Sunday, January 8, 2012

အာဖဂန်အကျဉ်းထောင်တွင် အမေရိကန်တပ်ဖွဲ့များ အကျဉ်းသားများကို ညှဉ်းပမ်းကြောင်း စွပ်စွဲ


အမေရိကန်တို့တည်ထောင် အုပ်ချုပ်နေသော အာဖဂန်နစ္စတန်ရှိ အကြီးဆုံးအကျဉ်းထောင်အတွင်းရှိ အကျဉ်းသား များအား နှိပ်စက်ညှဉ်းပမ်းမှုများ၊ သက်သေအထောက်အထားမရှိဖမ်းဆီးထားမှုများရှိနေကြောင်း အာဖဂန်အစိုးရ၏ စုံစမ်းစစ်ဆေးရေးကော်မရှင်မှ စစ်ဆေးတွေ့ရှိခဲ့သည်။

ကဘူးမြောက်ဘက် ဘာဂရမ်လေယာဉ်ကွင်းအတွင်း အမေရိကန်တို့ဖွင့်လှစ်ထားသော အကျဉ်းထောင်အား အာဖဂန် အုပ်ချုပ်မှုအောက်သို့လွှဲပြောင်းပေးရန် အာဖဂန်သမ္မတ ဟာမစ်ခါဇိုင်းမှ တောင်းဆိုခဲ့ပြီး ရက်များမကြာမီ စစ်ဆေး တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဘာဂရမ်ကို ရောက်သွားတဲ့အချိန်မှာ အကျဉ်းသားအချို့က တိုင်တန်းကြပါတယ်။ အချို့က အနှိပ်စက်ခံရတယ်လို့ ပြောကြပါတယ်။” ဟု တနင်္ဂနွေနေ့က ကဘူးလ်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ကော်မရှင် အကြီးအကဲ ဂူးလ်ရာမန်ခါဇီက ပြောကြားခဲ့သည်။

ရိုက်နှက်ခြင်း၊ ခန္ဓာကိုယ်တွင်းပေါက်များအား ထိုးနှိုက်ရှာဖွေခြင်း၊ အလွန်အေးခဲနေသော အချိန်များတွင် အပြင်၌ပစ် ထားခြင်း စသည့်နည်းများအပါအဝင် နှိပ်စက်ညှဉ်းပန်းမှုမျိုးစုံခံစားကြရကြောင်း အကျဉ်းသားများက တိုင်ကြားသည် ကို ခါဇီကြားသိလာခဲ့ရသည်။

အသက် ၇၁ နှစ်အရွယ်ရှိ အဘ္ဘဒူလ်ဂျဘာအား မှောင်မည်းနေသော အခန်းတွင်း၌ပစ်ထားခြင်း၊ သွားကျွတ်အောင် ထိုးနှက်ခံရခြင်းများ ရှိခဲ့ကြောင်း ခါဇီက ကိုးကားပြောဆိုခဲ့သည်။
နောက်အကျဉ်းသားတစ်ဦးကလည်း သူ့အိမ်နှင့် ကီလိုမီတာ ၄၀၀ ခန့်အကွာတွင် ကျည်ဆန်များထည့်ထားသော အိတ်ငယ်တစ်ခုကို နေတိုးတပ်များရှာဖွေရှာတွေ့ရှိသွားရာမှ သူ့ကိုဖမ်းဆီးခေါ်ဆောင်လာခြင်းဖြစ်ကြောင်း၊ ထိုအိတ် သည် သူ့ပစ္စည်းမဟုတ်သော်လည်း မည်သူ့ပစ္စည်းဖြစ်သည်ဟု သူမပြောပြနိုင်ခဲ့ကြောင်း ကော်မရှင်နှင့် တွေ့ချိန်တွင် ပြောပြခဲ့သည်။
အကျဉ်းသားများ၏ ကိုယ်ခန္ဓာပေါ်တွင် နှိပ်စက်ညှဉ်းပမ်းထားသည့် လက္ခဏာဒဏ်ရာ၊ ဒဏ်ချက်များ မတွေ့ရ ကြောင်း ကော်မရှင်က အစီရင်ခံခဲ့သည်။
“သူတို့ကိုယ်ခန္ဓါတွေပေါ်မှာတော့ နှိပ်စက်ညှဉ်းပမ်းထားတဲ့ လက္ခဏာတွေမတွေ့ရပါဘူး။ ဒါပေမယ့် အနှိပ် စက်ခံရတယ်လို့တော့ သူတို့ကပြောကြတယ်။” ဟု ခါဇီကဆိုသည်။

