Tuesday, January 17, 2012

အင်တာနက်မူပိုင်ခွင့်ဥပဒေပြဋ္ဌာန်းမည့်အပေါ် ဝီကီပီးဒီးယား မကျေနပ်

ဝီကီပီးဒီးယားတည်ထောင်သူ ဂျင်မီဝေးလ်

အင်တာနက်ပေါ်တွင် လွတ်လပ်စွာကူးယူဖေါ်ပြခွင့်များအား နှိမ်နင်းနိုင်ရန်ပြဋ္ဌာန်းမည့် အမေရိကန်အစိုးရ၏ မူပိုင်ခွင့်ချိုးဖေါက်မှုတားဆီးရေးဥပဒေကို ဆန့်ကျင်သောအားဖြင့် ဝီကီပီးဒီးယားဝက်ဘ်ဆိုက် (Wikipedia.org)အား ၂၄ နာရီကြာ ရပ်ဆိုင်းကာ ဆန္ဒပြမည်ဖြစ်ကြောင်း ဝက်ဘ်ဆိုက်တည်ထောင်သူ ဂျင်မီဝေးလ်က ပြောသည်။ အဆိုပါဥပဒေသည် အနာဂတ်အင်တာနက်လွတ်လပ်မှုအား ခြိမ်းခြောက်ခြင်းဖြစ်ကြောင်းလည်း သူကဆိုသည်။ ဝီကီပီးဒီးယားသည် လူကြိုက် များသော ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပြီး ဖတ်ရှုသူများကိုယ်တိုင် ရေးသားတည်းဖြတ်နိုင် သည့် ဝက်ဘ်ဆိုက်ဖြစ်သည်။

မူပိုင်ခွင့်ချိုးဖောက်မှုတားဆီးရေးဥပဒေကို ဆန့်ကျင်ဆန္ဒပြနေကြသည့် လှုပ်ရှားမှုများအား အားပေးသည့်အနေဖြင့် ဝီကီပီးဒီးယားက ပူးပေါင်းပါဝင်ခြင်းဖြစ်ပြီး အရှေ့တိုင်းစံတော်ချိန်ဖြင့် ဗုဒ္ဓဟူးနေ့ ညသန်းခေါင်ယံမှစတင် ပိတ်ထား မည်ဖြစ်သည်။ ထိုအချိန်တွင် အွန်လိုင်းမူပိုင်ခွင့်ချိုးဖေါက်မှုများရပ်တန့်ရေး (SOAP) နှင့်တတ်သိပညာထုတ်ကုန်များ မူပိုင်ခွင့်အကာကွယ်ပေးရေးဥပဒေ (PIPA) တို့နှင့် ပတ်သက်သော အချက်အလက်များကိုသာ တွေ့မြင်ဖတ်ရှုကြရမည်ဖြစ်သည်။
ထို့ပြင် ဥပဒေအားကန့်ကွက်မဲပေးရန်မိမိတို့ဒေသတွင်းရှိလွှတ်တော်အမတ်များကို တိုက်တွန်းကြရမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံရှိ ဝီကီလိအသုံးပြုသူများအား နှိုးဆော်ထားသည့် စာကိုတွေ့ကြရမည်။ အခြားဝက်ဘ်ဆိုက်ငယ်များ ဖြစ်သော Reddit.com နှင့် Cheezeburger တို့လည်း ဥပဒေဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ဦးဆောင်ကဏ္ဍမှ ပါဝင် လျက်ရှိသည်။

“အင်တာနက်လွတ်လပ်မှုအတွက် အန္တရာယ်ရှိတဲ့ ဥပဒေတွေဖြစ်ပါတယ်။” ဟု ဂျင်မီဝေးလ်က အင်တာဗျူး တစ်ခုတွင် ပြောကြားသွားသည်။

ဝက်ဘ်ဆိုက်အား ၂၄ နာရီပိတ်ထားဆန္ဒပြရန် ဝီကီပီးဒီးယားတွင် ရေးသားနေသူများ၊ အယ်ဒီတာများက သဘောတူ ညီခဲ့ကြောင်း သူကဆိုသည်။ comScore မှ ထုတ်ပြန်သော ကိန်းဂဏန်းများအရ ဝီကီပီးဒီးယားအင်္ဂလိပ်ဘာသာ ကဏ္ဍသို့ နေ့စဉ် လူပေါင်း ၂၅ သန်းခန့်တက်ရောက်ဖတ်ရှုကြောင်း သိရသည်။

ဥပဒေများသည် Googles နှင့် Facebook တို့ကဲ့သို့နည်းပညာကုမ္ပဏီများကို တိုက်ခိုက်ထိုးနှက်လိုက်ခြင်းဖြစ်ပြီး ဟောလီးဝုဒ်စတူဒီယိုများနှင့် တေးဂီတနယ်ပယ်များမှ ကုမ္ပဏီများက သူတို့ဖန်တီးထုတ်လုပ်လိုက်သော တတ်သိ ပညာထုတ်ကုန်များအား အင်တာနက်ပေါ်တွင် အကာအကွယ်ရရှိစေရန် ပြဋ္ဌာန်းမည့် ဥပဒေများကို ထောက်ခံကြ လေသည်။

SOPA ဥပဒေကို အောက်လွှတ်တော်တွင် စဉ်းစားသုံးသပ်လျက်ရှိပြီး အမေရိကန်ရုပ်ရှင်များ၊ တေးသီချင်းများ၊ နှင့် အခြား ပစ္စည်းများကို အင်တာနက်ပေါ်တွင် မူပိုင်ခွင့်မဲ့ရောင်းချနေခြင်းများကို နှိမ်နင်းနိုင်ရေးအတွက် ယင်းသို့ရောင်း ချနေသော နိုင်ငံခြားဝက်ဘ်ဆိုက်များအား ပိတ်ပစ်ရန် အင်တာနက်ကုမ္ပဏီများကို ဖိအားပေးမည်ဖြစ်သည်။

