Monday, January 30, 2012

မိသားစုဂုဏ်သိက္ခာအရ သမီးများကို သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲထောင်ချခံရ

ဖခင်ဖြစ်သူ ဆာဖီယာ

မိသားစုသုံးဦးသည် မိမိတို့ မိသားစုဝင်လေးဦးကို ကိုယ်တိုင်သတ်ဖြတ်ခဲ့သည့် လူသတ်မှုတရားခံများပင်ဖြစ်ကြောင်း တရားရုံး ခုံသမာဓိလူကြီးများက တွေ့ရှိခဲ့သည့် အမှုတစ်ခုကနေဒါတွင် ဖြစ်ပွားခဲ့သည်။ သတ်ဖြတ်ခံရသူများသည် အမျိုးသမီး များဖြစ်သည်။

ဆာဖီယာ အသက် ၅၈ နှစ်၊ မယားပြိုင်ဇနီးဖြစ်သူ တူးဘားမိုဟာမက်ယာယာ အသက် ၄၂ နှစ်နှင့် သားဖြစ်သူ ဟာမက် အသက်၂၁ တို့ လူသတ်မှုကျူးလွန်ကြောင်း အွန်တာရီယိုပြည်နယ်၊ ကင်းစတန်တရားရုံးက ဆုံးဖြတ်ခဲ့ပြီး ၂၅ နှစ် အတွင်း လွတ်ငြိမ်းချမ်းသာခွင့်မရှိသော တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချမှတ်ခဲ့သည်။ ယင်းအမှုကို တရားစီရင် ရေးအဖွဲ့က `ဂုဏ်သိက္ခာအရ သတ်ဖြတ်မှု´ဟု အမည်ပေးထားသည်။


သတ်ဖြတ်ခံရသူများမှာ ဆာဖီယာ၏ မယားကြီး နှင့် မယားပြိုင်တူးဘားမိုမက်ယာယာ၏ သမီးသုံးယောက်တို့ဖြစ်သည်။ ယင်းအမှုကို လေးလကြာစစ်ဆေးခဲ့ပြီး မျက်မြင်သက်သေ များစွာက သက်သေခံခဲ့ကြသည်။

တရားသူကြီး ရောဘတ်မာရန်ဂျာက ယင်းလူသတ်မှုသည် သွေးအေးသော၊ အရှက်အကြောက်ကင်းမဲ့သော၊ ဂုဏ်သိက္ခာ အလွဲသုံးစားပြုလုပ်သော လူသတ်မှုဖြစ်ကြောင်း ပြောဆိုခဲ့သည်။

၎င်းတို့သည် အာဖဂန်နစ္စတန်မှ ရွှေ့ပြောင်းဝင်ရောက်လာသူများဖြစ်ကြပြီး ဇအင်နက်ဘ် အသက် ၁၉ နှစ်၊ ဆာဟာ အသက်၁၇ နှစ်၊ ဂီတီ အသက် ၁၃ နှစ် စသည့် သမီးသုံးယောက်နှင့် ဆာဖီယာ၏ မယားကြီး ရိုနာအမ္မာမိုဟာမက် အသက်၅၂ နှစ်တို့ ကိုသတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး အပြစ်မရှိကြောင်း လျှောက်လဲကြသည်။

`ကျွန်တော်တို့ လူသတ်သမားတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ မသတ်ခဲ့ပါဘူး။ ဒါမတရားဘူး။´ ဟု ဆာဖီယာက ဆိုသည်။

`ကျွန်မက လူသတ်သမားမဟုတ်ပါဘူး။ ကျွန်မက သေသွားတဲ့မိန်းကလေးတွေရဲ့ အမေကိုယ်တိုင်ပါ။ ကျွန်မက အမေတစ်ယောက်ပါ။´ ဟု ဆာဖီယာ၏ မယားပြိုင် တူးဘာက ငိုယိုပြောဆိုခဲ့သည်။

