Monday, January 2, 2012

ဘာရိန်းတွင် ရဲများနှင့် ဆန္ဒပြသူများ ရုန်းရင်းဆန်ခတ်ဖြစ်


ဘာရိန်းအဓိကရုဏ်းအတွင်း သေဆုံးသွားသော အသက် ၁၅ နှစ် အရွယ်ရှိ ယောင်္ကျားလေးတစ်ဦး၏ အသုဘကို လိုက်လံပို့ဆောင်ကြသော ရာပေါင်းများစွာသော ဆန္ဒပြဘာရိန်းလူထုကြီးအား အဓိကရုဏ်းနှိမ်နင်းရေး ရဲများက မျက်ရည်ယိုဗုံးများ၊ အသံဗုံးများ၊ ရော်ဘာကျည်များဖြင့် ပစ်ခတ်ဖြိုခွင်းရာ ရဲများနှင့် ဆန္ဒပြသူများ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။

ထောင်နှင့်ချီသောအစိုးရဆန့်ကျင်ဆန္ဒပြသူများသည် ဘာရိန်းအလံများကို ကိုင်ဆောင်ဝှေ့ယမ်းကာ အစိုးရဆန့်ကျင် ရေး ကြွေးကြော်သံများကို အော်ဟစ်၍ တနင်္ဂနွေနေ့က မြို့တော်မနားမားတောင်ဘက် ဆစ်ထရာကျွန်းတွင် ဆေးယက်ဟာဆင်၏ အသုဘကို လိုက်လံပို့ဆောင်ခဲ့ကြသည်။

အစောပိုင်းက ရဲများသည် အသုဘအခမ်းအနားရှိရာသို့ လူအများလာရောက်ခြင်းမပြုနိုင်ရန် တားဆီးခဲ့ကြသည်။ ဆေးယက်ဟာဆင်သည် စနေနေ့က ရဲများပစ်ခတ်လိုက်သော မျက်ရည်ယိုဗုံး ရင်ဘတ်ကို အနီးကပ်ထိမှန်ခဲ့သဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အတိုက်အခံများက ဆိုသည်။
သူနှင့် ဆွေမျိုးတော်စပ်သည်ဟု ဆိုသူ အသက် ၄၀ နှစ်ရှိ ဂျက်ဖာအယ်-ရှိတ်ခ်က ဆေးယက်သည် ချီတက်ဆန္ဒပြ မှုတွင် ပါဝင်ခဲ့သည်ဟု ဆိုသည်။ ရဲများပစ်ခတ်လိုက်သော မျက်ရည်ယိုဗုံးဆန်သည် ရင်ဘတ်ကို ထိမှန်ပြီး ရင်ဘတ်၊ လက်မောင်းနှင့် ဦးခေါင်းတို့တွင် လောင်ကျွမ်းခဲ့သည်။

ပြည်ထဲရေးဝန်ကြီးက ယင်းသေဆုံးမှုအပေါ် မေးခွန်းထုတ်လျက်ရှိပြီး ခန္ဓာကိုယ်ပေါ်ရှိ လောင်ကျွမ်းမှုများသည် မျက်ရည်ယိုဗုံးကြောင့် လောင်ကျွမ်းသော ဒဏ်ရာများမဟုတ်ကြောင်း ဆိုသည်။ သေဆုံးမှုကို စုံစမ်းစစ်ဆေးရန် လည်း ညွှန်ကြားထားသည်။

ဆစ်ထရာကျွန်းတွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းသည် ဆယ်လတာ အုံကြွမှုဖြစ်ပွားနေသော ဘာရိန်းတွင် နောက်ဆုံး အဖြစ်အပျက်ဖြစ်၏။ ဘာရိန်းတွင် အမေရိကန် အမှတ် ၅ ရေတပ်မတော် အခြေစိုက်သည်။

အတိုက်အခံများမှာ လူများစု ရှီးအိုက်များဖြစ်ကြပြီး လွတ်လပ်ခွင့်နှင့် ဆွန်နီဘုရင်အုပ်ချုပ်ရေးကို ပြုပြင်ပြောင်းလဲမှု များဆောင်ရွက်ရန် တောင်းဆိုလျက်ရှိကြသည်။

တနင်္ဂနွေနေ့က ဘာရိန်းရဲချုပ်အသစ်က နိုင်ငံအဝှမ်းမှ နောက်ထပ်ရဲသားအသစ် ၅၀၀ ခေါ်ယူထားကြောင်းပြောကြား ခဲ့သည်။
ရဲချုပ်သစ် တာရစ်အယ်ဟက်ဆန်က ယင်းရဲသားများကို သူတို့နေထိုင်ရာဒေသတွင်းမှာပင် တာဝန်ထမ်းဆောင်စေ မည်ဖြစ်ကြောင်း ဆိုသည်။

ဘာရိန်းရှီးအိုက်များကို နိုင်ငံတော်လုံခြုံရေးတာဝန်များ၊ အစိုးရထိပ်တန်းရာထူးများတွင် မရရှိနိုင်အောင် အစိုးရက စံနစ်တကျ ခွဲခြားကျင့်သုံးသည့် နည်းလမ်းဖြင့် ဆက်ဆံခံနေရကြောင်း ဆိုသည်။

အစိုးရကမူ ပြုပြင်ပြောင်းလဲပေးမည်ဟု ကတိပေးထားပြီး ယခုနှစ်အတွင်း မငြိမ်သက်မှုများကို နှိမ်နင်းရာတွင် အစိုးရ၏ လူ့အခွင့်အရေးချိုးဖေါက်မှုများအကြောင်း နိုဝင်ဘာလအတွင်းက အစီရင်ခံစာထွက်ပေါ်လာခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။