Monday, January 16, 2012

ရုရှအာကာသစူးစမ်းရေးယာဉ် ဖိုဘိုစ်-ဂရောင်း ပျက်ကျ


မားစ်ဂြိုလ်သို့စေလွှတ်မည့် ရုရှအာကာသစူးစမ်းရေးဒုံးပျံတစ်စင်း ကမ္ဘာပတ်လမ်းကြောင်းအတွင်း မြေပြင်ပေါ်သို့ပြန် လည်ပြုတ်ကျကာ ချီလီအနောက်ဘက်ကမ်းခြေ တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ကျရောက်သွားကြောင်း ရုရှသတင်းဌာနကကြေငြာခဲ့သည်။

ဖိုဘိုစ်-ဂရောင်းအမည်ရှိ ဒုံးပျံယာဉ်အစိတ်အပိုင်းများသည် GMT ၁၇၄၅ ရှိ ဝယ်လင်တန်ကျွန်းအနောက်ဘက် ကီလိုမီတာ ၁,၂၅၀ အကွာ ပင်လယ်အတွင်းကျရောက်ခဲ့ကြောင်း ရုရှအာကာသကာကွယ်ရေးတပ်၏ ပြောရေးဆိုခွင့်ရ ဗိုလ်မှူးအလက်ဇီဇိုလိုတပ်ခင်က ပြောသည်။
အပျက်အစီးအစိတ်အပိုင်းအားလုံးယင်းတစ်နေရာတည်းသို့ ကျရောက်ခဲ့သည်လားဆိုသည်မှာမူ အတိအကျမသိရသေးပေ။

ဖိုဘိုစ်-ဂရောင်းအာကာသယာဉ်သည် ဒေါ်လာသန်း ၁၇၀ တန်ပြီး ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးချိန်မှစ၍ ရုရှ၏ အကုန်အကျအများဆုံးနှင့် ရည်ရွယ်ချက်အကြီးမားဆုံး အာကာသယာဉ်ဖြစ်သည်။ ယင်းအာကာသယာဉ်သည် မားစ်၏ ဂြိုလ်ရံလဖိုဘိုစ်ပေါ်သို့ ဆင်းသက်ကာ မြေသားနမူနာများကို ကမ္ဘာသို့ပြန်ပို့ပေးမည်ဖြစ်သည်။ ထို့နောက် နေအဖွဲ့ အစည်း၏ ဖြစ်စဉ်များကိုပိုမိုသိရှိနားလည်အောင် လေ့လာနိုင်မည်ဖြစ်သည်။

ကမ္ဘာပတ်လမ်းကြောင်း အများစုမှာ သမုဒ္ဒရာများအပေါ်တွင်သာရှိပြီး လူနေထူထပ်သော နေရာများသို့ ပျက်ကျနိုင် ဖွယ်နည်းပါးကြောင်း သိပ္ပံပညာရှင်များက တွက်ချက်ထားကြသည်။ ကမ္ဘာပတ်လမ်းကြောင်းအတွင်း အာကာသစွန့် ပစ်ပစ္စည်းများ၊ ဂြိုလ်တုအပျက်အစီးအစိတ်အပိုင်းများ ထောင်နှင့်ချီ၍ ရှိနေကြပြီး အာကာသယာဉ်မှူးများ၊ ဂြိုလ်တုများအား အန္တရာယ်ပေးနိုင်သည့် အနေအထားတွင်ရှိနေသော်လည်း ယနေ့အထိ ယင်းသို့အဖြစ်အပျက်မျိုးမကြားဖူးသေးပေ။

