Friday, January 20, 2012

မူပိုင်ခွင့်ဥပဒေဖြင့် ဝက်ဘ်ဆိုက်တစ်ခုအပိတ်ခံလိုက်ရ


မူပိုင်ခွင့်နှင့် ငြိစွန်းသည်ဟု စွပ်စွဲကာ ကမ္ဘာ့လူသုံးအများဆုံးဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Megaupload.com ကို အမေရိကန်အစိုးရက ပိတ်ပစ်လိုက်ပြီး ပူးတွဲတည်ထောင်သူများနှင့် အခြားဝန်ထမ်းအဖွဲ့ဝင်နှစ်ဦးဖြစ်သူ တို့ကို နယူးဇီလန်နိုင်ငံတွင် ဖမ်းဆီးလိုက်သည်။

အမေရိကန်အာဏာပိုင်များနှင့် နယူးဇီလန်ရဲတို့ပူးပေါင်းကာ ဝက်ဆိုက်တည်ထောင်သူများဖြစ်ကြသော ကင်ဒေါ့ကွန်း ခေါ် ကင်ရှမစ်ဇ်နှင့် မာသီးယက်စ်အော့မန်း၊ ဝက်ဘ်ဆိုက်ဈေးကွက်ကိုင်တွယ်သူ ဖင်းဘာတာတို တို့ကို ဥက္ကလန်မြို့ ရှိ နေအိမ်တွင် သွားရောက်ဖမ်းဆီးခဲ့သည်။ ဒတ်ခ်ျအမျိုးသားတစ်ဦးဖြစ်သူ ဘန်းဗန်ဒါကော့ကို လည်း ဖမ်းဆီးခဲ့သည်။

ထို့နောက် ဥက္ကလန်မြို့ မြောက်ရှိုးခရိုင်တရားရုံးတွင် အာမခံရရေးအတွက် ကြိုးပမ်းခဲ့ကြသော်လည်း တရားသူကြီး ဒေးဗစ်မက်နော့တန်က ရမန်ဖြင့် တနင်္လာနေ့အထိ ချုပ်ထားရန် အမိန့်ချမှတ်ခဲ့သည်။
ရဲ အယောက် ၇၀ ခန့်ဖြင့် ရှာဖွေဖမ်းဆီးပြီးနောက်၎င်းတို့နှင့် ဆက်စပ်သော ပိုင်ဆိုင်မှု ၁၀ မျိုးကိုလည်း ထိန်းသိမ်း လိုက်ကြောင်း နယူးဇီလန်စုံထောက် ဂရန့်ဝါမဲလ်ကဆိုသည်။ ယင်းတို့အထဲတွင် ဒေါ်လာ ၆ သန်းတန် အကောင်းစား ကားတစ်စင်းနှင့် ဘဏ္ဍာရေးရင်းနှီးမြှပ်နှံမှုကုမ္ပဏီများတွင် ရင်းနှီးထားသော ဒေါ်လာ ၁၀ သန်းတို့ပါဝင်သည်။

အသက် ၃၇ နှစ်ရှိ ဒေါ့ကွန်းသည် ဂျာမန်အမျိုးသားဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၏ မူပိုင်ခွင့်ချိုးဖေါက်မှု၊ ငွေကြေးခဝါချမှု၊ မှောင်ခိုလုပ်ငန်း စသည်တို့ဖြင့် သူ့ကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ဝါမဲလ်က ပြောသည်။

နယူးဇီလန်တွင် ယခုအကြိမ်သည်ပထမဦးဆုံး အကြိမ်အဖြစ် နိုင်ငံခြားသားတစ်ဦးကို အင်တာနက်ဆိုင်ရာ မူပိုင်ခွင့် ချိုးဖေါက်မှုဖြင့် ဖမ်းဆီးအရေးယူခြင်းဖြစ်ကြောင်း မူပိုင်ခွင့်ဆိုင်ရာရှေ့နေ ရစ်ခ်ရှီရာက ပြောသည်။

Megaupload.com အုပ်စုကို အစိုးရအမှုစစ်ရှေ့နေများက Mega Conspiracy အကြီးစားပူးပေါင်းကြံစည်မှု ဟု အမည်ပေးထားပြီး မူပိုင်ခွင့်ပိုင်ဆိုင်သူများက ဒေါ်လာ သန်း၅၀၀ ဖိုးခန့်ဆုံးရှုံးနေကြောင်း၊ ဝက်ဘ်ဆိုက်တွင် ဈေးဝယ် ခြင်း၊ ကြေငြာခြင်းတို့မှရရှိသော ဒေါ်လာ ၁၇၅ သန်းခန့်ဖြင့် လည်ပတ်နေကြောင်း သိရသည်။

မူပိုင်ရှင်များအနေနှင့် ဒေါ်လာသန်း ၅၀၀ ခန့်နစ်နာရသည်ဆိုသည်မှာ အနိမ့်ဆုံးပမာဏဖြစ်ပြီး ထို့ထက်မကပိုနိုင် ကြောင်း အမေရိကန်တရားရေးဌာနက ပြောသည်။
ပြစ်မှုထင်ရှားပါက မှောင်ခိုမှုနှင့် ငွေကြေးခဝါချမှုတို့အတွက် ထောင်ဒဏ်နှစ် ၂၀ အထိ၊ မူပိုင်ခွင့်ချိုးဖေါက်မှုတစ်ခုချင်း စီအတွက် ငါးနှစ်စီ၊ မူပိုင်ခွင့်ချိုးဖေါက်မှုတွင် ပူးပေါင်းပါဝင်မှုအတွက် ငါးနှစ် အသီးသီးကျခံရမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်၏ အွန်လိုင်းမူပိုင်ခွင့်ချိုးဖေါက်မှုဥပဒေ (SOPA)၊ တတ်သိပညာထုတ်ကုန်များ မူပိုင်ခွင့်အကာကွယ် ပေးရေး ဥပဒေ (PIPA) တို့ကိုမလိုလားဆန့်ကျင်သူများက Megaupload.com အားပိတ်ပစ်လိုက်ခြင်း အပေါ် မကျေနပ်၍ အမေရိကန်တရားရေးဌန ဝက်ဘ်ဆိုက်နှင့် ကမ္ဘာ့အကြီးဆုံးတေးဂီတကုမ္ပဏီကြီးဖြစ်သော Universal Music ပိုင် ဝက်ဘ်ဆိုက်များအား ဟက်ကာများက တိုက်ခိုက်ခဲ့ကြသည်။

အမေရိကန် ဂီတနှင့် ရုပ်ရှင်လုပ်ငန်းရှင်များက အင်တာနက်မူပိုင်ခွင့်ချိုးဖေါက်ခြင်းနှင့် ခိုးယူခြင်းများကို နှိမ်နင်းရန် အမေရိကန်ကွန်ဂရက်ကို တိုက်တွန်းလျက်ရှိသည်။

သို့သော် Google နှင့် Facebook တို့ကဲ့သို့ အင်တာနက်ကုမ္ပဏီကြီးများက SOPA နှင့် PIPA ဥပဒေများကို ကန့်ကွက် နေကြသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။