ဥပဒေကို ထောက်ခံသူများက အမေရိကန်အခြေစိုက်ဝက်ဘ်ဆိုက်များမှာမူ ဥပဒေကြောင့် ထိခိုက်နစ်နာနိုင်ဖွယ် မရှိကြောင်း ဆိုသည်။

အမေရိကန်အွန်လိုင်းကြော်ငြာကွန်ယက်များကိုလည်း ရပ်တန့်ပစ်ရမည်ဖြစ်ပြီး ရှာဖွေရေးအင်ဂျင်များကိုလည်း မူပိုင်ခွင့်ချိုးဖေါက်လုပ်ကိုင်နေသော ဝက်ဘ်ဆိုက်များနှင့် တိုက်ရိုက်ချိတ်ဆက်ပေးခြင်းမပြုနိုင်ရန် တားမြစ်ပိတ်ပင်မည် ဖြစ်သည်။

ယင်းဥပဒေများသည် အဖြစ်သည်းလွန်းပြီး ရင်းနှီးမြှုပ်နှံမှုများကို ထိခိုက်နိုင်ကြောင်း ဂူးဂဲလ်ကုမ္ပဏီက ထပ်ခါတလဲ လဲပြောဆိုနေသည်။ ဝါရှင်တန်ဥပဒေပြုအမတ်များအနေနှင့် သူတို့ပြဋ္ဌာန်းမည့်ဥပဒေများအားပြန်လည်စဉ်းစားသုံးသပ် ကြရန် Yahoo, Facebook, Twitte, eBay နှင့်အခြားအင်တာနက်ကုမ္ပဏီအများအပြားက သတင်းစာများတွင် ကြေငြာများထည့်သွင်းထားကြသည်။

စနေနေ့က အိမ်ဖြူတော် တာဝန်ရှိသူများက SOPA ဥပဒေကြောင့် အင်တာနက်စီးပွားရေးလုပ်ငန်းများအတွက် ဥပဒေအကာအကွယ်ပေးနိုင်စွမ်းမဲ့သွားမည်ဖြစ်ကြောင်း၊ တရားဝင်ကိစ္စများနှင့် လွတ်လပ်စွာပြောဆို ခွင့်ကို ထိခိုက်နိုင်သည်ဖြစ်ကြောင်း ဆိုသည်။
“ဥပဒေနဲ့ပတ်သက်ပြီး အတိုက်အခံတွေပေါ်လာတဲ့အတွက် ကျွန်တော်တို့ဝမ်းသာပါတယ်။ ပြီးတော့ အိမ်ဖြူတော်ကလည်း သတိထားမိလာပါပြီ။” ဟု ဝေးလ်က ပြောသည်။

အိမ်ဖြူတော်မှ ပြောကြားချက်နှင့် ပတ်သက်ပြီး ဥပဒေပြဋ္ဌာန်းရေးကို ထောက်ခံသူ News Corp အမှုဆောင်ချုပ် ရူးပက်မားဒေါ့ခ်ျက အိုဘားမားအစိုးရကို ဝေဖန်ပြောကြားလိုက်သည်။
“ဒီလိုဆိုတော့ အိုဘားမားတို့ အစိုးရက နည်းပညာလောကမှာ မူပိုင်ခွင့်တွေကို ချိုးဖေါက်အသုံးပြု၊ ခိုးယူအသုံးပြုပြီးတော့ ဆော့ဖ်ဝဲဖန်တီးရှင်၊ မူပိုင်ရှင်တွေကို ဒုက္ခပေးနေတဲ့ အုပ်စုတွေဘက်က ရပ်တည်နေ တယ်ပေါ့။” ဟူ၍ စနေနေ့က သူ့တွစ်တာအကောင့်တွင်ရေးသားဖေါ်ပြခဲ့သည်။

News Corp သည် Fox TV, Wall Street Journal တို့မှစ၍ 20th Century Fox ရုပ်ရှင်ကုမ္ပဏီကြီးများ အထိ ပိုင်ဆိုင်သော ကော်ပိုရေးရှင်းကြီးဖြစ်သည်။

လွတ်လပ်သော သတင်းအချက်အလက်ဖလှယ်မှုအပေါ်တွင် အခြေခံတည်ဆောက်ထားသော ဝီကီပီးဒီးယားကဲ့သို့ ဝက်ဘ်ဆိုက်များ ဖန်တီးနိုင်ရေးမှာ SOPA ဥပဒေကြောင့်အလွန်ခက်ခဲသွားမည်ဖြစ်ကြောင်း ဝေးလ်က ဆိုသည်။
မူပိုင်ခွင့်ဆိုင်ရာအငြင်းပွားမှုများကိုရှောင်ရှားနိုင်ရေးအတွက် အချက်အလက်တစ်ခုကိုဖေါ်ပြမည်ဆိုလျှင် သက်သေ အချက်အလက်အလက်အများအပြားထည့်သွင်းဖေါ်ပြရမည်ဖြစ်သောကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည် ဟု ဝေးလ်က ထောက်ပြပြောဆိုသွားသည်။

“မူပိုင်ခွင့်ရှိတဲ့လူတွေမှာ တရားဝင်ထုတ်နေတဲ့ အချက်အလက်တွေရှိပါတယ်။ ဒါပေမယ့် ဆင်ဆာဖြတ်တောက်မှု မရှိဘဲ ထုတ်လို့ရတဲ့ နည်းလမ်းတွေလည်းရှိပါတယ်။” ဟု ဝေးလ်က ဆိုသည်။

Source: Reuters

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။