Tuesday, January 31, 2012

ဥက္ကလံတွင် ဆန္ဒပြသူများကို ဖမ်းဆီး

ဥက္ကလံသိမ်းပိုက်ရေးလှုပ်ရှားသူတစ်ဦးကို ဖမ်းဆီးနေစဉ်

ကယ်လီဖိုးနီးယားမြောက်ဘက်မြို့ ဥက္ကလံတွင် `သိမ်းပိုက်ရေး´ ဆန္ဒပြလှုပ်ရှားသူများကို ဖြိုခွင်းနှိမ်နင်းရာတွင် ဆန္ဒပြသူပေါင်း၄၀၀ ခန့်ကို ဖမ်းဆီးခဲ့သည်။
စနေနေ့ညက ဖြစ်ပွားခဲ့သော အပျက်အစီးများအား သန့်ရှင်းရေးလုပ်သားများက ရှင်းလင်းလျက်ရှိသည်။ ရမ်းကား ဖျက်ဆီးမှုကြောင့် ဖမ်းဆီးထားသူများစာရင်း သူတို့ထံတွင်မရှိကြောင်း ဥက္ကလံရဲများနှင့် မြို့တာဝန်ရှိသူများက စနေနေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရဲများက ဆန္ဒပြသူများကို မြို့တွင်းရှိ တိုက်တန်းလျားများကြားတွင် ပိတ်ဆို့ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြသူများ YMCA ခန်းမတွင်းသို့ ထွက်ပြေးပုန်းအောင်းခဲ့ကြကြောင်း လှုပ်ရှားတက်ကြွသူများက အယ်ဂျာဇီယာသတင်းဌာနသို့ ပြောသည်။ ထို့နောက် ရဲများကနောက်မှ လိုက်ဖမ်းရာတွင် အချို့မှာ နောက်ဘက်တံခါးများမှ ထွက်ပြေးလွတ် မြောက်သွားခဲ့ကြသည်။

ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီးနောက် ရဲသုံးယောက်နှင့် ဆန္ဒပြသူတစ်ဦးတို့ဒဏ်ရာရရှိခဲ့ကြောင်း၊ ဆန္ဒပြသူ ၄၀၀ ခန့်ကို ဖမ်းဆီးထားကြောင်း ၀က်စ်ကုတ်မြို့ အရေးပေါ်ကိစ္စဆောင်ရွက်ရေးရုံးက တနင်္ဂနွေနေ့ အစောပိုင်းကပြောသည်။

စနေနေ့ဆန္ဒပြပွဲသည် အစပိုင်းတွင် ငြိမ်းချမ်းစွာဆန္ဒပြလျက်ရှိသော်လည်း နေ့လည်ပိုင်းတွင် ရဲများကို ပုလင်းများ၊ ခဲလုံးများဖြင့် ပစ်ပေါက်ကြပြီး ရဲများပစ်လိုက်သော မျက်ရည်ယိုဗုံးများဖြင့် ပြန်လည်ပစ်ပေါက်ကြသည်။
ဆန္ဒပြသူများသည် မြို့တော်ခန်းမရှေ့တွင် အမေရိကန်အလံတစ်ခုကို မီးရှို့ပြီး အဆောက်အဦအတွင်းသို့ ၀င်ရောက် ကာ အလိုအလျောက်ဈေးရောင်းစက်တစ်လုံးကို ဖျက်ဆီးပစ်ခဲ့ကြကြောင်း၊ အဆောက်အဦးတွင်းအသုံးအဆောင်များ နှင့် အဆောက်အဦပုံစံငယ်ကို မီးရှို့ပစ်ခဲ့ကြောင်းရဲကဆိုသည်။

`မြို့တော်ခန်းမပျက်စီးသွားပေမယ့် မြို့တွင်းက ရုံးတွေအားလုံးနောက်နေ့မှာ ပုံမှန်ပြန်ပြီးလည်ပတ် ပါလိမ့် မယ်။´ ဟု ဥက္ကလံမြို့တော်အုပ်ချုပ်ရေးမှူး ဒီးနာဆန်တာနာက ပြောသည်။

ဥက္ကလံသိမ်းပိုက်ရေးလှုပ်ရှားမှုသပိတ်စခန်းကို ရဲများက အင်အားသုံးဖြိုခွင်းခဲ့ပြီးနောက်ပိုင်း စနေနေ့ ဆန္ဒပြပွဲသည် အကြီးမားဆုံးနှင့် ရုန်းရင်းဆန်ခတ်အဖြစ်ဆုံး ဆန္ဒပြပွဲဖြစ်ခဲ့သည်။

စီးပွားရေးမညီမျှမှုများကို အများကသတိထားအာရုံပြုမိစေရန် ဆက်လက်လှုပ်ရှားသွားမည်ဟု ဆန္ဒပြအုပ်စုက ပြောသည်။ လူသူမရှိသော အဆောက်အဦများကို လူထုရေးနှင့် နိုင်ငံရေးဆုံမှတ်များအဖြစ်အသုံးပြုကာ ဥက္ကလံဆိပ်ကမ်းကို သုံးကြိမ်မြောက်ပိတ်ဆို့ပစ်နိုင်ရန် ၊ လေဆိပ်ကို သိမ်းပိုက်ရန်နှင့် မြို့တော်ခန်းမကို သိမ်းပိုက်ရန် အစီအစဉ်များချမှတ်ထားကြောင်း ဆိုသည်။