ကဘူးလ်ရှိ အမေရိကန်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကော်မရှင်မှ အစီရင်ခံစာမိတ္တူတစ်စောင်လက်ခံရရှိထား ပြီးအသေအချာစုံစမ်းသွားမည်ဟု ပြောကြားခဲ့သည်။

အာဖဂနှင့် အမေရိကန်နှစ်နိုင်ငံကြား နည်းဗျူဟာမဟာမိတ်များအဖြစ် သဘောတူညီချက်ရရန် ဆွေးနွေးညှိနှိုင်းနေရာ ဖမ်းဆီးထားသော အကျဉ်းသားများအား အမေရိကန်တို့ထိန်းချုပ်ထားသည့်ကိစ္စက အဓိကအတားအဆီးတစ်ရပ်ဖြစ် နေပေသည်။ ထို့ပြင် အမေရိကန်စစ်တပ်များက အာဖဂန်နေအိမ်များအားညဘက်ဝင်ရောက်စီးနင်းတိုက်ခိုက်မှုများကို လည်း အာဖဂန်အာဏာပိုင်များက မကျေနပ်ပေ။ အာဖဂန်နှင့် အမေရိကန်ကြားပြုလုပ်မည့် သဘောတူညီချက်သည် ၂၀၁၄ တွင် နေတိုးစစ်တပ်များအားလုံးရုပ်သိမ်းသွားပြီးနောက် အာဖဂန်တွင် အမေရိကန်စစ်တပ်အချို့ဆက်လက် ထားရှိရေးအတွက် ဖြစ်သည်။

ဘာဂရမ်အကျဉ်းထောင်ကို အာဖဂန်အာဏာပိုင်များလက်သို့တစ်လအတွင်း ပြန်လည်ပေးအပ်ရန် သမ္မတခါဇိုင်းက တောင်းဆိုပြီးနောက် အကျဉ်းထောင်အခြေအနေများကို စုံစမ်းစစ်ဆေးရန် ကော်မရှင် အဖွဲ့ကို ဇန်နဝါရီလ ၅ ရက်နေ့က စေလွှတ် ခဲ့ခြင်းဖြစ်သည်။

အာဖဂန်အချုပ်အခြာအာဏာပြန်လည်ရရှိနိုင်ရန် အမေရိကန်တို့ထိန်းသိမ်းထားသော အကျဉ်းသားများကို မိမိတို့ လက်အောက်သို့ပြန်လည်ပေးအပ်ရန် ခါဇိုင်းကတောင်းဆိုခဲ့ခြင်းဖြစ်ပြီး ခါဇီကလည်းထပ်မံတောင်းဆိုလိုက်သည်။
“အာဖဂန်မှာရှိတဲ့ အကျဉ်းထောင်တွေကို နိုင်ငံခြားသားတပ်တွေက ထိန်းသိမ်းထားတာကို ခွင့်မပြုနိုင်တော့ ပါဘူး။ ဒါဟာ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ အခြေခံဥပဒေရေးရာပြဋ္ဌာန်းချက်တွေဖြစ်ပါတယ်။” ဟု ခါဇီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဝါရှင်တန်အစိုးရက ယင်းတောင်းဆိုချက်ကို ဖြည့်ဆည်းပေးသွားမည်ဟု ပြောဆိုခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ယခုအချိန်အထိ မည်သည့်အချိန်တွင်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း အချိန်အတိအကျမသတ်မှတ်ရသေးပေ။

ကဘူးလ်ရှိ အမေရိကန်သံရုံးက အကျဉ်းထောင်ကိစ္စအစီရင်ခံစာအပေါ် စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဟု ပြောကြားလိုက်သည်။
“စွပ်စွဲချက်တွေ၊ အကျဉ်းသားအခွင့်အရေးချိုးဖေါက်မှုတွေအပေါ် ကျွန်တော်တို့ အလေးအနက်ထားပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။” ဟု သံရုံးပြောခွင့်ရ ဂါဗင်ဆန်းဒဝဲက ရိုက်တာသတင်းဌာနသို့ပြောကြား ခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။