Monday, January 2, 2012

ဂျော်ဒန်တွင် အစ္စရေးလ်-ပါလက်စတိုင်းကိုယ်စားလှယ်များတွေ့ဆုံမည်

အစ္စရေးလ်ကျူးကျော်အိမ်ယာများဆောက်လုပ်နေပုံ

အစ္စရေးလ်-ပါလက်စတိုင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများရပ်တန့်နေသည်မှာ တစ်နှစ်ကျော်ကြာပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ဖန်ပြန်လည်ပြုလုပ်ရန် အင်္ဂါနေ့တွင် နှစ်ဘက်စေ့စပ်ညှိနှိုင်းသူများ ဂျော်ဒန် နိုင်ငံ၌တွေ့ဆုံကြမည်ဖြစ်ကြောင်း ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေနေ့ ကပြောကြားခဲ့သည်။
“ကာတာက ကိုယ်စားလှယ်တွေနဲ့ အစ္စရေးလ်၊ ပါလက်စတိုင်း နှစ်ဘက်တာဝန်ရှိသူတွေကို အင်္ဂါနေ့မှာ ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးက လက်ခံတွေ့ဆုံပါလိမ့်မယ်။” ဟု ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မိုဟာမက်ကေးယက် က ပြောသည်။

“ပြီးတော့ ဝန်ကြီးက အစ္စရေးလ်၊ ပါလက်စတိုင်း တာဝန်ရှိသူများကို တစ်ဦးချင်းစီခွဲပြီးတော့ သီးခြားတွေ့ဆုံ ပါဦးမယ်။”

ပါလက်စတိုင်းနှင့် အစ္စရေးလ်ကြားငြိမ်းချမ်းရေးစကားပြောရန်အတွက် အရေးပါသော အခြေခံမူဝါဒများကို ဆွေးနွေး ပြောဖြစ်လိမ့်မည်ဖြစ်ကြောင်း ကေယက်က ပြောသည်။

အမေရိကန်၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂနှင့် ရုရှ စသည့်ကြားဝင်စေ့စပ်ရေး လေးပွင့်ဆိုင်အဖွဲ့မှ ကိုယ်စားလှယ်များ လည်း တက်ရောက် ကြမည်ဖြစ်ကြောင်း သိရသည်။ ပါလက်စတိုင်းကိုယ်စားလှယ်အဖွဲ့တွင် ခေါင်းဆောင်အဖြစ် ဆီးအက်ဘ်အီရီကက်နှင့် အစ္စရေးလ်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အဖြစ် ဝန်ကြီးချုပ် ဘင်ယာမင်နေတန်ယာဟု အားထိပ်တန်းအကူအညီပေးနေသူ ယစ်ဇ်ဟက် မိုလ်ခိုတို့တက်ရောက်ကြမည်ဖြစ်သည်။

၂၀၁၀ စက်တင်ဘာလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများပျက်ပြားသွားပြီးနောက် ယခုအခါ ပထမဆုံးအကြိမ်အဖြစ် ပြန်လည် ပြောဆိုကြခြင်းဖြစ်ကြောင်း ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့၏ စေ့စပ်ညှိနှိုင်းရေးဌာန ပြောခွင့်ရ ဇာဗီယာအဘူအီဒစ်က ပြောသည်။ သို့သော် စေ့စပ်ညှိနှိုင်းသည့် အဆင့်ပြုလုပ်ဦးမည်မဟုတ်သေးကြောင်း လည်း သူက ဆက်လက်ပြောသည်။
“ငြိမ်းချမ်းရေးစကားပြောဖို့အတွက် ကောင်းမွန်တဲ့လိုအပ်ချက်တွေပြည့်စုံအောင် ဖန်တီးနိုင်ဖို့တွေ့ဆုံကြခြင်း ဖြစ်ပါတယ်။ အစ္စရေးလ်ဘက် ကျူးကျော်အိမ်ယာများ ဆောက်လုပ်နေခြင်းတွေ လုံးဝရပ်တန့်ပေးထားဖို့လိုပါတယ်။” ဟု အဘူအီဒစ်က ဆိုသည်။

