နောက်လေးရက်အထိ ကားကိုလွှတ်တော်အတွင်း ထားခဲ့မည်ဟု ကြံရွယ်ပုံရကြောင်း၊ သို့သော် ကားရပ်နားရာအတွင်းပိုင်းသို့ မရောက်နိုင်တော့သဖြင့် နောက်ဆုံးဖေါက်ခွဲခဲ့ခြင်းဖြစ်မည်ဟု ထင်ကြောင်း ပြောသည်။
လုံခြုံရေးအစောင့်များထူထပ်စွာချထားသော နေရာတစ်ခုတွင် ဗုံးများကိုသယ်ဆောင်သွားနိုင်ခဲ့ခြင်းကြောင့် အီရတ် လုံခြုံရေးများ၏ အရည်အသွေးကို မေးခွန်းထုတ်စရာဖြစ်စေခဲ့ပြီး အမေရိကန်တပ်သားများလည်း အိမ်ပြန်ရန် ပြင်ဆင်နေပြီဖြစ်သည်။

ယင်းနေရာသို့ဝင်ရောက်လျှင် အစောင့်များက ကားများကိုစစ်ဆေးပြီး အနံ့ခံခွေးများကိုအသုံးပြု၍လည်း ရှာဖွေကြ သည်။

လက်ကျန် အမေရိကန်စစ်သား ၁၂,၀၀၀ လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း ထွက်ခွါတော့မည်ဖြစ်သည်။ အီရတ်သမ္မတဆတ်ဒမ်ဟူစိန်ကို ဖြုတ်ချသည့် ကျူးကျော်စစ်ဆင်နွှဲပြီး ၉ နှစ်ကြာသွားပြီးဖြစ်သည်။

၂၀၀၆ နှင့် ၂၀၀၇ ခုနှစ်များအတွင်း အကြမ်းဖက်မှုများ အမြင့်မားဆုံးဖြစ်ခဲ့သော်လည်း ယခုအခါပြန်လည်ကျဆင်း သွားပြီဖြစ်သည်။ သို့သော် ရှိနေဆဲပင်ဖြစ်သည်။ နိုဝင်ဘာလအတွင်း ၁၈၇ ယောက်သေဆုံးခဲ့ကြောင်း ကြာသပတေးနေ့က သက်ဆိုင်ရာမှ တရားဝင်ထုတ်ပြန်ကြေငြာခဲ့သည်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။