Tuesday, January 31, 2012

အီဂျစ်ရှိ အမေရိကန် NGO များကို အီဂျစ်အစိုးရ နှိပ်ကွပ်


အမေရိကန်အထောက်အပံ့ဖြင့် လုပ်ကိုင်နေသော အီဂျစ်နိုင်ငံတွင်း NGO များကို အီဂျစ်လက်ရှိအာဏာပိုင်များက နှိပ်ကွပ်လျက်ရှိသောကြောင့် ယင်းအဖွဲ့အစည်းများတွင် အလုပ်လုပ်နေသော အမေရိကန်လူမျိုးများ ကိုင်ရိုရှိ အမေရိကန်သံရုံးတွင် လာရောက်ခိုလှုံကြလျက်ရှိသည်။
`အမေရိကန်လူမျိုးအချို့ ကိုင်ရိုမှာရှိတဲ့အမေရိကန်သံရုံးမှာ လာရောက်နေထိုင်နေကြပြီး အီဂျစ်ကနေ ပြန်လည်ထွက်ခွါဖို့ စောင့်ဆိုင်းနေကြပါတယ်။´ ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ ကိတ်စတားက ပြောသည်။

အမေရိကန်အစိုးရအထောက်အပံ့ခံ NGO များအပါအ၀င် အခြားအမေရိကန် NGO များတွင် အလုပ်လုပ်နေသော အမေရိကန် ၆ ဦးကို စစ်တပ်နောက်ခံအီဂျစ်အစိုးရက ခရီးသွားလာခွင့်များပိတ်ပင်လိုက်သဖြင့် အမေရိကန်သံရုံး ကမိမိတို့နိုင်ငံသားများကို သံတမန်ခိုလှုံခွင့်ပေးလိုက်ရခြင်းဖြစ်သည်။ ယင်းသို့ ခရီးသွားလာခွင့်ပိတ်ပင်ခြင်းခံရသည့် အထဲတွင် အမေရိကန်သယ်ယူပို့ဆောင်ရေးဝန်ကြီး ရေးလာဟွတ်၏ သားဖြစ်သူ လည်းပါဝင်သည်။

အီဂျစ်စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သောဆန္ဒပြမှုများအား အကြမ်းဖက်နှိမ်နင်းဖြိုခွင်းမှုများကို ဝေဖန်ပြောကြားခဲ့ သဖြင့် နိုင်ငံခြားအထောက်အပံ့ခံ NGO ၁၇ ခုကို အီဂျစ်အစိုးရက ဒီဇင်ဘာလအတွင်းက ၀င်ရောက်ရှာဖွေစုံစမ်းစစ် ဆေးမှုများပြုလုပ် ခဲ့သည်။ ဤသို့လုပ်ရပ်ကို အမေရိကန်ဝါရှင်တန်အစိုးရက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး အာဏာရှင်မူဘာရက်ပြီးနောက် အပြောင်းအလဲကာလတစ်ရပ်ကိုဖြတ်သန်းနေသော အီဂျစ်နှင့် အမေရိကန်ဆက်ဆံ ရေးတွင် အဖုအထစ်ဖြစ်လာခဲ့သည်။

`ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စိုးရိမ်ပူပန်မိပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ အမေရိကန်နိုင်ငံသား တွေကိုလည်း ပြန်လည်ထွက်ခွါခွင့် မပေးသေးတဲ့အပေါ် အလွန်စိတ်ပျက်မိပါတယ်။´ ဟု အိမ်ဖြူတော် ပြောခွင့်ရ ဂျေးကာနီက ဆိုသည်။

အမေရိကန်ဥပဒေပြုအမတ်များကလည်း ယင်းကိစ္စအတွက် ဒေါသတကြီးတုံ့ပြန်ကြသည်။ အမေရိကန်၏ အီဂျစ်စစ်တပ်အား ပေးနေသော အကူအညီများကို ပြန်လည်သုံးသပ်ရမည်ဟုလည်း တာဝန်ရှိသူများက သတိပေး ပြောကြားလိုက်သည်။

ခရီးသွားလာခွင့်ပိတ်ပင်ခြင်းခံရသော အမေရိကန်နိုင်ငံသားခြောက်ဦးသည် အမျိုးသားဒီမိုကရက်တစ်အင်စတီကျု (NDI)နှင့် နိုင်ငံတကာရီပတ်ဘလီကန်အင်စတီကျု(IRI) အဖွဲ့များတွင် အလုပ်လုပ်နေသော သူများဖြစ်သည်။ NGO နှစ်ခုစလုံးသည် အမေရိကန်နိုင်ငံရေးပါတီကြီး နှစ်ခုနှင့်ဆက်စပ်ပြီး အမေရိကန်အစိုးရအထောက်အပံ့ပေးထားသော အဖွဲ့များဖြစ် သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းကိစ္စနှင့် ပတ်သက်၍ အသေးစိတ်သတင်းထုတ်ပြန်ခြင်းမပြုသေးပေ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နောက်တစ်ဦးဖြစ်သူ ဗစ်တိုးရီးယားနုလန်းက ယင်းသို့ အမေရိကန်နိုင်ငံသားများကို သံရုံးတွင်လက်ခံထားခြင်းမှာ သီးခြားအခြေအနေတစ်ခုကြောင့်သာဖြစ်ပြီး အန္တရာယ် တစ်စုံတစ်ရာမှ ကာကွယ်ပေးထားရခြင်းမဟုတ်ကြောင်းဆိုသည်။
`တရားဥပဒေနဲ့ မညီတဲ့အလုပ်တွေလုပ်ပြီးတော့ သံရုံးမှာ လာရောက်ရှောင်တိမ်းနေကြတဲ့သဘောမဟုတ်ပါ ဘူး။´
`သံရုံးကိုသူတို့ လာကြတယ်။ သူတို့ကို ဧည့်သည်အနေနဲ့ လက်ခံထားဖို့ သံရုံးက ဆုံးဖြတ်လိုက်တာပါ။´ ဟု ဆိုသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။