ယခုတွေ့ဆုံမှုကို လေးပွင့်ဆိုင်အဖွဲ့က ကြိုဆိုလိုက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က
“အပေါင်းလက္ခဏာဆောင်သော ဖြစ်ထွန်းမှု” ဟု သတ်မှတ်ကြောင်း ပြောသည်။
“အခုလို တိုက်ရိုက်တွေ့ဆုံလိုက်ခြင်းအားဖြင့် ကျွန်မတို့ လေးပွင့်ဆိုင်အဖွဲ့က ကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်မှာ ရှေ့ကိုရောက်ဖို့ အကူအညီဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။” ဟုဆို၏။
“သမ္မတအိုဘားမားနဲ့ ကျွန်မအရင်က ပြောခဲ့ဖူးသလိုပဲ အရှည်သဖြင့်တည်တံ့မယ့် ငြိမ်းချမ်းရေးတစ်ရပ် အရေးတကြီးလိုအပ်နေပါတယ်။ ပိုနေမြဲ၊ ကျားနေမြဲ နေနေမယ် ဆိုရင်တော့ မဖြစ်သေးပါဘူး။ နှစ်ဘက်စလုံးက ငြိမ်းချမ်းရေးအတွက် အရှေ့ကို ရဲရဲဝံ့ဝံ့လှမ်းဖို့လိုပါတယ်။” ဟု သူမက တိုက်တွန်းပြောကြားသွားသည်။


“ဒီဆွေးနွေးပွဲဟာ ဂျော်ဒန်ကနေ အစ္စရေးလ်ကို နိုင်ငံတကာဥပဒေတွေနဲ့ အညီလေးစားလိုက်နာဖို့ ဖိအားပေး ပြောဆိုအားထုတ်မှုတွေက နေဖြစ်လာတာပါ။ အထူးသဖြင့် အရှေ့ဘက်ဂျေရုစလင်အပါအဝင် သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းနယ်မြေတွေအပေါ်မှာ အစ္စရေးလ်က တရားမဝင်ကျူးကျော်အိမ်ယာတွေ ဆောက်လုပ်နေတာတွေကို ရပ်တန့်ပေးရမယ့် တာဝန်ရှိပါတယ်။” ဟု အီရီကက်က ကြေငြာချက်တစ်ခုတွင် ထည့်သွင်းဖေါ်ပြခဲ့သည်။

ဆက်လက်၍ အီရီကက်က အစ္စရေးလ်အား ယခုတစ်ကြိမ်ထွက်ပေါ်လာသည့် ငြိမ်းချမ်းရေးအခွင့်အလမ်းကို အမိအရဆုပ်ကိုင်ပြီး အရှေ့ဘက် ဂျေရုစလင်နှင့် အနောက်ဘက်ကမ်းတွင် အိမ်ယာများတည်ဆောက်နေခြင်း ရပ်တန့်ပေးရန် တောင်းဆိုလိုက်သည်။ သို့မှာသာ ၂၀၁၁၊ စက်တင်ဘာ ၂၃ ရက်နေ့ထုတ် လေးပွင့်ဆိုင်အဖွဲ့၏ အဓိပ္ပါယ်ရှိသော၊ ယုံကြည်ထိုက်သော တွေ့ဆုံဆွေးနွေးမှုများဖြစ်ပေါ်စေရေးအတွက် ကောင်းမွန်သော လိုအပ်ချက်များ ဖြည့်ဆည်းပေးရေး အဆိုပြုချက်ကို လိုက်နာရာကျမည်ဟု ဆိုသည်။