သို့သော် တရားသူကြီးမာရန်ဂျာက `ကြိုတင်ကြံစည်ပြီး ရည်ရွယ်ချက်ရှိရှိဖြင့် မိမိတို့မိသားစုဝင်များကို မိမိတို့ကိုယ် တိုင်ပင်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း´ ဆုံးဖြတ်ချက်ချခဲ့သည်။

အဆိုပါအမှုသည် ကနေဒါနိုင်ငံတွင် လူအများစိတ်ဝင်စားသော အမှုဖြစ်ပြီး တရားသူကြီးက ဆုံးဖြတ်ချက်ကို ဖတ်ကြားစဉ်တွင် ရုံးတော်အတွင်းရှိလူများ စိတ်လှုပ်ရှားနေကြကြောင်း အယ်လ်ဂျာဇီယာသတင်းထောက် ဒန်နီယယ်လက်က တရားရုံးအပြင်ဘက်မှ သတင်းပေးပို့ခဲ့သည်။
`တရားသူကြီးက ၂၅ နှစ် လွတ်ငြိမ်းချမ်းသာခွင့်မရှိ ထောင်ဒဏ်တစ်ကျွန်းချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို ဖတ်ကြားအပြီးမှာတော့ သူတို့သားဖြစ်တဲ့ ဟာမက်ဆာဖီယာ ပုံကျသွားပါတော့တယ်။´ ဟု သတင်းပေးပို့ခဲ့သည်။

သေဆုံးသူအမျိုးသမီးများ၏ အလောင်းများကို ကင်းစတန်တူးမြောင်းအတွင်းပြုတ်ကျနေသော ကားတစ်စီးအတွင်းမှ ၂၀၀၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က သူတို့မိသားစုများသည် အွန်တာရီယိုပြည်နယ်၊ နိုင်ယာဂါရာ ရေတံခွန်မှ မွန်ထရီယယ်လ်သို့ အိမ်အပြန်လမ်းတွင် တစ်ညအိပ်ရပ်နားခဲ့သည့် နေရာဖြစ်သည်။

တရားစီရင်ရေးအဖွဲ့က ယင်းအမှုသည် မတော်တဆဖြစ်ပွားခဲ့သယောင်ပြုထားသော ကြိုတင်ကြံစည်သတ်ဖြတ်မှုတစ် ခုဖြစ်ကြောင်း ဆိုသည်။
သတ်ဖြတ်ခံရသည့်ဆယ်ကျော်သက်မိန်းကလေးများသည် အ၀တ်အစားလျှပ်ပေါ်လော်လီခြင်း၊ သမီးရည်းစားချိန်း တွေ့ခြင်း၊ အင်တာနက်ပေါ်တွင် မဖွယ်မရာများပြုမူခြင်းများကြောင့် မိသားစုဂုဏ်သိက္ခာထိခိုက်စေသည်ဟု အမျက် ထွက်ကာ သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း တရားစီရင်ရေးအဖွဲ့က ယူဆသည်။

မယားအများယူခြင်းသည် ကနေဒါတွင် ရာဇ၀တ်မှုတစ်ခုဖြစ်ပြီး ဆာဖီယာသည် ချမ်းသာသောစီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည်။ ပထမ မယားကြီးသည် သားသမီးမအောင်မြင်သောကြောင့် ဒုတိယမယား ယာယာကို လက်ထပ် ခဲ့ခြင်းဖြစ်သည်။ လူသတ်မှုဖြစ်ပွားစဉ်က မယားနှစ်ဦးစလုံးနှင့် အတူတူရှိနေခဲ့ခြင်းဖြစ်သည်။
သူတို့မိသားစုသည် ၁၉၉၂ တွင် အာဖဂန်မှထွက်ခွါလာခဲ့ပြီး ပါကစ္စတန်၊ သြစတြေးလျနှင့် ဒူဘိုင်းတို့တွင် နေထိုင်ခဲ့ ပြီး ၂၀၀၇ ခုနှစ်တွင် ကနေဒါ၌ အခြေချခဲ့သည်။


