Saturday, January 7, 2012

အီရန်သင်္ဘောသားများကို ပင်လယ်ဓါးပြလက်တွင်းမှ အမေရိကန်ကယ်တင်


အာရေဗီးယန်းပင်လယ်တွင်း၌ ဆိုမာလီပင်လယ်ဓါးပြများ ရက် ၄၀ ကျော်ဖမ်းဆီးထားသော အီရန်သင်္ဘောသား ၁၃ ယောက်ကို အမေရိကန်ရေတပ်မှ ကယ်တင်ခဲ့သည်။

သောကြာနေ့က အီရန်ငါးဖမ်းသင်္ဘော အယ်မိုလိုင်းမှ ကပ္ပတိန်က မိမိတို့ဒုက္ခရောက်နေကြောင်း အကြောင်းကြားခဲ့ ပြီး အမေရိကန် ပဲ့ထိန်းဒုံးတပ် ယူအက်စ်အက်စ်ကစ်ဒ် စစ်င်္ဘောမှ ပြန်လည်အကြောင်းကြားခဲ့သည်။
“အယ်မိုလိုင်း ငါးဖမ်းသင်္ဘောကို ပင်လယ်ဓါးပြတွေဖမ်းဆီးထားတာ ရက်ပေါင်း ၄၀ ကျော် ၄၅ ရက်လောက် ရှိနေပါပြီ။” ဟု ယူအက်စ်အက်စ်ကစ်ဒ်သင်္ဘောပေါ်မှ ရေတပ်ရာဇဝတ်မှုစုံစမ်းရေးဌာနမှ ဂျို့ရှ်စခမ်ကီက ပြောသည်။
“သူတို့ကို အစာရေစာနည်းနည်းပါးပါးပဲ ပေးထားပြီး ဖမ်းထားတာပါ။ နောက်ထပ်ပင်လယ်ဓါးပြမှုတွေမှာ သူတို့ကို အဓမ္မပါဝင်စေခိုင်းနေတယ် လို့ ကျွန်တော်တို့ထင်ပါတယ်။”

ကြာသပတေးနေ့က အမေရိကန်ရေတပ်ဖွဲ့မှ သင်္ဘောပေါ်သို့ တက်ရောက်စီးနင်းခဲ့ပြီး ပင်လယ်ဓါးပြ ၁၅ ယောက်ကို ဖမ်းဆီးနိုင်ခဲ့သည်။ အီရန်ငါးဖမ်းသင်္ဘောကို ဓါးပြတိုက်ရာတွင် မိခင်သင်္ဘောအဖြစ် အသုံးပြုလျက်ရှိသည်။

ရေတပ်ရှာဖွေရေးနှင့် ဖမ်းဆီးရေးအဖွဲ့သည် ယူအက်စ်အက်စ်ကစ်ဒ်သင်္ဘောမှ ရဟတ်ယာဉ်ဖြင့် ပင်လယ်ဓါးပြ သင်္ဘောထံသို့ချဉ်းကပ်သွားရာတွင် ပင်လယ်ဓါးပြများသည် မည်သို့မျှ ခုခံခြင်းမရှိဘဲ အလွယ်တကူပင်လက်နက်ချ ခဲ့ကြသည်။

အမေရိကန်တပ်ဖွဲ့ဝင်များသည် သင်္ဘောသားများကို ရေများ၊ အစားအသောက်များနှင့် ကျန်းမာရေးအထောက်အပံ့ များပေးပြီးနောက် ဖမ်းဆီးရမိသော သင်္ဘောသားများကို ယူအက်စအက်စ် ဂျွန်စီစတန်းနစ် လေယာဉ်တင်သင်္ဘော ကြီးဆီသို့ လွှဲပြောင်းပေးခဲ့သည်။
“အယ်မိုလိုင်းသင်္ဘောကပ္ပတိန်က ကျွန်တော်တို့ သွားရောက်ကယ်တင်ခဲ့တဲ့အတွက် အလွန်အမင်းကျေးဇူး တင်ကြောင်း ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့ အကူအညီမပေးမှာကို သူကြောက်နေပါတယ်။ သူတို့ကို ဖမ်းထားတာ တစ်လကျော်သွားပြီလေ။” ဟု စခမ်ကီက ဆိုသည်။

“တကယ်ကို မယုံနိုင်စရာကောင်းတဲ့ အဖြစ်အပျက်ပါပဲ။ မကြာသေးခင်ရက်ပိုင်းကလေးကမှ အီရန်ကနေပြီး တော့ ဟော်မျုဇ်ရေလက်ကြားကို မဝင်ရဘူးလို့တားမြစ်ခြင်းခံထားရတဲ့ အမေရိကန်သင်္ဘောက အီရန်သင်္ဘောနဲ့ တကွ သင်္ဘောသားတွေကို ကယ်တင်လိုက်နိုင်ခဲ့ပါတယ်။” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဗစ်တိုးရီးယားနုလန်း ကပြောသည်။
“သူတို့ကို ပင်လယ်ဓါးပြလက်က ကယ်တင်လိုက်တဲ့အတွက် သူတို့ အရမ်းကိုကျေးဇူးတင်နေကြပါတယ်။” ဟု နုလန်းက ဆက်လက်ပြောသည်။

ပင်လယ်ကွေ့အတွင်း အမေရိကန်စစ်သင်္ဘောများဝင်ရောက်မှုကို တားဆီးပိတ်ပင်ခြင်းအပါအဝင် အမေရိကန်နှင့် အီရန်ကြားဆက်ဆံရေးတင်းမာမှုများ အရှိန်မြင့်တက်နေချိန်တွင် ယခုအဖြစ်အပျက်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
အီရန်က မိမိတို့ရေနံတင်ပို့မှုကို အမေရိကန်နှင့် အနောက်အုပ်စုများက ပိတ်ဆို့အရေးယူမည်ဆိုလျင် မိမိတို့ကလည်း ရေလက်ကြားကို ပိတ်ဆို့မည်ဖြစ်ကြောင်း သတိပေးထားသည်။

အီရန်၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ အနောက်အုပ်စုများက ပြင်းပြင်းထန်ထန်ဝေဖန်ထားပြီး စီးပွားရေး ပိတ်ဆို့မှုများ ချမှတ်လျက်ရှိရာ လွန်ခဲ့သော အပတ်ကပင် အမေရိကန်သမ္မတ အိုဘားမားက အီရန်ဗဟိုဘဏ်အား ပိတ်ဆို့ဒဏ်ခတ်သည့် ဥပဒေတစ်ရပ်ကို လက်မှတ်ရေးထိုးအတည်ပြုလိုက်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။