Tuesday, December 13, 2011

အီရန်ရရှိထားသော ဒရုန်းကို အမေရိကန်ပြန်တောင်း





လွန်ခဲ့သောအပတ်က အီရန်နယ်နိမိတ်အတွင်း ပျက်ကျသွားသော အမေရိကန် မောင်းသူမဲ့သူလျှိုထောက်လှမ်းရေး ဒရုန်းလေယာဉ်ကို ပြန်ပေးရန် အမေရိကန်က အီရန်ထံတောင်းဆိုလိုက်သည်။
အီရတ်မှ အမေရိကန်တို့ပြန်လည်ဆုတ်ခွာတော့မည့်အကြောင်း ဝါရှင်တန်တွင် အမေရိကန်သမ္မတ ဘားရက်အိုဘား မား သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ပြောကြားတောင်းဆိုခဲ့ခြင်းဖြစ်သည်။
“ ပြန်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုထားပါတယ်။ အီရန်က ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။” ဟု တနင်္လာနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အိုဘားမားက ပြောကြားခဲ့သည်။ အီရတ်ဝန်ကြီးချုပ် နူရီအယ်-မာလီကီနှင့် အိမ်ဖြူတော်တွင် တွေ့ဆုံးပြီးနောက် နှစ်ယောက်ပေါင်း၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဗင်နီဇွဲလားရုပ်သံနှင့် အင်တာဗျူးရာတွင် အီရန်သမ္မတ မာမွတ်အမာဒီနီဂျက်က ဒရုန်းလေယာဉ်၏ စံနစ်များကို အီရန် ကျွမ်းကျင်သူများက လေ့လာနေသည်ဟု ဆိုသည်။
“အမေရိကန်တွေက ဒီသူလျှိုလေယာဉ်ကို ကျွန်တော်တို့ကို ပေးလိုက်တာပါပဲ။ လတ်တလောမှာတော့ ဒီလေယာဉ်ကို ကျွန်တော်တို့ ထိန်းချုပ်ထားပါတယ်။ ဒီလေယာဉ်ကို ထိန်းချုပ်နေတဲ့လူတွေက လေယာဉ်ရဲ့စံနစ်တွေ ကိုလေ့လာကြပါမယ်။ ဒါ့အပြင် အီရန်အနေနဲ့ကလည်း ဒီလေယာဉ်လိုမျိုး အဆင့်မြင့်လေယာဉ်မျိုးတည်ဆောက်ပါ မယ်။”

အီရန်တော်လှန်ရေးအစောင့်တပ်ဦးစီးချုပ် ဗိုလ်ချုပ်ဟော့စိန်ဆလာမီက ယင်းလေယာဉ်သည် အမေရိကန်အတွက် အီရန်နိုင်ငံပေါ်တွင် သူလျှိုလုပ်ထောက်လှမ်းနေသည့် လေယာဉ်ဖြစ်သည့်အတွက် ပြန်မပေးနိုင်ဟု တနင်္ဂနွေနေ့က ပြောကြားလိုက်သည်။

“ နိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံရေးကို ထိပါးပြီးစုံစမ်းထောက်လှမ်းရေးနဲ့ သူလျှိုလုပ်နေတဲ့ ပစ္စည်းကို ဘယ်သူက ပြန်ပေးမှာလဲ။” ဟု ဆလာမီက ရုပ်မြင်သံကြားတွင်ပြောကြားခဲ့သည်။

လွန်ခဲ့သောအပတ်က အီရန်အရှေ့ပိုင်း အတွင်းထဲသို့တိုင်အောင် လေပိုင်နက်အတွင်းမှ ဝင်ရောက်ကျူးကျော်လာခဲ့ သောယင်းလုပ်ရပ်အတွက် အီရန်က ယခုအပတ်အတွင်း၌ ကုလသမဂ္ဂသို့ တိုင်ကြားထားသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်ကိုယ်စားတာဝန်ယူဆောင်ရွက်ပေးနေသော ဆွစ်သံအမတ်ကို ခေါ်ယူကာ အမေရိကန်၏ ကျူးကျော်မှုအတွက် ရှုံ့ချပြောဆိုခဲ့သည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံသို့လည်း စာပို့ကာ ရန်စကျူးကျော်မှုဖြစ်ကြောင်း၊ နိုင်ငံတကာစည်းမျဉ်း စည်းကမ်းများကို ဖေါက်ဖျက်ခြင်းဖြစ်ကြောင်း ရေးသားတိုင်ကြားခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။