Saturday, January 28, 2012

ဆီးရီးယားအပေါ် အရေးယူရန် လုံခြုံရေးကောင်စီစဉ်းစား


ဆီးရီးယားသမ္မတအာဆက်ရာထူးမှ ဆင်းပေးပြီး အကြမ်းဖက်နှိမ်နင်းမှုများရပ်တန့်ရန်၊ ကြားဖြတ်ညီညွတ်သော အစိုးရတစ်ရပ်ဖွဲ့စည်းပြီး ရွေးကောက်ပွဲကျင်းပရန် စသည့် ဆီးရီးယားအပေါ် အာရပ်အဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂမှ ထောက်ခံပေးရန် ဥရောပနိုင်ငံများနှင့် အာရပ် နိုင်ငံများက ဖိအားပေးပြောဆိုလျက်ရှိပြီး ရုရှကမူဆန့်ကျင်သည်။

ဆီးရီးယားအရေးနှင့် ပတ်သက်ပြီး ကုလသမဂ္ဂမှဆုံးဖြတ်ရခက်ခဲနေသည်မှာ လအတန်ကြာပြီဖြစ်ပြီး ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီတို့နှင့် အတူအာရပ်နိုင်ငံများပါဝင်ရေးဆွဲထားသော ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ကို မော်ရိုကိုက ၁၅ နိုင်ငံပါ ၀င်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တင်ပြခဲ့သည်။

ဆုံးဖြတ်ချက်ကိုမဲခွဲဆုံးဖြတ်ခြင်းမပြုမီ လုံခြုံရေးကောင်စီတွင် ရက်ပေါင်းအတန်ကြာ အကြိတ်အနယ်ဆွေးနွေးပြော ဆိုနေသည်။ အင်္ဂါနေ့တွင် လုံခြုံရေးကောင်စီ၌ အာရပ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး နာဘီလ်အီလာရာဘီနှင့် ကာတာဝန်ကြီးချုပ် ရှိတ်ဟာမက်ဘင်ဂျက်ဆမ်အယ်သနီတို့ ရှင်းလင်းတင်ပြမှု မပြုမီမည်သည့် ဆုံးဖြတ်ချက်မျှ ထွက် ပေါ်လာနိုင်ဖွယ်မရှိသေးကြောင်း သိရသည်။

ဆုံးဖြတ်ချက်အသစ်ကို ကြိုဆိုသူများက အာရပ်အဖွဲ့ချုပ် ပါဝင်လာမှုကြောင့် ဆုံးဖြတ်ချက်ကို လက်မခံလိုသူများ စိတ်ပြောင်းလာနိုင်ကြောင်း ဆီးရီးယားတွင် နောက်ထပ်နှိမ်နင်းမှုများကြောင့် သေဆုံးမှုများတိုး ပွားလျှက်ရှိနေခြင်းကို ရပ်တန့်အောင် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်လျှက်ရှိသည်။ ဆန္ဒပြသူများကို ပစ်ခတ်နှိမ်နင်းမှုများကြောင့် သေဆုံးသူ ၅,၄၀၀ ကျော်ပြီဖြစ်ကြောင်း ကုလသမဂ္ဂက တွက်ချက်ထားသည်။

လွန်ခဲ့သော အပတ်အတွင်းမငြိမ်သက်မှုများတိုးပွားလာခဲ့ကြောင်း၊ အထူးသဖြင့် ဆီးရီးယားတောင်ပိုင်းအစ်ဒလစ် ဒေသရှိ ဟုမ်းစ်မြို့နှင့် ဟားမားမြို့တို့တွင် အမြင့်ဆုံးဖြစ်ပွားနေကြောင်း အာရပ်အဖွဲ့ချုပ်မှ စေလွှတ်သော ဆီးရီးယား လေ့လာရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် မိုဟာမက်အာမက်မူစတာဖာ အယ်-ဒါဘီက ပြောသည်။

လွန်ခဲ့သောအပတ်က ထုတ်ပြန်ခဲ့သော အာရပ်အဖွဲ့ချုပ်ချမှတ်သော ဆီးရီးယားအရေးဆုံးဖြတ်ချက်မူကြမ်းတွင် သမ္မတ အာဆက်ရာထူးမှဆင်းပေးပြီး ရွေးကောက်ပွဲစီစဉ်ကျင်းပပေးရန်တောင်းဆိုထားသည်။
ဆီးရီးယားတွင် အစိုးရ၏အကြမ်းဖက်နှိမ်နင်းမှုများ ချက်ခြင်းအဆုံးသတ်ပေးရန်နှင့် အာရပ်အဖွဲ့ချုပ်မှ နိုဝင်ဘာလ အတွင်းက ချမှတ်ခဲ့သော ပိတ်ဆို့ဒဏ်ခတ်မှုများကို အခြားနိုင်ငံများကလည်း လိုက်နာဆောင် ရွက်ပေးကြရန် အဖွဲ့ချုပ်က တောင်းဆိုထားသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။