Monday, January 2, 2012

အီရန်တွင် နျူကလီးယားလောင်စာစမ်းသပ်တပ်ဆင်၊ တာလတ်ပစ်ဒုံးကျည်စမ်းသပ်ပစ်ခတ်


အီရန်နိုင်ငံသည် ၎င်းကိုယ်တိုင်ထုတ်လုပ်ထားသော နျူကလီးယားလောင်စာတောင့်များကို ဓါတ်ပေါင်းဖိုတွင် အောင်မြင်စွာစမ်းသပ်အသုံးပြုခဲ့ပြီး ဟော်မျုဇ်ရေလက်ကြားတွင် စစ်ရေးလေ့ကျင့်ရာ၌ မြေပြင်မှဝေဟင်ပစ်ဒုံးကျည် များစမ်းသပ်ပစ်လွှင့်ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသခဲ့သည်။

ထိုအချိန်တွင် အမေရိကန်က အီရန်ဗဟိုဘဏ်နှင့် ဘဏ္ဍာရေးဆိုင်ရာရင်းနှီးမြှပ်နှံမှုများအား ပိတ်ဆို့အရေးယူလိုက် သဖြင့် တနင်္ဂနွေနေ့က အီရန်သုံးငွေ ရိုင်းတန်ဖိုး စံချိန်တင်ကျဆင်းသွားသည်။

အီရန်နိုင်ငံတွင်းတည်ရှိနေသော ယူရေနီယံအရိုင်းများမှ သန့်စင်ထုတ်လုပ်လိုက်သော နျူကလီးယားလောင်စာတောင့် များကို တီဟီရန် နျူကလီးယားဓါတ်ပေါင်းဖိုသုတေသန စက်ရုံတွင် တပ်ဆင်လိုက်ကြောင်း တနင်္ဂနွေနေ့က အီရန် နျူကလီးယားစွမ်းအင်အဖွဲ့က ကြေငြာခဲ့သည်။

နျူကလီးယားလောင်စာတောင့်တွင် သေးငယ်၍ ယူရေနီယံနိမ့်သော အလုံးကလေးများပါဝင်သည်။ နျူကလီးယား ဓါတ်ပြုခြင်းဖြင့် အပူထုတ်ပေးနိုင်သော်လည်း လောင်စာတောင့်တစ်ခုလုံးပျော်ကျမသွားအောင် ပုံစံထုတ်ထားခြင်း ဖြစ်သည်။

လွန်ခဲ့သောလကတည်းက ပြည်တွင်းဖြစ်ယူရေနီယံလောင်စာတောင့်များကို တီဟီရန်သုတေသနဓါတ်ပေါင်းဖိုအတွင်း ထည့်သွင်းအသုံးပြုမည်ဖြစ်ကြောင်း အီရန်က ကြေငြာထားခဲ့သည်။ ၎င်းမှ အိုင်ဆိုတုပ်များထွက်ပေါ်လာမည်ဖြစ်ပြီး ဆေးဘက်ဆိုင်ရာရည်ရွယ်ချက်များဖြင့် အသုံးပြုမည်ဖြစ်သည်။ လတ်တလောတွင် အာဂျင်တီးနားမှ ၁၉၉၃ ခုနှစ် အတွင်းက ဝယ်ယူထားခဲ့သော အရည်အသွေးနိမ့်နျူကလီးယား အချပ်များကို အသုံးပြုနေသည်။

“အခုလိုအောင်မြင်မှုကြီးက အနောက်နိုင်ငံတွေကို စိတ်ရှုပ်ထွေးသွားစေမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆို တော့ အီရန်အနေနဲ့ နျူကလီးယားလောင်စာတောင့် ထုတ်လုပ်နိုင်ခြေမရှိဘူးလို့ သူတို့တွက်ဆထားကြပါတယ်။” ဟု တီဟီရန်တိုင်းမ် သတင်းစာတွင် ရေးသားဖေါ်ပြခဲ့သည်။

တီဟီရန်ဓါတ်ပေါင်းဖိုအတွက် ၂၀ ရာခိုင်နှုန်းသန့်စင်ပြီး ယူရေနီယံများလိုအပ်သည်။ ယင်းပမာဏသည် ပင်လယ်ကွေ့ ကမ်းရိုးတန်းတွင် ရုရှတည်ဆောက်ပေးထားသော နျူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံတွင် အသုံးပြု မည့် လိုအပ်ချက်ထက်များပြားပေသည်။ ထိုစက်ရုံတွင် ယခုအခါ ရုရှလောင်စာတောင့်များကို အသုံးပြုလျှက်ရှိပြီး သုံးပြီးသား လောင်စာတောင့်များကို ရုရှသို့ပြန်ပို့ပေးရသည်။

စမ်းသပ်အသုံးပြုသော လောင်စာတောင့်များသည် မည်မျှအထိသန့်စင်ပြီး ယူရေနီယံအဆင့်ရှိသည်ကိုမူ နျူကလီးယား စွမ်းအင်အဖွဲ့က ထုတ်ဖေါ်ပြောကြားခြင်းမရှိပေ။ အီရန်၏ နျူကလီးယားသန့်စင်မှုအစီအစဉ်အပေါ် အနောက်အုပ်စုက စိုးရိမ်ပူပန်လျက်ရှိသည်။

