Sunday, January 15, 2012

နျူကလီးယားပညာရှင် လုပ်ကြံခံရမှု စီအိုအေလက်ချက်ဖြစ်ကြောင်း အီရန်ပြော


အီရန်နျူကလီးယားသိပ္ပံပညာရှင် လုပ်ကြံခံရခြင်းနှင့် ပတ်သက်၍ အမေရိကန်လက်ချက်ဖြစ်ကြောင်း အထောက် အထားများ အီရန်အစိုးရတွင် ရှိနေသည်ဟု အီရန်သတင်းဌာနက ကြေငြာသွားသည်။
လွန်ခဲ့သည့် အပတ်က အမေရိကန်တာဝန်ရှိသူများက အီရန်သိပ္ပံပညာရှင် မော့စတာဖာအမာဒီရို့စ်ဟန် အသတ်ခံရခြင်းတွင် သူတို့ပါဝင်မှုမရှိ ကြောင်းငြင်းဆိုထားခဲ့သည်။

သို့သော် အီရန်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်ကိုယ်စားလှယ် ဆွစ်သံရုံးသို့ပေးပို့ခဲ့သည့် စာတွင် “အသေအချာ အကွက်ချ၊ ညွှန်ကြားပြီးလုပ်ဆောင်ခဲ့တဲ့ ဒီအကြမ်းဖက်မှုကို စီအိုင်အေကလုပ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့မှာ အထောက်အထား အခိုင်အမာရှိနေပါတယ်။” ဟု ရေးသားဖေါ်ပြထားသည်။

“ကျွန်တော်တို့ရဲ့ရန်သူတော်တွေဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်နဲ့ အစ္စရေးလ်တို့ဟာ သူတို့လုပ်ခဲ့တဲ့ကိစ္စအတွက် တာဝန်ရှိပါတယ်။” ဟု အီရန်စစ်တပ် ပြောခွင့်ရ မာဆွတ်ဂျာဇာယီရီက ပြောသည်။

အီရန်နျူကလီးယားသိပ္ပံပညာရှင် ရို့စ်ဟန် အသက် ၃၂ နှစ်၏ ကားတွင်သံလိုက်ဗုံးကပ်၍ ဖေါက်ခွဲလုပ်ကြံခဲ့ခြင်း ဖြစ်ပြီး ကားဒရိုင်ဘာဖြစ်သူပါသေဆုံးခဲ့သည့် လုပ်ကြံမှုသည် အီရန်နိုင်ငံမြို့တော် တီဟီရန်တွင် နှစ်နှစ်အတွင်း ငါးကြိမ်မြောက် တိုက်ခိုက်မှုဖြစ်သည်။

ယင်းလုပ်ကြံမှုတွင် မိမိတို့ပါဝင်ပတ်သက်မှုမရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရော၊ အစ္စရေးလ်သမ္မတ ရှီမွန်ပီရက်စ်တို့ကပါ ငြင်းဆိုကြသည်။
အီရန်သည် ၎င်း၏နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ ယခင်လုပ်ကြံခံရမှုများတွင် အစ္စရေးလ်ကို စွပ်စွဲခဲ့သည်။ သို့သော် အစ္စရေးလ်က စွပ်စွဲမှုများအပေါ် မည်သို့မျှ တုံ့ပြန်မှုမပေးခဲ့သော်လည်း တစ်ခါတစ်ရံတွင် ကျေနပ်အားရ မှုရှိကြောင်း လူသိရှင်ကြားထုတ်ဖေါ်ပြောကြားခဲ့ဖူးသည်။

အီရန်က ဗြိတိန်သို့လည်း ရှုံ့ချသည့်အကြောင်း စာပေးပို့ခဲ့သည်။ နျူကလီးယားလက်နက် ထုတ်လုပ်ရန် ကြံစည်နေ သည့် နိုင်ငံများကို စုံစမ်းထောက်လှမ်းသွားမည့် ဗြိတိန်၏ MI6 သူလျှိုအစီအစဉ်ကို ကြေငြာပြီးနောက်မှာပင် မိမိတို့ နျူကလီးယားသိပ္ပံပညာရှင် အသတ်ခံခဲ့ရကြောင်း ထည့်သွင်းရေးသားဖေါ်ပြခဲ့သည်။