ဆန္ဒပြသူများကို ဖမ်းဆီးပြီးနောက် ဥက္ကလံသိမ်းပိုက်ရေးလှုပ်ရှားမှု သတင်းပြန်ကြားရေးကော်မီတီက ရဲများသည် ဆန္ဒပြသူများကို အေးအေးဆေးဆေးလူစုခွဲခိုင်းခြင်းမပြုဘဲ ဖမ်းဆီးခဲ့ခြင်းကြောင့် တရားမ၀င်ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ တရားဥပဒေအရ ပြန်လည်လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ဆိုသည်။

`ဥပဒေတွေနဲ့ အညီ ပြန်လည်လူစုခွဲထွက်ခွာဖို့ အခွင့်မပေးဘဲ ရဲတွေက ဖမ်းဆီးခဲ့တဲ့အတွက် တရားဥပဒေ နဲ့အညီဖမ်းဆီးခဲ့ခြင်းမဟုတ်ပါဘူး။ ဒါကြောင့် ဥက္ကလံရဲတပ်ဖွဲ့ကို ပြန်လည်တရားစွဲဆိုနိုင်ပါတယ်။´ ဟု ကော်မီတီပြန် ကြားရေးက သတင်းထုတ်ပြန်ခဲ့သည်။
လွန်ခဲ့သောနှစ်က နယူးယောက်ဘဏ္ဍာရေးရပ်ကွက်တွင် ဖြစ်ပွားခဲ့သော `သိမ်းပိုက်ရေး´ လှုပ်ရှားမှုများပြန့်နှံ့သွားပြီး နောက်ပိုင်း ဥက္ကလံသည် လှုပ်ရှားမှုအများဆုံးဖြစ်ပွားရာ နေရာတစ်ခုဖြစ်လာခဲ့သည်။

မြို့ကြီးအများစုတွင် ဖြစ်ပွားခဲ့သော `သိမ်းပိုက်ရေး´ လှုပ်ရှားမှုများသည် ငြိမ်းချမ်းစွာဖြစ်ပွားခဲ့ခြင်းသာဖြစ်ပြီး ချမ်းသာ သောလူနည်းစုကသာ စီးပွားရေးများကို လက်ဝါးကြီးအုပ်ထားမှုအပေါ် အများက အာရုံစိုက်ဆွေးနွေးပြောဆိုလာ ကြလေသည်။ ထို့နောက် သမ္မတအိုဘားမားက ချမ်းသာသူများအား အခွန်တိုးကောက်ရေးအကြောင်းပြောကြားလာ ခဲ့လေသည်။

အောက်တိုဘာလအတွင်းက ဥက္ကလံဆန္ဒပြပွဲအတွင်း ဒဏ်ရာအပြင်းအထန်ရရှိသွားသော အီရတ်စစ်ပြန်ကြီး စကော့ အိုစလင်းကို အကြောင်းပြု၍ ဥက္ကလံတွင် ဆန္ဒပြပွဲများစိပ်လာခဲ့သည်။
စစ်ပြန်ကြီး စကော့အိုစလင်းသည် ဦးခေါင်းကို မျက်ရည်ယိုဗုံးထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒပြသူများက ပြောဆိုခဲ့ပြီး အာဏာပိုင်များကမူ မည်သို့ဒဏ်ရာရရှိခဲ့သည်ကို ပြောဆိုခဲ့ခြင်းမရှိပေ။

သိမ်းပိုက်ရးဆန္ဒပြလှုပ်ရှားမှုများသည် လွန်ခဲ့သော နှစ်က ရဲများ၏ဖြိုခွင်းမှုများနှင့် ဒေသတွင်းသတင်းများက ဖေါ်ပြ ခြင်းမပြုသောကြောင့် အင်အားယုတ်လျော့သွားခဲ့ပြီဖြစ်သည်။ အိမ်ဖြူတော်အနီး သိမ်းပိုက်ရေးဆန္ဒပြသပိတ်စခန်းကို ရဲများက ၀င်ရောက်ဖမ်းဆီးခဲ့ရာတွင် အလင်းအသံဗုံးများ အသုံးပြုခဲ့သောကြောင့် တနင်္ဂနွေနေ့က ၀ါရှင်တန်တွင် တင်းမာမှုများပေါ်ပေါက်ခဲ့သည်။

အမျိုးသားဥယျာဉ်ထိန်းသိမ်းရေးဌာနက အိမ်ဖြူတော်အနီးရှိ ဖရီးဒမ်းပလာဇာနှင့် မက်ဖာဆင်ရင်ပြင်တို့တွင် အောက်တိုဘာလကတည်းက ဆန္ဒပြနေထိုင်လာခဲ့ကြသူများအား နှင်ထုတ်နိုင်ရန် ညအိပ်ညနေပြုလုပ်ခြင်းကို တားမြစ်သော ဥပဒေထုတ်ပြန်မည်ဖြစ်ကြောင်း ဆိုသည်။

ယင်းအမိန့်ကို ကြေငြာထားသည့်အတိုင်း တနင်္လာနေ့ နေ့လည်တွင် စတင်ကျင့်သုံးမည်ဆိုလျှင် သိမ်းပိုက်ရေးလှုပ်ရှားမှု အကြီးမားဆုံးနေရာတစ်ခုကို တိုက်ခိုက်ထိုးနှက်ဖြိုခွင်းခြင်းပင် ဖြစ်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။