Tuesday, December 27, 2011

အတိုက်အခံဆောင်းပါးရှင်တစ်ဦးကို တရုတ်အစိုးရ ထောင်ဒဏ် ၁၀ နှစ်ချ

ချန်းဇီ

တရုတ်နိုင်ငံတွင် ဆောင်းပါးရှင်တစ်ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေသောအမှုဖြင့် ထောင်ဒဏ်ဆယ်နှစ်ချမှတ် လိုက်သည်။ လွန်ခဲ့သည့်ရက်ပိုင်းအတွင်းကလည်း အတိုက်အခံတစ်ဦးကို ထောင်ဒဏ်ကိုးနှစ်ချမှတ်ခဲ့ပြီးဖြစ်သည်။
တရုတ်နိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် လူ့အခွင့်အရေးတိုးတက်အောင်ဆောင်ရွက်ရန် ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့သောကြောင့် အသက် ၅၇ နှစ်ရှိ ဆောင်းပါးရှင် ချန်းဇီကို ထောင်ချခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများကဆိုသည်။

အာရပ်လှုပ်ရှားမှုများပေါ်ပေါက်လာသောအခါ ယခုနှစ်အစောပိုင်းက တရုတ်နိုင်ငံတွင်လည်း အင်တာနက်မှ လှုံ့ဆော်စည်းရုံးပြီး တစ်ပါတီနိုင်ငံရေးစံနစ်ကို ဆန့်ကျင်ဆန္ဒပြရန် လှုပ်ရှားမှုများကို တရုတ်အစိုးရက နှိပ်ကွပ်ခဲ့ သည်။ အဆိုပါလှုပ်ရှားမှုကို စည်းရုံးသူများက စံပယ်ဖြူတော်လှန်ရေးလှုပ်ရှားမှုဟု အမည်ပေးခဲ့ပြီး တက်ကြွလှုပ်ရှား သူများ၊ ရှေ့နေများအဖမ်းခံခဲ့ရသည်။ အမေရိကန်အစိုးရက တရုတ်အစိုးရအပေါ် လူ့အခွင့်အရေးချိုးဖေါက်မှုများဖြင့် စွပ်စွဲခဲ့လေသည်။

သောကြာနေ့က ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ချန်းဝေကို အနောက်တောင်ဘက် ပြည်နယ် စီချွမ်တွင် ထောင်ဒဏ်ကိုးနှစ် ချမှတ်ခဲ့သည်။
“ ဖြစ်ရပ်နှစ်ခုစလုံးမှာ တရားရုံးက အမှုသွားအမှုလာကို စဉ်းစားသုံးသပ်ပြီးမှ ချမှတ်လိုက်တာ မဟုတ်ဘဲ ကြိုတင်သတ်မှတ်ထားတဲ့အတိုင်း ပြစ်ဒဏ်တွေချမှတ်လိုက်တာဖြစ်ပါတယ်။” ဟု ဟောင်ကောင် တရုတ်တက္ကသိုလ် ၏ တရုတ်လူ့အခွင့်အရေးကျွမ်းကျင်သူ ယောရှုဝရိုဆန်ဇွီက ပြောသည်။
“ နိုင်ငံတော်လုံခြုံရေးအတွက်လို့ အကြောင်းပြပြီး အစိုးရကတဖက်သတ်ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့ ချန်းဇီ နဲ့ ချန်းဝေတို့လို အတိုက်အခံတွေကို အသံမထွက်နိုင်အောင် ချမှတ်တဲ့ပြစ်ဒဏ်တွေက တကယ်ကိုဆိုးပါတယ်။” ဟု ဆိုသည်။

ချန်းဝေသည် တိန့်ယန်အန်မင် ရင်ပြင်ဆန္ဒပြပွဲကိုဦးဆောင်ခဲ့သော ခေါင်းဆောင်တစ်ဦးဖြစ်ပြီး တရုတ်ကွန်မြူနစ်အစိုး ရအပေါ် ဝေဖန်သော သူ၏ဆောင်းပါးများနှင့်ပတ်သက်၍ တရားရုံးတွင် သုံးနာရီကြာမျှစစ်ဆေးပြီး ထောင်ဒဏ်ချမှတ် လိုက်ခြင်းဖြစ်သည်။

ချန်းဇီအား စနေနေ့တွင် တရားရုံးထုတ်မည်ဖြစ်ကြောင်း မိသားစုအား အကြောင်းကြားခဲ့ပြီး မိသားစု သုံးဦးတက် ရောက်ခွင့်ရခဲ့သည်။ ချန်းဇီသည် ဂူအီရှူ လူ့အခွင့်အရေးသုသေသနနှင့် ဆွေးနွေးခြင်းအသင်း၏ ခေါင်းဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး နိုဝင်ဘာလ ၂၉ ရက်နေ့က နေအိမ်ကို ရဲကဝင်ရောက်စီးနင်းရှာဖွေကာ သူ၏ ကွန်ပြူတာကို သိမ်းဆည်းပြီး လူကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

၁၉၈၉ ခုနှစ်အတွင်းက ဆန္ဒပြလှုပ်ရှားမှုများကြောင့် ထောင်ဒဏ်သုံးနှစ်ကျခံခဲ့ရပြီး ၁၉၉၅ ခုနှစ်တွင် ဒီမိုကရေစီရေး လှုပ်ရှားမှုများကြောင့် တစ်ဖန် ၁၀ နှစ် ကျခံခဲ့ရပြီးဖြစ်ကြောင်း ဟောင်ကောင်အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ သတင်းအချက်အလက်စုဆောင်းရေးဌာန ကပြောသည်။
ချန်းဝေ နှင့် ချန်းဇီတို့သည် ချာတာ ၀၈ ခေါ် နိုင်ငံရေးပြုပြင်ပြောင်းလဲရန် အစိုးရကို လက်မှတ်ရေးထိုးတောင်းဆို သည့် လှုပ်ရှားမှုများကိုလည်း ဆောင်ရွက်ခဲ့သည်။
နိုင်ငံတော်အကြည်ညိုပျက်စေမှုကို အစိုးရက မကြာခဏအသုံးပြုပြီး အတိုက်အခံများကို ဖမ်းဆီးထောင်ချလေ့ရှိ သည်။ ယင်းစွပ်စွဲချက်ဖြင့်ပင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် လျူရှောင်ဘိုအား ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ထောင်ဒဏ်၁၁ နှစ် ချမှတ်ခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။