ကြေငြာချက်တွင် တစ်လအတွင်း တိုက်ရိုက်တွေ့ဆုံညှိနှိုင်းရေး ပြန်လည်စတင်ရန် တောင်းဆိုထားသည်။ တက်ရောက်ဆွေးနွေးကြမည့် အဖွဲ့များက နယ်စပ်ပြဿနာနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် ညှိနှိုင်းလိုသည့် အချက်များ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် တင်ပြကြရမည်ဖြစ်သည်။ ။ ၂၀၁၂ အကုန်တွင် သဘောတူညီမှုတစ်ခုရရှိ ရမည်ဟု နောက်ဆုံးအချိန်သတ်မှတ်ထားရှိပြီး အလုပ်လုပ်ကြမည်ဖြစ်သည်။

သို့သော် ဇန်နဝါလအတွင်း ချဉ်းနင်းဝင်ရောက်လာသော်လည်း လေးပွင့်ဆိုင်အဖွဲ့မှ မည်သည့်အဆိုပြုချက်မျှထွက် ပေါ်မလာသေးပေ။ အစ္စရေးလ်ဝန်ကြီးချုပ်နေတန်ယာဟု ရုံးမှထွက်ပေါ်လာသော ကြေငြာချက်တွင် “လေးးပွင့်ဆိုင် အဖွဲ့ကြီးရဲ့ အဆိုပြုချက်နဲ့အညီ ဆွေးနွေးပွဲကျင်းပရေးအတွက် ကြိုးစားအားထုတ်ခဲ့တဲ့ ဂျော်ဒန်ဘုရင်ကြီးနှင့် ဂျော်ဒန် နိုင်ငံခြားရေးဝန်ကြီးတို့အား ကျေးဇူးဥပသကာရတင်ရှိပါကြောင်း ” ဖေါ်ပြခဲ့သည်။

အစ္စရေးလ်၏ ကျူးကျော်အိမ်ယာများဆက်လက်ဆောက်လုပ်နေမှုကြောင့် ရပ်တန့်သွားရသော ငြိမ်းချမ်းရေးဆွေးနွေး ပွဲများ ပြန်လည်စတင်ရန် နည်းလမ်းရှာကြံကြမည့် တွေ့ဆုံဆွေးနွေးပွဲသာဖြစ်ပြီး တရားဝင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မဟုတ်သေးပေ။

ယခင်ကတည်းကပင် ပါလက်စတိုင်းတို့က ငြိမ်းချမ်းရေးစာပွဲဝိုင်းတွင် နှစ်ဘက်ပြန်လည်တွေ့ဆုံကြရန် အစ္စရေးလ်ကျူးကျော်အိမ်ယာများ ဆောက်လုပ်မှုအရင်ရပ်ဆိုင်းထားပေးရမည်ဟု တောင်းဆိုခဲ့သော်လည်း အစ္စရေးလ်ဘက်ကမူ ကျူးကျော်အိမ်ယာများဆက်လက်ဆောက်လုပ်ရင်း တိုက်ရိုက်စကားပြောမည်ဖြစ်ကြောင်း ဆိုခဲ့သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ရောက်ရှိရေးမှာ သောင်မတင်ရေမကျဖြစ်နေခဲ့သည်။

အနောက်ဘက်ကမ်းတွင် ၁၀ လကြာ ဆောက်လုပ်ရေးရပ်ဆိုင်းမှုသဘောတူညီချက်တစ်ခု ရရှိခဲ့ဖူးပြီးဖြစ်ကြောင်း၊ ယင်းကာလ သဘောတူညီချက် သက်တမ်းကုန်သွားသည်မှာ ၁၅ လရှိပြီဖြစ်ကြောင်း ၊ နောက်တစ်ခါထပ်မံရပ်ဆိုင်း ပေးရန် မဖြစ်နိုင်တော့ကြောင်း အစ္စရေးလ်က တွင်တွင်ငြင်းဆန်လျက်ရှိသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။