ဖိုဘိုစ်-ဂရောင်းအာသယာဉ်သည် ၁၃.၅ မက်ထရစ်တန်လေးလံပြီး ကမ္ဘာသို့ပျက်ကျဖူးသမျှ အလေးချိန်ကြီးမားသော အာကာသယာဉ်များအတွင်း တစ်ခုအပါအဝင်ဖြစ်သည်။ ထို့ပြင် အဆိပ်အတောက်သင့်မှုလည်း ကြီးမားလေသည်။ အဆိုပါအာကာသယာဉ်၏ အလေးဆုံးသော အစိတ်အပိုင်းမှာ မားစ်၏ ဂြိုလ်ရံလ ဖိုဘိုစ်သို့ခရီးအရောက်သွားနိုင်ရန် အလုံအလောက်ထည့်ပေးလိုက်သော အဆိပ်သင့်မှုနှုန်းမြင့်မားပြီး ၁၁ တန်အလေးချိန်ရှိသော လောင်စာကန်ဖြစ်သည်။ နိုဝင်ဘာလ ၉ ရက်နေ့က လွှတ်တင်ခဲ့ပြီး ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့အရောက်တွင် ယင်းလောင်စာကန်ကို ဖြုတ်ချထားခဲ့သည်။

၁၉၇၉ ခုနှစ်က နာဆာစကိုင်းလက်ဘ်အာကာသစခန်း မြေပြင်သို့ပျက်ကျခဲ့ပြီး အလေးချိန် ၇၇ မက်ထရစ်တန်လေး သည်။၂၀၀၁ ခုနှစ်တွင် ရုရှမီယာအာကာသစခန်းပျက်ကျခဲ့ပြီး ၁၃၀ မက်ထရစ်တန်အလေးချိန်ရှိသည်။

ရုရှအာကာသသိပ္ပံဌာနဖြစ်သော ရော့စ်ကော့စမော့စ် (Roscosmos) က ဖိုဘို့စ်ဒုံးပျံယာဉ် အစိတ်အပိုင်း ၂၀ မှ ၃၀ ခန့် အလေးချိန်၂၀၀ ကီလိုဂရမ်ခန့်သာ ကမ္ဘာပေါ်သို့ပြန်လည်ကျရောက်လာနိုင်ကြောင်း၊ လောင်စာအားလုံး လေထုအတွင်းမှာပင် လောင်ကျွမ်းပျောက်ကွယ်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ဖိုဘို့စ်ခရီးစဉ်ကို ပြင်ဆင်ရာတွင် အမှားအယွင်းများရှိခဲ့ကြောင့် အာကာသသိပ္ပံအကြီးအကဲက ဝန်ခံပြောကြားခဲ့သည်။ သို့သော် ရော့စ်ကော့စမော့စ် အနေနှင့် အမှားအယွင်းမရှိအောင်ဆက်လက်လုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း ပြောသည်။

၁၉၇၈ ခုနှစ်အတွင်းက နျူကလီးယားစွမ်းအင်သုံး ကော့စ်မို့စ် ၉၅၄ ဂြိုလ်တု ကနေဒါအနောက်မြောက်ဘက်သို့ ပျက်ကျစဉ်က အဆိုးဝါးဆုံး ရေဒီယိုသတ္တိကြွမှုဖြစ်ပေါ်ခဲ့ဖူးသည်။ ထိုစဉ်က ဆိုဗီယက်တို့က ဂြိုလ်တုပျက် အစိတ်အပိုင်းအားလုံးလေထုထဲမှာ ပင်လောင်ကျွမ်းပျောက်ကွယ်သွားခဲ့ကြောင်း ပြောကြားခဲ့သော်လည်း ကနေဒါ အာဏာပိုင်များက အပျက်အစီးအစိတ်အပိုင်း တစ်ဒါဇင်ခန့်တွေ့ရှိခဲ့ပြီး ယင်းတို့တွင် ရေဒီယိုသတ္တိကြွနေကြောင်း လည်းတွေ့ရှိခဲ့သည့် ဖြစ်ရပ်ရှိခဲ့ဖူးသည်။

ယခုပျက်ကျခဲ့သော ဖိုဘိုစ်-ဂရောင်းအာကာသယာဉ်တွင် ကိုဘော့-၅၇ ခေါ်ရေဒီယိုသတ္တိကြွသတ္တု အနည်းငယ်မျှ သာပါဝင်ပြီး မည်သည့်အန္တရာယ်မျှ မရှိနိုင်ကြောင်း ရော့စ်ကော့စ်မော့စ်က ပြောကြားထားသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။