အီရန်၏နျူကလီးယားအစီအစဉ်သည် လက်နက်ထုတ်လုပ်ရန် ရည်ရွယ်ကြောင်း အနောက်က စွပ်စွဲထားပြီး၊ အီရန်ကမူ ငြိမ်းချမ်းစွာအသုံးချရေး လမ်းစဉ်အရ စွမ်းအင်ထုတ်လုပ်ရန်သာ ရည်ရွယ်ကြောင်း ငြင်းဆိုထားသည်။

နျူကလီးယားပညာရှင် အသတ်ခံရခြင်းနှင့် ပတ်သက်၍ ပြစ်တင်ရှုံ့ချပေးရန် အီရန်က ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်ကို တောင်းဆိုထားသည်။

အမေရိကန်ပြည်ထောင်စုက အီရန်၏ နျူကလီးယားအစီအစဉ်ကြောင့် ပိတ်ဆို့အရေးယူမှုများကို တစ်ဆင့် ချင်းဆောင်ရွက်နေပြီး ရေနံအပေါ်အဓိကမှီခိုနေရသော အီရန်စီးပွားရေးရပ်တန့်သွားစေရန် ရေနံတင်သွင်းမှုပိတ်ဆို့ ဒဏ်ခတ်မည်ဟု ခြိမ်းခြောက်ထားသဖြင့် အီရန်ကလည်း မိမိတို့ ဟော်မျူဇ်ရေလက်ကြားကို ပြန်လည်ပိတ်ဆို့ ပစ်မည်ဟု ခြိမ်းခြောက်မှုများဖြင့် နှစ်ဘက် စစ်ရိပ်စစ်ငွေ့များသန်းနေစဉ်တွင် အီရန်နျူကလီးယားပညာရှင် လုပ်ကြံခံ ရမှုကြောင့် အခြေအနေပိုမိုတင်းမာသွားစေခဲ့သည်။

အမေရိကန်သမ္မတအိုဘားမားက နှစ်သစ်ကူးတွင် အီရန်အပေါ် ပိတ်ဆို့အရေးယူမှုဥပဒေတစ်ရပ်ကို လက်မှတ်ရေး ထိုးပေးလိုက်ပြီး ဥပဒေအတိုင်း အတိအကျဆောင်ရွက်မည်ဆိုပါက အီရန်နိုင်ငံမှ မည်သူမျှရေနံဝယ်ယူ၍ရတော့မည် မဟုတ်ချေ။

ဥရောပသမဂ္ဂကလည်း အလားတူပိတ်ဆို့အရေးယူခြင်းတစ်ရပ် ဆောင်ရွက်ရန်အလားအလာရှိပြီး အဖွဲ့ဝင်နိုင်ငံများ ကြားအီရန်ရေနံတင်ပို့မှု တဖြည်းဖြည်းချင်းလျှော့ချပိတ်ဆို့သွားရန် အစီအစဉ်ရှိသည်။

ထို့ကြောင့် အီရန်ကလည်း ကမ္ဘာ့ရေနံ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းစီးဆင်းရာ ဟော်မျုဇ်ရေလက်ကြားကို ပိတ်ဆို့ပစ် မည်ဟု ပြန်လည်ခြိမ်းခြောက်ထားလေသည်။

အကယ်၍ သံတမန်နည်းဖြင့်ဖြေရှင်း၍မရပါက စစ်ရေးဖြင့်ဖြေရှင်းသွားမည်ဟု အမေရိကန်နှင့် အစ္စရေးလ်တို့က ပြောကြားလိုက်ပြီး အီရန်ကလည်း တုံ့ပြန်တိုက်ခိုက်သွားမည်သာဖြစ်ကြောင်း ဆို၏။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။