နျူကလီးယားအရေးသုံးသပ်သူတစ်ဦးဖြစ်သော ဂျွန်လတ်က အယ်ဂျာဇီယာနှင့် တွေ့ဆုံခန်းတွင် ယခုလိုတိုးတက်လာ မှုသည် အီရန်အနေနှင့် ရေဒီယိုသတ္တိကြွပစ္စည်းများထုတ်လုပ်နိုင်သော အခြေအနေဖြစ်ကြောင်း၊ နျူကလီးယား လမ်းကြောင်းပေါ်သို့ တက်လှမ်းနေပြီဖြစ်ကြောင်း သုံးသပ်ခဲ့သည်။

အီရန်သည် ၎င်း၏ယူရေနီယံများကို ၉၀ ရာခိုင်နှုန်းအထိသန့်စင်ပြီး နျူကလီးယားဗုံးထုတ်လုပ်နိုင်ရန် ရည်ရွယ်နေ ကြောင်း အနောက်အစိုးရများက စိုးရိမ်မကင်းပြောကြားနေသော်လည်း အီရန်ကမူ ငြင်းဆိုထားသည်။

လောင်စာအဖြစ်အသုံးပြုမည့် ၂၀ ရာခိုင်နှုန်းသန့်စင်ပြီး ယူရေနီယံသည် အမှန်တကယ်အားဖြင့် အချောင်းမဟုတ်ဘဲ၊ ချပ်ပြားဖြစ်သည်။ သို့သော် အနောက်အုပ်စုများက အီရန်တွင် ယူရေနီယံအချပ်ထုတ်လုပ်နိုင်သည့် နည်းပညာရှိနေ သည့်အပေါ်သံသယရှိကြောင်း ဆိုသည်။


ဟော်မျုဇ်ရေလက်ကြား စစ်ရေးလေ့ကျင့်မှုအတွင်း မြေပြင်မှ ဝေဟင်ပစ်တာလတ် ဒုံးကျည်များအောင်မြင်စွာပစ်လွှတ် ခဲ့ကြောင်း အီရန်က တနင်္ဂနွေနေ့ အစောပိုင်းကပြောကြားခဲ့သည်။
“ဒီတာလတ်ပစ် ဒုံးကျည်တွေမှာ နောက်ဆုံးပေါ်နည်းပညာတွေ တပ်ဆင်ထားပြီး ရေဒါဖမ်းလို့မရနိုင်အောင် ရှောင်လွှဲထားတဲ့ပစ်မှတ်တွေနဲ့ ဒုံးကျည်ရဲ့လမ်းကြောင်းကို အနှောက်အယှက်ပေးနိုင်တဲ့ နည်းပညာတွေကို ကျော်ပြီး တိုက်ခိုက်နိုင်အောင် တီထွင်ထားပါတယ်။” ဟု ရေတပ်ပြောခွင့်ရ မာမွတ်မူဆာဗီ၏ ပြောစကားကို နိုင်ငံပိုင် IRNA သတင်းဌာနက ကြေငြာခဲ့သည်။

ယခုအကြိမ်သည် အီရန်တွင် ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှု ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ မဲရက်ဘ်ဒုံးကျည်ဟု အမည် ပေးထားကြောင်း၊ ပြည်တွင်းမှာပင်ထုတ်လုပ်ကြောင်း သူက ဆက်လက်ပြောကြားခဲ့သည်။ အကွာအဝေးမည်မျှအထိ ပစ်ခတ်နိုင်ပြီး အခြားအသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖေါ်ပြောဆိုခြင်းမရှိခဲ့ပေ။

ရေလက်ကြားကိုပိတ်ဆို့ရန်လိုအပ်လာပါက အဆင်သင့်ဆောင်ရွက်နိုင်ရန် လေ့ကျင့်ခဲ့သော ၁၀ ရက်ကြာစစ်ရေးလေ့ ကျင့်မှု တနင်္လာနေ့တွင် ပြီးဆုံးမည်ဖြစ်ပြီး သင်္ဘောများ၊ ရေငုတ်သင်္ဘောများပါဝင်လေ့ကျင့်ခဲ့ကြသည်။

အမေရိကန်နှင့် အနောက်နိုင်ငံများက နျူကလီးယားအရေးအတွက် အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများပြုလုပ်ရန် ဖိအားများပေးနေစဉ် မိမိတို့၏ စစ်အင်အားကိုပြသရန် ဒုံးကျည်များပစ်လွှတ်ပြခြင်းဖြစ်ပေသည်။

“အီရန်ရဲ့ ဒုံးကျည်ပစ်ခတ်စမ်းသပ်မှုအပြီးမှာ အမေရိကန်တွေကတော့ စစ်ရေးနည်းတစ်နည်းနည်းနဲ့ တုံ့ပြန် ဖို့၊ ခြိမ်းခြောက်ဖို့ အားသန်နေကြပါတယ်။” ဟု ဝါရှင်တန်ရောက် အယ်ဂျာဇီယာသတင်းထောက် ဂျွန်တားရက်က သတင်းပေးပို့သည်။

ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုသည် လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက ပိတ်ဆို့ပစ်မည်ဟု အီရန်တို့ခြိမ်းခြောက်ထားသော ဟော်မျူဇ်ရေးလက်ကြားအနီးတွင် ဖြစ်သည်။ ထို့ကြောင့် ပို၍အာရုံစိုက်နေကြပြီး အီရန်၏ခြိမ်းခြောက်မှုတစ်ခုဖြစ် ကြောင်း မှတ်ယူထားကြသည်။ မိမိနိုင်ငံမှ ရေနံတင်ပို့မှုကို အမေရိကန်နှင့် အနောက်အုပ်စုများက ပိတ်ဆို့အရေးယူ မည်ဆိုပါက ဟော်မျုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာခွင့်မပေးနိုင်တော့ကြောင်း အီရန်က သတိပေးထားခဲ့ သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။