တရားရုံးသက်သေခံချက်များအရ မိသားစုအတွင်းတင်းကျပ်စွာ ထိန်းချုပ်ထားပြီး ဖခင်ဖြစ်သူ ဆာဖီယာ၏ သဘော တူညီချက်မရှိဘဲ သမီးကြီးနှစ်ယောက် ရည်းစားထားခြင်းနှင့် ပတ်သက်၍သော်လည်းကောင်း၊ အခြားမနာခံမှုများ ကြောင့်သော်လည်းကောင်း သတ်ပစ်မည်ဟု မကြာခဏကြိမ်းမောင်းလေ့ရှိကြောင်းသိရသည်။

တရားစီရင်ရေးအဖွဲ့ ဆာဖီယာမိသားစု၏ `ဂုဏ်သိက္ခာအရ သတ်ဖြတ်မှု´ အစီအစဉ်ကို သက်သေခံနိုင်ရန်အတွက် မိသားစုဖုန်းခေါ်ဆိုမှု အသံသွင်း မှတ်တမ်းဖိုင်များကို ရုံးတော်တွင် သက်သေအဖြစ်တင်ပြခဲ့ကြသည်။

ယင်းတို့အထဲမှ တစ်ခုမှာ ဆာဖီယာနှင့် သေဆုံးသူသူ့သမီးများပြောစကားများဖြစ်ပြီး သမီးများကို ဆာဖီယာက သစ္စာဖောက်များ၊ ပြည့်တန်ဆာမများစသည့်ဖြင့် နစ်နစ်နာနာပြောဆိုခဲ့သည်။

`ဒီထက်ပိုပြီး သစ္စာဖေါက်တာ၊ ဒီထက်ပိုပြီး မိုက်ရိုင်းတာ၊ ဒီထက်ပိုပြီး အပြစ်ကြီးတာ ဘာမှမရှိတော့ဘူး။´ ဟု လည်းဆာဖီယာက ပြောဆိုခဲ့ကြောင်း သိရသည်။
`ငါ ကြိုးစင်ပေါ်တက်ရင် တက်ရပေ့စေ။ ငါ့ဂုဏ်သိက္ခာကို တော့ အထိခိုက်မခံနိုင်ဘူး။´ စသည့်ဖြင့်ပြောကြားခဲ့သည့် စကားများသည် တရားခွင်တွင် အဓိကကျသွားပေတော့သည်။

တရားခံများသည် သေဆုံးသူများအား ရေနှစ်သတ်ခဲ့သည်ဆိုသည့်အချက်ကို ထောက်ပြနိုင်ရန် သေချာသည့် အချက် အလက်မရှိကြောင်း တရားခံရှေ့နေများကဆိုသည်။
သူတို့သည် သမီးအကြီးကားအပျော်တမ်းလျှောက်မောင်းစဉ် မတော်တဆဖြစ်ကာသေဆုံးသွားကြခြင်းသာဖြစ် ကြောင်း တရားခံများက ဆိုသည်။ မိသားစုတစ်ခုလုံး ကင်းစတန်တည်းခိုခန်းတွင် အိပ်စက်နေကြစဉ် ညဥ့်လည်တွင် သမီးကြီး ဇလင်နက်ဘ်က ကားကိုယူသွားပြီး အခြားသူများက လိုက်ပါစီးနင်းသူများဖြစ်ကြောင်း ဆိုသည်။

၂၅ နှစ် လွတ်ငြိမ်းချမ်းသာခွင့်မဲ့ ထောင်ဒဏ်ကို ပြန်လည်လျှောက်လဲသွားမည်ဖြစ်ကြောင်း တရားခံရှေ့နေများက ပြောသည်။


Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။