Sunday, February 5, 2012

၂၀၁၁ ခုနှစ်တွင် အာဖဂန်အရပ်သားသေဆုံးမှု စံချိန်တင်

ကုလအထူးကိုယ်စားလှယ် ဂျန်ကုဘစ်

၂၀၁၁ ခုနှစ်အတွင်း အာဖဂန်တွင် အရပ်သားသေဆုံးမှု ၃,၀၀၀ ကျော်ရှိခဲ့ပြီး အရပ်သားသေဆုံးမှု အမြင့်ဆုံးနှစ် တစ်နှစ်အဖြစ် ကုလသမဂ္ဂတွက်ချက်ထားသော အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

သေဆုံးသူ အတိအကျ ၃,၀၂၁ ယောက်ရှိပြီး ၂၀၁၀ ခုနှစ်ကထက် ၈ ရာခိုင်နှုန်း မြင့်မားလာကြောင်း အာဖဂန်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ (UNAMA) ၏ စနေနေ့ နှစ်ပတ်လည် အစီရင်ခံစာအရ သိရှိရသည်။ စာရင်းဇယားများအရ ငါးနှစ်ဆက်တိုက် အရပ်သားသေဆုံးမှုဦးရေ မြင့်မားလာခြင်းဖြစ်သည်။

လမ်းဘေးဗုံးပေါက်ကွဲမှုများ၊ အသေခံဗုံးခွဲတိုက်ခိုက်မှုများကြောင့် သေဆုံးသူဦးရေသည် အခြားတိုက်ခိုက်မှုများ ကြောင့် သေဆုံးသူဦးရေထက်များပြားကြောင်း UNAMA ကပြောသည်။
`မြင့်တက်လာတဲ့ သေဆုံးသူဦးရေတွေဟာ အာဖဂန် ကလေးတွေ၊ အရပ်သား၊ အရပ်သူတွေ ဖြစ်ပါတယ်။´ ဟု အာဖဂန်ဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ကုဘစ်က စနေနေ့က ပြောကြားသွားခဲ့သည်။
`စစ်ပွဲကာလရှည်ကြီးအတွင်း အာဖဂန်အရပ်သားတွေ ရဲ့ အသက်တွေ အများကြီးပေးဆပ်လိုက်ရပါတယ်။ ၂၀၁၂ မှာ အရပ်သားတွေ သေကြေပျက်စီးမှု နည်းနိုင်သမျှနည်းအောင် စစ်တိုက်နေတဲ့ အဖွဲ့တွေအနေနဲ့ အကောင်း ဆုံး အားထုတ်သင့်ပါတယ်။´


`အစိုးရဆန့်ကျင်တိုက်ခိုက်ရေးအဖွဲ့တွေက အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့ အတွက် ၂၀၁၁ ခုနှစ်အတွင်း သေဆုံးမှုအရေအတွက် မြင့်မားခဲ့ခြင်းဖြစ်ပါတယ်။´ ဟု UNMA ၏ အစီရင်ခံစာတွင် ထည့်သွင်းဖေါ်ပြထားသည်။
`လက်လုပ်ဗုံး (IDEs) တွေကြောင့် အာဖဂန်ကလေးငယ်တွေ၊ အမျိုးသား၊ အမျိုးသမီးတွေ သေဆုံးမှု အများ ဆုံးဖြစ်ခဲ့ပါတယ်။´
လမ်းဘေးဗုံး၊ နင်းမိုင်းများကြောင့် သေဆုံးသူ ၉၆၇ ဦးရှိခဲ့ကြောင်း ဆိုသည်။

၇၇ ရာခိုင်နှုန်းသော သေဆုံးသူများသည် အစိုးရဆန့်ကျင်ဘက်အဖွဲ့များ၏ လက်ချက်ဖြင့် သေဆုံးခဲ့သူများဖြစ် ကြောင်း ကုလအစီရင်ခံစာက ဖေါ်ပြခဲ့သည် ဟု အယ်ဂျာဇီယာသတင်းထောက် ဂျနီဖာဂလက်ဆီက အာဖဂန်မြို့တော် ကဘူးလ်မှ သတင်းပေးပို့ထားသည်။
`အဓိက ပြဿနာကတော့ IDE တွေဖြစ်ပါတယ်။ IDE တွေကြောင့် သေဆုံးသူဦးရေက အခြားနည်းလမ်းနဲ့ သေဆုံးသူဦးရေတွေထက် အများဆုံးပါပဲ။´
`လူအုပ်ကြားထဲမှာ အသေခံဗုံးခွဲမှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရေအတွက်ကလည်း မြင့်မားလာခဲ့ ပါတယ်။´

အာဖဂန်အစိုးရနှင့် မဟာမိတ် နေတိုးတပ်များအား ဆန့်ကျင်တိုက်ခိုက်သော အဖွဲ့စုံ၏လက်ချက်ဖြင့် သေဆုံးခဲ့ရသူ အရပ်သားဦးရေ ၂,၃၃၂ ဦးရှိခဲ့ပြီး ၂၀၁၀ ခုနှစ်ကထက် ၁၄ ရာခိုင်နှုန်းမြင့်မားလာသည်။
အစိုးရနှင့် မဟာမိတ်တပ်သားများ၏ လက်ချက်ဖြင့်သေဆုံးခဲ့ရသော အရပ်သားဦးရေ ၄၁၀ ယောက်ရှိပြီး ၄ ရာခိုင်နှုန်းကျဆင်းသွားသည်။
နေတိုးလက်ချက်ဖြင့် သေဆုံးခဲ့ရသော အရပ်သားများသည် နေတိုးလေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးပါဝင် သည်။

နေတိုးတပ်များ စစ်ဆင်ရေးများဆင်နွှဲရာတွင် အရပ်သားများအသေအပျောက်မရှိအောင်၊ အထူးသဖြင့် လေကြောင်း စစ်ဆင်ရေးများတွင် သတိထားလုပ်ဆောင်ကြရန် ကုလသမဂ္ဂက တိုက်တွန်းလိုက်သည်။
ညဘက်ဝင်ရောက်စီးနင်းတိုက်ခိုက်မှုများအတွင်း သေဆုံးမှုများမဖြစ်ပွားအောင်လည်း တောင်းဆိုလိုက်လေသည်။

၂၀၀၇ ခုနှစ်မှ စ၍ အာဖဂန်စစ်ပွဲအတွင်း သေဆုံးသူအရပ်သားဦးရေ ၁၁,၈၆၄ ဦးရှိပြီဖြစ်သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။